သတင်းစာဆရာကြီး လူထုစိန်ဝင်း (၇၂ နှစ်) သည် အဆုတ်ရောဂါဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် (SSC) အထူးကု ဆေးခန်းတွင် ယမန်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ကွယ်လွန်သွားပြီဖြစ်သည်။
ကွယ်လွန်ချိန်တွင် သမီးတဦး၊ ချွေးမတဦး၊ မြေးတဦးကျန်ရစ်ခဲ့ပြီး ဆရာလူထုစိန်ဝင်း၏ ဈာပနကို မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ရေဝေးသုဿန်တွင် သင်္ဂြိုဟ်မည်ဟု မိသားစုဝင်တဦးက ဆိုသည်။
MRTV 4 ရုပ်မြင်သံကြား သတင်းတွင်လည်း ဆရာ လူထုစိန်ဝင်း ကွယ်လွန်ခြင်းကို ထည့်သွင်းကြေညာ သွားသည်။
ဆရာလူထုစိန်ဝင်းသည် အဆုတ်ရောဂါ အပြင် လေဖြတ်သည့် ဝေဒနာကို ခံစားနေရပြီး အောက်ဆီဂျင်ဗူး အကူအညီဖြင့် အသက်ရှုနေရသူတဦး ဖြစ်သော်လည်း မြန်မာပြည်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ၊ ပြည်သူ များနေ့စဉ် တွေ့ကြုံ ခံစားနေရသည့် စားဝတ်နေရေးနှင့် လူမှုရေး ကိစ္စအဝဝကို ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်များတွင် သုံးသပ် ရေးသားနေသူ ဖြစ်သည်။
သို့သော် ကျန်းမာရေးအခြေအနေ ဆိုးရွားလာသဖြင့် ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စာရေးခြင်းအလုပ်ကို ရပ်ဆိုင်းလိုက်ရသည်။
ဆရာလူထုစိန်ဝင်းသည် အမှန်တရားဘက်မှ ရပ်တည်သူ၊ မှားယွင်းမှုကို တိုက်ဝံ့သူ၊ အပြောင်းအလဲကိုလည်း တောင်းဆိုတတ် သည့် သတင်းစာဆရာ တဦးဖြစ်ပြီး ကွယ်လွန်သွားသည့် အတွက် နှမြောတသ မိကြောင်း သတင်းစာဆရာကြီးတဦး ဖြစ်သည့် ဟံသာဝတီ ဦးဝင်းတင်က ဆိုသည်။
“ကိုယ်နဲ့ ပုဂ္ဂိုလ်ရေး ခင်မင်တဲ့အတွက်မဟုတ်ဘူး။ သတင်းစာလောကက လုပ်ဖော်ကိုင်ဘက် တယောက် ဆုံးရုံးတာမျိုးလည်း မကဘူး၊ ပြည်သူလူထု တရပ်လုံးအတွက် ဆုံးရုံးမှုဖြစ်တယ်လို့ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။
ဆရာလူထုစိန်ဝင်း၏ နိုင်ငံရေးအတွေးအခေါ် မည်သို့ပင် ဖြစ်စေကာမူ သတင်းစာဆရာ တဦးအနေဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တဦးဖြစ်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။
ဆရာလူထုစိန်ဝင်းသည် သတင်းစာဆရာ၊ စာရေးဆရာကြီး ရွှေဥဒေါင်း၏ အမျိုး တော်စပ်သူဖြစ်ပြီး ၁၉၆၀ ပြည့်နှစ် တဝိုက်တွင် မန္တလေး အခြေစိုက် လူထုသတင်းစာတိုက်မှ စတင်ကာ သတင်းစာ လောကသို့ ရောက်ရှိလာသူ တဦးဖြစ်သည်။
မန္တလေးမြို့နေ သတင်းစာဆရာကြီး လူထု မောင်သစ်လွင်ကလည်း “လူထုနာမည်တပ် လက်ကျန်ထဲက တယောက်လို့ ပြောလို့ရတဲ့အပြင် ၁၉၆၇ ခုနှစ် တော်လှန်ရေးကောင်စီက လူထုသတင်းစာကို အပြီးအပိုင် ပိတ်တဲ့အထိ စာနယ်ဇင်း လောကဓံကို အတူခံခဲ့ရ သူတွေပါ” ဟု ဆိုသည်။
ထိုစဉ်က ဆရာလူထုစိန်ဝင်း၏ စာနယ်ဇင်း ခံယူချက်မှာ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေး မူဝါဒဖြစ် ကြောင်း၊ မှန်ကန်သော သတင်းနှင့် သုံးသပ်ချက်များကို ပြည်သူအား ပေးရန်နှင့် နိုင်ငံအတွက် သတင်းပညာဖြင့် တတ်စွမ်းသမျှ လုပ်ဆောင်မည်ဟု ခံယူထားကြောင်း ဆရာကြီး လူထုမောင်သစ်လွင်က ဆက်ပြောသည်။
ဆရာလူထုစိန်ဝင်းကို ၁၉၄၀ ပြည့်နှစ် ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေချိန်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သူဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် တဝိုက်တွင် လူထု သတင်းစာ၌ ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ လူထုသတင်းစာ၏ ရန်ကုန်ရုံးခွဲတွင် အယ်ဒီတာ တာဝန်ကို ၁၉၆၇ ခုနှစ် သတင်းစာတိုက် အပိတ်ခံရသည်အထိ တာဝန်ယူခဲ့သည်။
၁၉၆၉ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင် ထိန်းသိမ်း ခံခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် ခန္ဓာကိုယ်တခြမ်း လေဖြတ်ဝေဒနာ ခံစားခဲ့ရသော်လည်း စာပေများကို ဆက်လက်ရေးသားကာ လူငယ်များ အတွက် အင်္ဂလိပ်စာ သင်တန်းများကို ဖွင့်လှစ်ခဲ့သည်။
ဆရာလူထုစိန်ဝင်း၏ ထင်ရှားသော ကလောင်ခွဲတခုမှာ ဝင်းဇော်ဖြစ်ပြီး ယင်းအမည်ဖြင့် “တောင်ဗီယက်နမ်မှ ငရဲခန်းများ” ဆိုသည့် စာအုပ်ကို စစ်ဆန့်ကျင်ရေးအတွက် ဘာသာပြန် ထုတ်ဝေခဲ့သည်။
ဆရာ၏ ထင်ရှားသောစာအုပ်များမှာ အလံမလှဲစတမ်း၊ အဖြူနှင့်အဝါ၊ စောမိုခမ်း စသည့် စာအုပ်များဖြစ်ပြီး မကွယ်လွန်ခင် လအနည်းငယ်အထိ လူငယ်များအတွက် သတင်းစာပညာပေး ဆောင်းပါးများ၊ မတရားမှုကို ရဲရဲရင့်ရင့် ထောက်ပြဝေဖန်သော ဆောင်းပါးများ၊ လူငယ်များအား တပါးသူ၏ အသုံးချခံ မဖြစ်စေရန် လမ်းညွှန်သည့် ဆောင်းပါးများ စသည်ဖြင့် ဆောင်းပါးများစွာကို အပတ်စဉ်ထုတ် ဂျာနယ်များ၌ ဆက်တိုက် ရေးသားခဲ့သည်။