သတင်း

ဖားကန့်တွင် မိုးကြီး၍ မြေပြို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တပတ်ခန့် မိုးဆက်တိုက်ရွာပြီးနောက် ကျောက်စိမ်းတွင်း တူးဖေါ်ရာမှ ထွက်ရှိသော မြေစာပုံများ ပြိုကျသဖြင့် နေအိမ်တချို့ မြေပိသွားခြင်း၊ ရေထဲမျောပါသွားခြင်းများရှိကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြေတွင် တပတ်ခန့်အကြာ မိုးဆက်တိုက်ရွာခဲ့ပြီး ယခုလ ၁၁ ရက်နေ့က ကျောက်စိမ်းတွင်း တူးဖော်ရေး လုပ်ကွက်များ အနီးရှိ မော်မောင်းလယန် ကျေးရွာမှ အိမ်ခြေ ၇ လုံး မြေစာပုံများ၏ အောက်တွင် ပိသွားသကဲ့သို့ ဗလခ ကျေးရွာတွင်လည်း နေအိမ် ၁၂ လုံး ရေထဲမျောပါ ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်များကြောင့် လူအသေအပျောက် မရှိသော်လည်း အိမ်နှင့် အိမ်တွင်းပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်များ သယ်ဆောင်ချိန် မရလိုက်၍ ဆုံးရှုံးခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

“မြေစာပုံတွေက တောင်ကြီးတွေလိုဖြစ်နေတာ၊ မိုးက ဆက်တိုက်ရွာတော့ ပြိုကျပြီး အောက်မှာရှိတဲ့ ရွာထဲက အိမ်တွေပေါ် ပိကျကုန်တာ။ လူတွေက အချိန်မီရွှေ့လိုက်နိုင်ပေမယ့် အိမ်နဲ့ ပရိဘောဂ ပစ္စည်းတွေတော့ ယူချိန်မရလိုက်ဘူးပေါ့ဗျာ” ဟု မြို့ပေါ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးအဖွဲ့မှူး ဦးခင်မောင်ချင်းက ဧရာဝတီသို့ ပြောသည်။

ဗလခ ကျေးရွာရှိ အိမ် ၁၂ လုံးမှာလည်း ရေတိုက်စားမှုကြောင့် မျောပါပျက်စီးခဲ့ပြီး ဖားကန့်မြို့သို့ အဓိက ဆက်သွယ် ထားသော ဆိပ်မူ တံတားလည်း ရေကြီးမှုကြောင့် ကျိုးပျက်သွားကြောင်း သိရသည်။

ကျောက်တွင်း မြေစာများ မျောပါနေမှုကြောင့် နုန်းမြေများတက်လာသဖြင့် ချောင်းနှင့် မြောင်းတချို့ပိတ်ဆို့ကာ ရေကြီး၊ ရေလျှံမှု ဖြစ်နေကြောင်း၊   ဒေသခံများမှာ သွားလာရန် အခက်အခဲ ကြုံတွေ့ နေရကြောင်း၊ ဖားကန့် NLD ရုံးတဝိုက်တွင်လည်း ရေ ၄ ပေခန့် နစ်မြုပ်လျက် ရှိကြောင်းသိရသည်။

ယင်းသို့ ရေကြီးမှုကြောင့် လမ်းပန်း ဆက်သွယ်မှုနှင့် ကုန်စည်ကူးသန်းမှု ပျက်တောက်မှုများမရှိသေးကြောင်းနှင့် မိုးဆက်တိုက် ရွာသွန်းနေမည်ဆိုပါက ဥတုချောင်း ရေလျှံမှုကြောင့် မြို့တွင်း ရပ်ကွက် အများစုမှာ ရေဘေးဒဏ်ခံရဖွယ်ရှိသည်ဟု ဖားကန့် သားတွေက ခန့်မှန်းပြောဆိုနေကြသည်။

“ဒီကရွာ တော်တော်များများက ရွာဘေးမှာ ကျောက်ကျင်းတွေရှိတာကိုး၊ စက်ယန္တယားတွေနဲ့ တူးပြီးပုံထားတဲ့ မြေဇာတွေက တော်တော်များများ ရှိကြတယ်လေ။ မိုးက နောက်ထပ် ဆက်တိုက်ရွာနေမယ်ဆိုရင်တော့ ထပ်ပြိုမယ့် အလားအလာရှိတယ်။ ဒီနေ့အထိ ဆက်တိုက်ရွာနေတုန်းပဲ” ဟု ဖားကန့်မြို့နယ်အတွင်းရှိ ကုဋေမှော် ရွာသားတဦးက ဧရာဝတီသို့ ပြောသည်။

ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတွင်း တူဖေါ်ရေးလုပ်ငန်းများကို ယခင်လပိုင်း ကတည်းကပင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားချက်ဖြင့် ရပ်ဆိုင်းထားသည်။

ဖားကန့်ဒေသတွင် နှစ်စဉ်ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ ကလည်း မိုးသည်းထန်စွာ ရွာသွန်းရာမှ ဥရုချောင်းရေလျှံကာ မြေပြိုမှု ဖြစ်ပွားသောကြောင့် လူ ၂၀ ကျော် သေဆုံးပြီး လူအများအပြား ပျောက်ဆုံးမှုဖြစ်ခဲ့ကြောင်း ဒေသအာဏာပိုင်များက ထုတ်ပြန်ခဲ့ဖူးသည်။ ၂၀၀၈ ခုနှစ်ပိုင်းကလည်း မိုးကြီးမှုကြောင့် လူ ၁၀ ဦးကျော် သေဆုံးခဲ့သည်။

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှ သီတာရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်တို့ အပါအဝင် မြေနိမ့်ပိုင်း ရပ်ကွက်တချို့တွင် ယခုလ ၁၀ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေထု ၄ ပေခန့် နစ်မြုပ်နေကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။

“မိုးကတော့ ခုလည်းရွာနေတုန်းပဲဗျ။ တချို့ရပ်ကွက်တွေမှာဆို မြို့ထဲကားလမ်း ပလက်ဖောင်းတွေတောင် မြုပ်တယ်” ဟု မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှ ရဲအရာရှိတဦး က ဧရာဝတီသို့ ပြောသည်။

မြစ်ကြီးနားမြို့ခံ တဦးကလည်း “မိုးနေ့တိုင်းရွာနေတော့ အလုပ်လုပ်လို့မရဘူး။ မြို့သစ်ကြီးရပ်ကွက်က တချို့အိမ်တွေမှာဆို ရေက ခါးလယ်လောက်ရှိတယ်။ သူက လယ်ကွင်းတွေကို မြို့သစ်တည်ထားတာဆိုတော့ အနိမ့်ပိုင်းကျပြီး ပိုမြုပ်တာပေါ့။ သီတာရပ်ကွက်မှာတော့ တနေ့က စပြီး အစိုးရမူကြိုကျောင်းတောင် ပိတ်ထားလိုက်ရတယ်၊ ရေကြီးလို့” ဟု သူက ပြောသည်။

ယခုလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် မိုးရေချိန် ၉. ၆၅ လက္မ အထိ ရွာသွန်းကြောင်း၊ ရာသီဥတုဆိုင်ရာ သတင်းများကို ထုတ်ပြန်ပေးနေသော မိုးဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်၏ Myanmar Climate Change Watch (MCCW) အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

တပတ်ခန့်အကြာ မိုးဆက်တိုက်ရွာသွန်းမှုဖြစ်နေချိန်တွင် ကချင်ပြည်နယ် တောတောင်များအတွင်း အစိုးရတပ်များနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIO) တို့အကြား တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေသော တိုက်ပွဲများ လျော့ကျသွားကြောင်း စုံစမ်းသိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading