သတင်း

အော်စလိုရောက် ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပရောက် မြန်မာများ သောင်းသောင်းဖြဖြ ကြို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယမန်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူတည်းခိုမယ့် Grand Hotel ရှေ့မှာ နော်ဝေနိုင်ငံ အပါအဝင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဥရောပနိုင်ငံများက ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသား တွေဟာ ဓာတ်ပုံတွေ၊ အလံတွေ ဝှေ့ရမ်းပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ပါတယ်။

မူလသတ်မှတ်ထားတဲ့ အချိန်ထက် ၁ နာရီနောက်ကျပြီး ညနေ ၆ နာရီကျော်မှ ဟိုတယ်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရိုးရာဝတ်စုံတွေဝတ်၊ ခွပ်ဒေါင်းအလံတွေ၊ NLD အလံတွေ ထောင်ပြီးမနက် ၁၀ နာရီကတည်းက ဇွဲကောင်းကောင်းနဲ့ စောင့်မျှော်ကြိုဆိုခဲ့တာပါ။

“ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၈၈ တုန်းက တကြိမ်ပဲတွေ့ဖူးတယ်။ ၂၄ နှစ်လောက် ခွဲခဲ့ရတဲ့ အမေတယောက်ကို ပြန်တွေ့ရမှာမို့ တွေးပြီးတော့ကို ပျော်နေတယ်။ ကြိုဖို့ နေရာမရမှာစိုးလို့ မနက် ၉ နာရီကတည်းက ရောက်နေတာ” လို့ ပင်နီတိုက်ပုံနဲ့ ကချင်ပုဆိုးဝတ်ထားတဲ့ ကိုမြင့်ဝေက ပြောပါတယ်။ သူက ဒိန်းမတ်နိုင်ငံကနေ ၃ ရက်လောက်စောပြီး ကြိုရောက်နေတာပါ။

မွန်၊ ကချင်၊ ကရင်၊ ချင်းတိုင်းရင်းသား မိသားစုတွေလည်း သားသမီးငယ်တွေပါမကျန် ရိုးရာဝတ်စုံတွေ ဆင်မြန်းပြီး စောင့်ကြိုကြသလို အိုးစည်ဒိုးပတ်တွေ တီးပြီး ကခုန်ကြိုဆို သူတွေကလည်း စောင့်မျှော် ကြိုဆိုသူတွေအတွက် မငြီးငွေ့အောင် ဖန်တီးပေးသလို ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပို့စကတ်တွေနဲ့ အလံတွေ၊ စတစ်ကာတွေ ရောင်းပြီး ပြည်တွင်းကို ထောက်ပံ့ဖို့ ရန်ပုံငွေရှာကြတာလည်း ရှိပါတယ်။

လုံခြုံရေးရဲများနဲ့ ရဲမေတချို့အပြင် မြင်းစီးရဲမေတချို့လည်း ဟိုတယ်ရှေ့မှာ စောင့်ကြပ်ခဲ့ကြပါတယ်။

ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ တိုင်းရင်းသားကလေးငယ်တွေဟာ ပန်းခြင်းလေးတွေ ကိုယ်စီနဲ့ ဟိုတယ်အဝင်၀ ဆင်ဝင်အောက် တဘက်တချက်မှာ တန်းစီပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပန်းခြင်းကိုယ်စီကမ်းဖို့ စောင့်နေကြပါတယ်။

နော်ဝေနိုင်ငံရဲ့ ထုံးစံအတိုင်း နွေဆိုပေမယ့် ပြိုတော့မလို မိုးသားတွေနဲ့ အုံ့မှိုင်းနေလို့ ဒေါ်အောင်ဆန်းစုကြည် လာမယ့်အချိန် မိုးဖျက်မှာကို အားလုံးက စိုးရိမ်စိုးရိမ်နေပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရောက်ခါနီး ညနေ ၆ နာရီကျော်မှာ နေရောင် ထွက်လာပါတယ်။

“အမေစု ကျန်းမာပါစေ၊ အမေစု ကျန်းမာပါစေ” ဆိုတဲ့ အတိုင်အဖောက်တွေနဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်တွေရဲ့ အသံတွေဟာ ဟိုတယ်မျက်စောင်းထိုးက ပါလီမန် အဆောက်အအုံကနေ ပဲ့တင်ခတ်ပြီး ဟိန်းထွက်နေပါတယ်။

နေ့လည် ၂ နာရီကတည်းက ဟိုတယ်ကို ကြိုတင်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်လည်း ဟိုတယ်အဝင်ဝကနေ မိခင်ကို စောင့်ကြိုခဲ့ပါတယ်။

ရာနဲ့ချီတဲ့ မြန်မာတွေအပြင် နော်ဝေလူမျိုးနဲ့ တခြားနိုင်ငံသား အများအပြားလည်း NLD အလံငယ်တွေ ဝှေ့ရမ်းဟစ်အော်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ပါတယ်။

ဟိုတယ်အဝမှာ ကားဆိုက်တော့ လုံခြုံရေးရဲတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဟိုတယ်အတွင်း ခေါ်ဆောင်ရာကို ငြင်းဆန်ပြီး လမ်းတဘက်က တန်းစီကြိုဆိုနေတဲ့ မြန်မာတွေကို သွားရောက် လက်ဆွဲနှုတ်ဆက်ပါတယ်။ တိုင်းရင်းသား ကလေးငယ်တွေဆီက ပန်းခြင်းများအားလုံးကို လက်ခံခဲ့သလို အော်ဟစ်နှုတ်ဆက်ကြတဲ့ မြန်မာတွေအားလုံးကို ၅ မိနစ်ကြာ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီးနောက် ဟိုယ်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။

ဒါပေမယ့် ကြိုဆိုတဲ့ ပရိသတ်အများအပြား ပြန်မသွားသေးဘဲ ညနေ ၆ နာရီခွဲ နော်ဝေး၀န်ကြီးချုပ်ရုံးမှာ သတင်းစာရှင်းပွဲသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်စောင့်မျှော် နှုတ်ဆက်ကြပါတယ်။

“ကျမတို့က အခုမှ အမေစုကို မြင်ဖူးတာ။ ၅ နာရီကျော်လောက် မတ်တပ်ရပ်စောင့်နေတာ။ အမေစု ကိုမြင်ရတာနဲ့ ညောင်းတာတွေ ပျောက်သွားတယ်။ စောင့်ရကြိုးနပ်တယ်။ သိပ်ပြီးပျော်တယ်။ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင်ကျတယ်” လို့ အသက် ၁၅ နှစ် အရွယ် ကရင်တိုင်းရင်းသူ တယောက်က ပြောပါတယ်။

“မြန်မာပြည် မပြန်နိုင်တာ အနှစ် ၂၀ ကျော်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဆွဲနှုတ်ဆက်ရလို့ အနှစ် ၂၀ လောက် စိတ်အားတက်သလို ခံစားရတယ်” လို့ ABSDF ကျောင်းသား ရဲဘော်ဟောင်း တယောက်က ပြောပါတယ်။

ဒီကနေ့ စနေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံမှာဖြစ်သလို ညနေပိုင်းမှာ မြန်မာနိုင်ငံသားများနဲ့ သီးခြားတွေ့ဆုံမယ့် အစီအစဉ်လည်း ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading