ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာစု သပြေချောင်းရွာသူ မသီတာထွေး အသတ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး တရားခံ ၂ ဦးအား ကျောက်ဖြူခရိုင် တရားရုံးက ယနေ့ သေဒဏ်ချမှတ်လိုက်သည်။
တရားစွဲခံထားရသည့် ၃ ဦးထဲမှ ရှောင်ရှှုး (ခ) ထက်ထက် (ဂ) ဖြိုးဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့ ညနေတွင် အကျဉ်းထောင်တွင်း၌ ကြိုးဆွဲချ၍ အဆုံးစီရင်သွားကြောင်း ဇွန်လ ၁၁ ရက်ထုတ် အစိုးရ သတင်းစာများက ဖော်ပြခဲ့သည်။
ကျန်နှစ်ဦးဖြစ်သော ရော်ဖိနှင့် လူယု တို့ကို တရားရုံးက ယခုလ ၁၅ ရက်နေ့တွင် အပြီးသတ် ကြားနာခဲ့ပြီး ယနေ့ အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။
“ဒီနေ့မနက် ၁၁ နာရီ ၅၀ လောက်မှာပဲ နှစ်ယောက်စလုံးကို သေဒဏ် မိန့်ချလိုက်တယ်။ ပရိတ်သတ် ၃၀ လောက်လည်း လာနားထောင်ကြတယ်။ တရားခံတွေကိုတော့ ကျောက်ဖြူထောင်ကို ပြန်ပို့လိုက်ပြီ” ဟု အမိန့်ချမှုကို သွားရောက် နားထောင် ခဲ့သော ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
ပြစ်မှုကျူးလွန်သူ ၃ ဦး အား အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ လူသတ်မှု ပုဒ်မ ၃၀၂၊ ပစ္စည်း လုယူမှု ပုဒ်မ ၃၉၂ တို့ဖြင့် တရားစွဲဆို၍ ဇွန်လ ၈ ရက် နေ့က စတင် စစ်ဆေးခဲ့သည်။
မေလ ၂၈ ရက်နေ့ ညနေပိုင်းက ကျောက်နီမော်ဒေသရှိ စက်ချုပ်သင်တန်းမှ သပြေချောင်ကျေးရွာသို့ ပြန်လာသော အသက်၂၆ နှစ် အရွယ် မသီတာထွေးအား အဆိုပါ လူ ၃ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်း လုယူခြင်း ကျူးလွန်သည့် အမှုများဖြင့် တရားရင်ဆိုင်ခဲ့ကြရခြင်း ဖြစ်သည်။
မသီတာထွေး အသတ်ခံရမှု ဖြစ်ပွားပြီး ၇ ရက်မြောက်နေ့တွင် သံတွဲ-တောင်ကုတ် လမ်းဆုံတွင် လူ ၁၀ ဦး အသတ် ခံခဲ့ရပြီး ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရက ဖော်ထုတ် နိုင်ခြင်းမရှိသေးပေ။ ၎င်းဖြစ်စဉ်နှင့် ဆက်နွှယ်၍ ယခုလ ၈ ရက်နေ့တွင် ဘင်္ဂလီများက မောင်တော၊ ဘူးသီးတောင် တို့ရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် အဆောက် အအုံများကို ဖျက်ဆီးခဲ့ပြီး သတ်ဖြတ်မှု များလည်း ဖြစ်ပွားခဲ့သည်။
နောက်တနေ့တွင် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ အပါအဝင် သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တို့ကိုလည်း အဓိကရုဏ်းများ ကူးစက်ခဲ့ပြီး အစိုးရက ညမထွက်ရ အမိန့်ထုတ်ပြန်ကာ အရေးပေါ် ကြေညာချက်ပါ ထုတ်ပြန်ခဲ့ရသည်။
အဓိကရုဏ်း ဖြစ်စဉ်များကို အရှိန်မြင့်စေခဲ့သော လူ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဒေသခံ ရခိုင် တိုင်းရင်းသားများကို လက်သည်အဖြစ် စွပ်စွဲပြောဆိုနေမှုအပေါ် ဒေသခံ နိုင်ငံရေးပါတီ တချို့က ကန့်ကွက်ခဲ့ကြသည်။ ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်း ဖြစ်စဉ်များကို ဖြစ်ပွားစေလိုသော အဓိက နောက်ကွယ်မှ ကြိုးကိုင်သူများ ရှိမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က သံသယရှိနေပြီး ဖော်ထုတ်နိုင်ရန် ကြိုးစားသွားမည်ဟု ဆိုသည်။