ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဖြစ်ပွား၍ ၉ ရက်ခန့် ရပ်ဆိုင်းနေသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး သည် ယမန်နေ့က ပြန်လည် စတင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံဘက်မှ ရေခဲရိုက် ငါး တန်ချိန် ၉၀ တင်ဆောင်လာသည့် ကုန်တင်သင်္ဘော တစီး ယမန်နေ့က ဘင်္ဂလားဒေ့ရှ် စံတော်ချိန် ညနေ ၅ နာရီခွဲ ခန့်တွင် တာ့ခ်နာဖ်(Teknaf) ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ကြောင်း United Land Port Teknaf Limited ၏ မန်နေဂျာချုပ် မစ္စတာ Abdul Mohaimen ၏ ပြောဆိုချက်အား ကိုးကား၍ The Daily Star သတင်းတွင် ယနေ့ ဖော်ပြ ထားသည်။
ယနေ့တွင်လည်း ကုန်တန်ချိန် ၅၀၀ ခန့်ရှိ ကုန်တင် သင်္ဘော၂ စီးထက် မနည်း ဘင်္ဂလားဒေ့ရှ် သို့ ဆိုက်ရောက်ရန် ရှိသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် ၁၂ ရက် ဝန်းကျင် ရပ်ဆိုင်းထားခဲ့ရသည့် ကျွဲ ၊ နွား ဈေးကွက်သည်လည်း ယမန်နေ့က ပြန်လည် စတင်ကြောင်း သိရသည်။
ကျွဲတကောင်၊ နွား ၂ ကောင်၊ ဆိတ် ၉ ကောင်ပါသော လှည်းဆွဲယာဉ်တခုလည်း Shah Porir Dweep နယ်စပ်ဂိတ် သို့ ယမန်နေ့ နံနက်က ရောက်ရှိလာခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး အရာရှိ တဦးကလည်း ပြောသည်။
မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ်ဖြတ်ကျော် ကူး ဝင်လာသူများကို တားဆီးသည့်အနေဖြင့် လည်းကောင်း၊ နယ်စပ်လုံခြုံရေးအတွက် လည်းကောင်း နယ်စပ်ဂိတ်များကို ပိတ် ပင် ထားခဲ့သည်။
ယခု နယ်စပ်ကုန်သွယ်ရေး ပြန်လည်ပွင့်လာခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်သို့ ဝင်ရောက်လာသူများကို ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးများက မြန်မာဘက်သို့ ပြန်လည် နှင်ထုတ်ခဲ့ကြောင်း၊ သို့သော် ကုလသမဂ္ဂက အဆိုပါ ထွက်ပြေးလာသူများအား နှင်မထုတ်ရန်နှင့် ဒုက္ခသည်အဖြစ် ယာယီ လက်ခံပေးထားရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းထားသည်။
ယမန်နေ့ နေ့လယ်ပိုင်းတွင် ဘဂ်လားဒေ့ရှ် နယ်စပ် လုံခြုံရေး အဖွဲ့များက ရိုဟင်ဂျာ ၇ ဦးကို ကောက်စ် ဘဇားမှ ရခိုင်ပြည် နယ် မောင်တောမြို့ဘက်ကို ပြန်ပို့ခဲ့ပြီး စက်လှေ၂စီးကို စီးနင်း၍ ဝင်ရောက်ရန် ကြိုးစားသည့် အခြားသော ရိုဟင်ဂျာ၂ ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း၊ စက်လှေခရီးသည်များသည် နတ်မြစ်အတွင်း လှေနစ်မြှပ်သွားသည့်အတွက် ရေကူး၍ ဘင်္ဂလားဒေ့ရှ် ကမ်းဘက်ကို ကူးခတ်လာခဲ့ကြောင်းလည်း နယ်စပ် လုံခြုံရေး အရာရှိ ဗိုလ်မှူး Saiful Wadud က ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးအဖွဲ့က လတ်တလောတွင် ရိုဟင်ဂျာ ၁၃ ဦးကို ဖမ်းဆီးထားရာ ၅ ဦးသည် မောင်တောနှင့် စစ်တွေမှ ဖြစ်ကြောင်း သိရသည်။
ယမန်နှစ် ဒီဇင်ဘာလဆန်းက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မစ္စ ရှိတ် ဟာဆီနာသည် မြန်မာနှင့် ၂ နိုင်ငံ စီးပွားရေး ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် စာချုပ်ချုပ်ဆိုရေးအပါအဝင် မြန်မာနိုင်ငံကို ဖြတ်၍ တရုတ်နိုင်ငံသို့ ဖောက် လုပ်မည့် ချစ်ကြည်ရေးလမ်း ကိစ္စ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ဒုက္ခသည်များ မြန်မာကို ပြန်ပို့ရေး၊ နယ်စပ် လုံခြုံရေး စသည့် ၂ နိုင်ငံ ဆက်ဆံရေး အဆင်ပြေစေရေး တို့ကိုလည်း ဆွေးနွေးခဲ့သည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့၏ နှစ်စဉ် ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၁၆၀ ခန့် ရှိခဲ့ပြီး ယမန်နှစ် နှစ်လယ်က စတင်ကာ သန်း ၅၅၀ အထိ တိုးမြှင့်သွားရန် သဘောတူခဲ့သည်။
ယခု နှစ်ဆန်းပိုင်းကလည်း ခရီးသည်တင် လေယာဉ်နှင့် ကုန်တင်လေယာဉ် ပြေးဆွဲရန် ၂ နိုင်ငံ တာဝန်ရှိသူများ သဘောတူ ခဲ့ကြ သေးသည်။