အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး သဘောတူညီချက်အရ မဖြေရှင်းပါက မလိုလားအပ်သည့် ပြ ဿနာများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည် တပ်မတော် တောင် ပိုင်း(SSA-S)က ပြောသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အတွင်းရှိ SSA-S တပ်စခန်း ခုကို ယခုလ ၁၆ ရက်နေ့က အစိုးရ ခြေ လျင် တပ်ရင်းအမှတ် ၆၅ နှင့်၂၂၅ တို့က ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်၍ ယင်းတပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း SSA-S မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။
ယခု ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း အကြိမ်၂၀ မြောက် ဖြစ်သည်။
“ငြိမ်းချမ်းရေး နည်းလမ်းကို မသုံးဘဲနဲ့ စစ်ရေးနဲ့ ကျနော်တို့ကို ဒီအတိုင်းပဲ လာပြီးတော့ ဖြေရှင်းနေမယ် ဆိုရင်တော့ မလိုလားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာမယ်”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသော်လည်း အစိုးရဘက်က ယင်းတပ်စခန်းမှ ဆုတ်ပေးရန် တောင်းဆိုရာကနေ တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း၊ သဘောတူညီထားသည့် စာချုပ်အတိုင်း ဖြေရှင်းရန် တောင်ကြီး၊ မိုင်းဆတ်၊ တာချီလိတ်၊ ကျိုင်းတုံ စသည့် မြို့နယ် များတွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ထားကြောင်း ၎င်းက ဆိုသည်။
“အခု ကျနော်တို့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတော့ ပြည်သူလူထုကို ထိတွေ့ဆက်ဆံမှုတွေ ရှိတယ်၊ အဲဒါတွေကို သူတို့ မလို လားလို့ နေမှာပေါ့၊ ပြီးတော့ နယ်မြေလုတဲ့ သဘောလည်း ပါတယ်”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။
လတ်တလောတွင် ဦးအောင်မင်းထံ စာပေးပို့ခဲ့ပြီး တစုံတရာ အကြောင်း ပြန်ကြားချက် မရရှိသေးကြောင်း၊ သို့သော်အစိုးရတပ်များ နှင့် မေလ ၂၄ ရက်နေ့က စတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်ကြီး စိုးဝင်းက တရားဝင် တောင်းပန်ခဲ့ကြောင်း သိရသည်။
မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA-S မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် နောက်ဆုံးတွေ့ဆုံခဲ့သည်။
ယင်း ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ရာ သဘောတူညီချက် ၁၂ ချက် ရရှိထားပြီး အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ SSA-S ဘက်မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ဘောင်ခေးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA-S အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA-S အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ အပါ အဝင် ၁၂ ချက်ကို သဘောတူခဲ့ကြောင်း သိရသည်။