အစိုးရက ကျပ် တသောင်း တန် ထုတ်ဝေမှုကြောင့် ရွှေ ဈေးနှုန်းကစားခြင်းများ မပြုလုပ်ရန် ရွှေလုပ်ငန်းရှင်များကို ဖိအားပေးလျက် ရှိကြောင်း သိရသည်။
အာဏာပိုင်များနှင့် ဖွဲ့စည်းထားသော ကုန်ဈေးနှုန်း ထိန်းသိမ်းရေးကော်မတီက ယင်းသို့ဖိအားပေးလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များ အသင်းမှ ဗဟို အလုပ်အမှုဆောင် ရွှေ လုပ်ငန်းရှင် တဦးက ပြောသည်။
“အဓိက ရွှေဈေးကို မကစားဖို့ ရွှေအသင်းက တာဝန်ရှိသူတွေကို အာဏာပိုင်တွေက ခေါ်ပြီးတော့ ပြောတယ်။ ဈေးကွက် စီးပွားရေး စနစ်မှာ အခုလို ခေါ်ပြီး ဖိအားပေးပြောဆိုတာက လက်ခံနိုင်စရာမရှိဘူး။ တကယ်တော့ ဈေးနှုန်းဆိုတာက ရောင်းလိုအားနဲ့ ဝယ်လို အားအခြေအနေပေါ် မူတည်ပြီး ဖြစ်တာပါ။ ဆွဲတင်လို့မရသလို ဆွဲချလို့လည်း မရဘူး။ ဒါကိုခေါ်ပြီး ဈေးမတင်ဖို့ ဖိအားပေးတယ် ဆိုတာက ကုန်သည်တွေအနေနဲ့ ဘယ်လိုမှ စဉ်းစားလို့မရဘူး”ဟု ရန်ကုန် တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ လုပ်ငန်းရှင် တဦးက ဆိုသည်။
ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ငွေလဲလှယ်နှုန်းထားပေါ် အဓိက မူတည်ကြောင်း၊ ကမ္ဘာ့ရွှေဈေး တက်လျှင် ပြည် တွင်း ရွှေဈေးတက်နိုင်သကဲ့သို့ ငွေလဲနှုန်းထားတွင် မြန်မာငွေတန်ဖိုး နိမ့်ကျလျှင်လည်း ရွှေဈေးတက်ကြောင်း၊ အစိုးရသည် ငွေလဲ နှုန်းထားတွင် အမေရိကန် ဒေါ်လာ တန်ဖိုးမြင့်မားရန် လုပ်ဆောင်ပြီး အခြားတဖက်တွင် ရွှေဈေးနှုန်းမတက်စေရန် ဖိအားပေးခြင်း ဖြစ် ကြောင်းလည်း ရွှေကုန်သည်များက ဆိုသည်။
“အစိုးရ ဝန်ကြီးတွေကိုယ်တိုင် တဒေါ်လာကို ကျပ် ၁၀၀၀ လောက် ရောက်ချင်တယ်နဲ့ ခဏခဏ အစည်းအဝေးတိုင်းမှာ ထုတ်ပြော တယ်။ ပြီးတော့ ရွှေဈေးမတက်နဲ့ ကုန်ဈေးနှုန်းတွေမတက်နဲ့ ဆိုပြီး လိုက် အမိန့်ပေးတယ်။ ဒေါ်လာတန်ဖိုး တက်လာရင် သွင်းကုန် ဈေး တက်မယ်၊ ရွှေဈေး တက်နိုင်တယ် ဆိုတာ အစိုးရ အာဏာပိုင်တွေ နားလည်ပါရဲ့နဲ့ ကုန်သည်တွေကို အခက်တွေ့အောင် လုပ် နေတာ”ဟု ရွှေကုန်သည် တဦးကလည်း ပြောဆိုသည်။
ရွှေဈေးနှုန်းသည် တသောင်း တန် မထုတ်ဝေခင်က အခေါက်ရွှေ တကျပ်သား လျှင် ကျပ် ၇၁၀၀၀၀ ဝန်းကျင် ဈေးနှုန်းသာရှိသော် လည်း တသောင်း တန် ထုတ်ဝေပြီးနောက်ပိုင်း ၇၂၃၀၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်သွားခဲ့ကြောင်း၊ ယင်းသို့ တက်ရခြင်းမှာ ဒေါ်လာဈေးတက်ခြင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းနှင့် ပြည်တွင်းတွင် ရွှေ ဝယ်ယူစုဆောင်းသူ များပြားခြင်းကြောင့် ဖြစ်ကြောင်း သိရှိ ရသည်။
ကျပ် တသောင်း တန် ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဇွန်လ ၁၅ ရက်က စတင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
“ဒေါ်လာဈေးက တဒေါ်လာကို ၈၃၅ ကျပ်လောက်ကနေ တသောင်းတန် ဂယက်နဲ့ ရခိုင်ပြည်နယ်မှာ မတည်မငြိမ်မှုတွေကြောင့် ၈၅၀ ကျော်အထိ ဈေးက တရိပ်ရိပ်တက်တယ်။ အဲဒီတော့ ရွှေဈေးက လိုက်တက်တယ်။ ကမ္ဘာ့ရွှေဈေးလည်း တက်နေတယ်။ အဲဒါကြောင့် ပြည်တွင်း ရွှေဈေးလိုက်တက်နေတာ”ဟု အထက်ပါ ရွှေကုန်သည်က ပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၂၈ ဒေါ်လာ ရှိကြောင်း သိရသည်။
လတ်တလော ပြည်တွင်းတွင် ကားတင်သွင်းလိုသူများက ဒေါ်လာဝယ် ယူခြင်း၊ ငွေကြေး ဖောင်းပွမှုဖြစ်မည်ကို စိုးရိမ်၍ ရွှေနှင့်ဒေါ်လာ ဝယ်ယူ စုဆောင်းမှု များပြားနေခြင်းတို့ကြောင့် ရွှေဈေးနှုန်းမှာ ဆက်လက်မြင့်တက်မည်ဟု ရွှေကုန်သည် အများစုက ခန့်မှန်း ပြောဆို နေကြသည်။