နိုဗဲလ်ဆုဟာ သူ့နှလုံးသားကို ဆွဲဖွင့်တဲ့ တံခါးပါလို့ ဒီကနေ့ နိုဗဲလ်ဆု လက်ခံတဲ့ အခမ်းအနားမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
မြန်မာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ရှိသေးကြောင်း၊ အခု ဒီနေရာကနေ သူပြောရခြင်းဟာလည်း သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ရတာကြောင့်ဖြစ်ကြောင်း၊ အခုလို သူ့ကို မြင်နေကြားနေရခြင်းဟာ အကျဉ်းကျခံ အများအတွက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သွားပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ အတွင်းအင်အားစုတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ မီဒီယာ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေး အသိုင်းအဝိုင်းတို့ ပူးပေါင်းပါဝင်မှာ ရေရှည် ထိန်းမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆို နားလည်ချက်၊ နေအိပ်အကျယ်ချုပ်ကျစဉ်ကာလနဲ့ ဘာသာတရားအရ ဒုက္ခအပေါ် ရှုမြင်ချက်တွေကိုလည်း ဖွင့်ဆို ပြောကြားသွားပါတယ်။
ယခုဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအပြင်၊ ထိုင်းနိုင်ငံကို ရောက်ရှိစဉ် တွေ့ကြုံရတဲ့ ရွှေ့ပြောင်း အလုပ်သမားများ၊ ဒုက္ခသည်များကိစ္စကို အိမ်ရှင် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းပြီး ဆက်လက် ကူညီဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မမေ့မလျော့ ပြောကြားသွားပါတယ်။