ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် သောက်သုံးရေမသန့်ရှင်းမှုနှင့် တကိုယ်ရည် သန့်ရှင်းမှု အားနည်း ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ စတင် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ဒုက္ခသည်စခန်းပေါင်း ၅၀ ကျော်ရှိ လူအင်အား သုံးသောင်းကျော်အနက် လူ ၃၀၀ ကျော်တွင် ယင်းရောဂါ လက္ခဏာများ စတင်နေပြီဟု ရခိုင်ပါတီ ဗဟိုကော်မတီဝင် ဦးစံကျော်လှက ပြောသည်။
‘‘ဒီနေ့မှာပဲ ဒုက္ခသည်စခန်း တိုင်းလိုလို ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်နေကြတယ်။ မနေ့ကတော့ လူ ၅၀ လောက်ပဲ ဖြစ်သေးတယ်လို့ ကြားတယ်။ ဒီနေ့တော့ ရောဂါဖြစ်တဲလူတွေ တော်တော်များလာပြီ” ဟု သူက ဆိုသည်။
ဇွန်လ ၁၄ ရက်နေ့က စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်း ၃ ခုမှ လူ ၅၀ ကျော်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ လက္ခဏာများ စတင် တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ဖြစ်သူ ရခိုင်ဒေသမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဦးကျော်ခိုင်က ဧရာဝတီကို ပြောသည်။
‘‘အဓိက သောက်ရေမသန့်လို့ ဖြစ်ရတာ။ အိမ်သာကလည်း အရေးပေါ်ဆိုတော့ မရှိဘူး။ အစားအသောက် ကလည်း မသန့်ကြဘူးလေ။ အဲဒီတော့ ဖြစ်မှာပဲ။ ဗိုင်းရပ်စ် မပြန့်နှံ့အောင် ကျနော်တို့ အသည်းအသန် ကြိုးစားနေတယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါအခြေအနေ ဆိုးရွားလာမှာကို စိုးရိမ်မိတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ စစ်တွေမြို့တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေမှုကြောင့် ဒေါက်တာကျော်ခိုင်နှင့် အဖွဲ့သည် နယ်လှည့် ဆေးကုသခြင်းကို ခေတ္တ နားထားရကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ ရောဂါ ဖြစ်ပွားသည့် လူအရေတွက်နှင့် အခြေအနေကို အတိအကျ မသိရပေ။
ဒုက္ခသည်စခန်း များတွင် မျှတမှု မရှိသည့် စားသောက် နေထိုင်မှုများကြောင့်လည်းကောင်း၊ မိုးတွင်းကာလ စွတ်စိုမှုကြောင့် ရေမြောင်းများ ရေစီးရေလာ မကောင်းခြင်းကြောင့် လည်ကောင်း၊ ဆေးဝါးများ အလုံအလောက် မရရှိခြင်းကြောင့် လည်းကောင်း ဝမ်းပျက်ဝမ်းလျှောရောဂါ အချိန်တိုအတွင်း ပြန့်နှံ့ ဖြစ်ပွားရကြောင်း ဒေါက်တာကျော်ခိုင်က ရှင်းပြသည်။
ဝမ်းပျက် ဝမ်းလျှော ရောဂါဖြစ်ပွားသည့် အထဲတွင် ကလေးလူငယ်များနှင့် အမျိုးသမီးများ အများဆုံး ပါဝင်ကြောင်း သိရသည်။
ရခိုင်ဒေသရှိ ဆရာဝန်အဖွဲ့ ၄ ဖွဲ့တို့မှ ရောဂါဖြစ်ပွားသည့် နေရာဒေသများသို့ ကွင်းဆင်း ကုသလျှက်ရှိရာ
ယင်းဆရာဝန်များက ဝမ်းပျက်ဝမ်းလျှော ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရန်အတွက် လက်ဆေးဆပ်ပြာများ ဝေငှခြင်း၊ အိမ်သာများကို သန့်ရှင်းစေရန် ဆောင်ရွက်စေခြင်း၊ ရေများကို ကြိုချက် သောက်သုံးရန် ပညာပေးခြင်း တို့ကို ဆောင်ရွက်နေကြသည်။
‘‘မဖြစ်ခင်တားနိုင်တာ အကောင်းဆုံးပဲ။ မတားနိုင်ဘူး ဆိုရင်တော့ ဘာမှကို လုပ်လို့ရတော့မှာ မဟုတ်ဘူး။ ဒီ ရောဂါက အချိန်မီ မတားနိုင်ရင် ဒုက္ခရောက်သွားနိုင်တယ်” ဟု ဒေါက်တာ ကျော်ခိုင်က ဆိုသည်။