တပ်မတော်အနေဖြင့် အာဏာကို အလွန်အကျွံ ကျင့်သုံးခဲ့ခြင်းများကြောင့် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုသည် ထင်သာမြင်သာ မဖြစ်သေးကြောင်း နှစ်ပေါင်း ၂၀ ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ် ဥရောပ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်သည်။
“ကျမတို့ နောက်ဆုံးရလဒ် လမ်းဆုံးကို ရောက်နေတာမဟုတ်ဘူး (ပွဲပြီးသွားတာ မဟုတ်ဘူး)။ ဒီသဘော မသက်ရောက်သေးဘူး။ ကျမတို့ အခုမှ လမ်းပေါ် စရောက်တာ” ဟု ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နော်ဝေ ဝန်ကြီးချုပ် Jens Stoltenberg နှင့် ပြုလုပ်သော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ ပြောကြားသည်။
စစ်တပ်ကို ဂုဏ်သိက္ခာကျစေရန် ရည်ရွယ်ချက်ဖြင့် ပြောဆိုနေခြင်းဖြစ်သည်ဟူသည့် ဝေဖန်ပြောကြားမှုများကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်သည်။
၁၉၉၁ ခုနှစ်အတွက် နိုဗဲလ် ငြိမ်းချမ်းရေးဆုလက်ခံရန် နော်ဝေနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က “ကျမဟာ စစ်တပ် ဆန့်ကျင်ရေးလုပ်ဖို့ ဘယ်တုန်းကမှ မတွေးဘူး။ ကျမ အမြဲပြောလေ့ရှိပါတယ်။ ကျမက တပ်မတော်ကို ဂုဏ်သိက္ခာရှိပြီး တကယ့် အဆင့်အတန်း အရည်အသွေးပြည့်ဝတဲ့ တပ်မတော်၊ ပြည်သူက လေးစားတဲ့ တပ်မတော်ပဲ ဖြစ်စေချင်တာ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “ တပ်မတော်နဲ့ ဒီမိုကရေစီဖြစ်စဉ်မှာ အန္တရာယ်ဖြစ်တဲ့ အရာတွေကိုပဲ ကျမ တွန်းလှန် တိုက်ပွဲဝင်တယ်။ ဒီမိုကရေစီဖြစ်စဉ်မှာ တပ်မတော်အနေနဲ့လည်း အဟန့်အတားလိုမျိုး မဖြစ်သင့်ဘူး” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ အောင်နိုင်ခဲ့ပြီး ပါတီ၏ မဟာဗျူဟာအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့ကို ဖော်ဆောင်သွားမည်ဟု ချမှတ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်က တချိန်ချိန်တွင် လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ လျှော့ချရေးကိုလည်း မကြာသေးမီက ပြောဆိုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ တပ်မတော်၊ အာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များနှင့် ချဉ်းကပ် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နာမ်ဗီယားကို တယ်လီဖုန်းမှတဆင့် ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မြန်မာနိုင်ငံ လွှတ်တော်များတွင် ရွေးချယ်တင်မြှောက်စရာမလိုဘဲ ကာကွယ်ရေး ဦးစီးချုပ်၏ အမည်စာရင်း တင်သွင်းမှုဖြင့် တပ်မတော်သား ကိုယ်စားလှယ်များသည် ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ရှိသည့်အပြင် တိုင်းပြည်တွင် အရေးပေါ် အခြေအနေတရပ် ပေါ်ထွန်းလာပါက တပ်မတော်မှ နိုင်ငံတော် အာဏာကို သိမ်းပိုင်ခွင့် ရှိနေသည်။
မကြာသေးမီတွင် စင်ကာပူနိုင်ငံ၌ ကျင်းပသော Shangri-La Dialogue ၌ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက အဆင်ပြေသည့်အချိန်တခုတွင် တပ်မတော်သည် နိုင်ငံရေးတွင်ပါဝင်နေသော အခန်းကဏ္ဍကို လျှော့ချ သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။