သတင်း

မသီတာထွေး အမှု အပြီးသတ်ကြားနာ

This article has been converted from Zawgyi One to Unicode

အခင်းဖြစ်ပွားသည့် ရမ်းဗြဲမြို့နယ်အတွင်းရှိ ရွာတရွာ မြင်ကွင်း (ဓာတ်ပုံ - နိရဉ္စရာ)

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေး အသတ်ခံခဲ့ရသည့် အမှုအား ယနေ့ ကျောက်ဖြူ ခရိုင် တရားရုံး၌ အပြီးသတ်ကြားနာ စစ်ဆေးကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအဖြစ် တရားစွဲဆိုခံထားရသည့် ၃ ဦးအနက် ရော်ဖိနှင့်လူယု တို့နှစ်ဦးနှင့် မသီတာထွေး၏ မိသားစုဝင်များ အပါအဝင် သက်သေ၂၁ ဦး က ထွက်ဆို ခဲ့ကြသည်ဟု ကျောက်ဖြူ မြို့ခံ ရှေ့နေကြီး ဦးဘရှိန် က ပြောပြသည်။

“တရားလိုဘက်က သက်သေတွေက ထွက်ဆိုပြီးတဲ့ အပြင် တရားခံ ၂ ဦးကိုပါ စစ်ဆေးပြီးပါပြီ၊ ဒီတော့ ကြားနာမှုတွေကို
နှစ်ဘက် အပြန်အလှန် လျှောက်လဲချက်ပေးပြီးရင် စီရင်ချက် ချမှာပါ”ဟု ရှေ့နေကြီး ဦးဘရှိန် က ပြောသည်။

အမှုကို ခရိုင်တရားသူကြီး ဒေါ်ဌေးဌေးကြည် ဦးဆောင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စီရင်ချက်ချမည့်ရက်ကိုမှု အတိအကျမသိရ သေး ပေ။

မေလ ၂၈ ရက်နေ့ ညနေပိုင်း က ကျောက်နီမော်ရှိ စက်ချုပ်သင်တန်းမှ သပြေချောင်ကျေးရွာသို့ ပြန်လာသော အသက်၂၆ နှစ် အရွယ် မသီတာထွေးအား ရော်ဖိ၊ လူယု နှင့် ရှောင်ရှှုး(ခ) ထက်ထက်(ခ) ဖြိုးဇေယျာကျော်တို့ ၃ ဦးက အဓမ္မပြုကျင့်သတ်ဖြတ် ပြီး ရွှေထည်ပစ္စည်း လုယူခြင်း ကျူးလွန်သည့် အမှုများဖြင့် တရား ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

ထို ၃ ဦး အား အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ လူသတ်မှု ပုဒ်မ ၃၀၂၊ ပစ္စည်း လုယူမှု ပုဒ်မ ၃၉၂ တို့ဖြင့် တရားစွဲဆို၍ ဇွန်လ ၈ ရက် နေ့က စတင် စစ်ဆေးနေခြင်း ဖြစ်သည်။

တရားစွဲခံထားရသည့် ၃ ဦးထဲမှ ရှောင်ရှှုး (ခ) ထက်ထက်(ခ) ဖြိုးဇေယျာကျော် သည် အကျဉ်းထောင်တွင်း၌ ဇွန်လ ၉ ရက်နေ့ ညနေတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ဇွန်လ ၁၁ ရက်ထုတ် အစိုးရ သတင်းစာများက ဖော်ပြခဲ့သည်။

ရှေ့နေကြီး ဦးဘရှိန်က ဆက်လက်၍“တရားခံ၂ ဦးစလုံးက မုဒိမ်းမှုကို ဝန်ခံတယ်၊ ကျန်တဲ့၂ မှုကို ငြင်းတယ်၊ ဒီငြင်းတဲ့ အကြောင်း ကို တရားခံ ဘက်က လျှောက်လဲချက် ပေးမယ်။ တရားလို ဘက်ကလည်းပဲ တရားခံ ၃ ဦး စလုံးဟာ ပြစ်မှုအားလုံးကို တဆက်တည်း ကျူးလွန်တယ်ဆိုပြီး ထွက်ဆိုထားတာတွေကို လျှောက်လဲချက် ပေးကြမယ်၊ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ တရားသူကြီး က ဆုံးဖြတ်ချက် ပေးမယ်၊ ဥပဒေကြောင်း လုပ်ထုံး အရပေါ့”ဟု ရှင်းပြသည်။

ပြစ်မှုကျူးလွန်သူများဘက်ကမူ ခုခံချေပရန် ရှေ့နေ မငှားလိုဟု လျှောက်ထားခဲ့၍ မျှတစေရန် အတွက် တရားရုံး လုပ်ထုံး လုပ်နည်း အရ အစိုးရ ရှေ့နေ က ဦးဆောင်၍ ကြားနာ စစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း ဇွန်လ ၉ ရက်နေ့ထုတ် အစိုးရ သတင်းစာများ ကဆိုသည်။

အမှုနှင့်ပတ်သက်ပြီး ကြားနာစစ်ဆေးမှု ကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ မသီတာထွေး၏ မိဘ ဆွေမျိုးများနှင့် ဒေသခံ ပြည် သူ တချို့ လာရောက် နားထောင် ခွင့်ရကြောင်း သိရသည်။

မသီတာထွေးအား သတ်ဖြတ်ခဲ့မှုနှင့်ဆက်စပ်၍ ဇွန်လ ၃ ရက် က တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံခဲ့ရသည်။ ထို့နောက် မောင်တော၊ စစ်တွေ စသည့်မြို့များတွင် အကြမ်းဖက် သတ်ဖြတ်မှု၊ မီးရှှို့မှုများလည်း ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

ထိုအဓိဂရုဏ်းများကြောင့် ဇွန်လ ၈ ရက်နေ့က ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့ အထိ အဓိဂရုဏ်းများကြောင့် လူ ၂၉ ဦးသေဆုံးခဲ့ပြီး လူနေအိမ် ၂၅၂၈ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်း ၁၆ ကျောင်း၊ ဗလီ ၇ လုံး မီးလောင် ဆုံးရှှုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရက ယမန်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်ခဲ့သည်။

နေအိမ်များ မီးလောင်ခြင်း ခံရသည့်အတွက် မောင်တောနှင့် စစ်တွေ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံ စသည့် ဒုက္ခသည် စခန်း ၃၅ ခု၌ ဒုက္ခသည် ဦးရေ ၃၀၀၀၀ ကျော် ရှိကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရက ဆိုသည်။

Loading