ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းအား အကြမ်းဖက်မှုကို တားမြစ်ခဲ့သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပါတီဝင် ၄ ဦး နှင့် ရခိုင်အရပ်သား ၄ ဦးအား ဆူပူမှုဖြင့် စွပ်စွဲကာ ဒေသခံ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း RNDP က ပြောသည်။
အဆိုပါ ၈ ဦးကို ယခုလ ၁၅ ရက်နေ့မှ စ၍ ရဲနှင့် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့က လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ပြီး ယင်း ဖမ်းဆီးခံထားရသူများသည် အကြမ်းဖက်မှုတွင် ပါဝင်ခြင်းမရှိဘဲ ဆူပူမှုကို တားဆီးခဲ့သူများဖြစ်ကြောင်း RNDP ပါတီ ပြောခွင့် ရသူ ဦးခိုင်ပြည်စိုး က ဧရာဝတီသို့ ပြောပြသည်။
“ရဲစခန်းမှာဖြစ်တဲ့ ကိစ္စမှာ ကျနော်တို့ပါတီက လူကြီးတွေက လူထုကို လိုက်ထိန်းတယ်။ အဲဒီတုန်းက ပါတီက လူကြီးတွေနဲ့ ပါလာပြီး ဝိုင်းထိန်းတဲ့လူငယ်တွေကို ဖမ်းပြီးတော့ အခု စစ်တွေထောင်ထဲကို ထည့်လိုက်တယ်။ မိသားစုတွေကလည်း စိတ်ပူနေကြတယ်။ သူတို့ဟာ ဆူပူတဲ့လူတွေမဟုတ်ဘဲနဲ့ ရဲစခန်းကို အမာခံကာကွယ်ပြီး မဖြစ်အောင်တားမြစ်ပေးခဲ့တဲ့ ကျနော်တို့ပါတီကလူတွေ”ဟု ဦးခိုင်ပြည်စိုး က ပြောသည်။
ယခုလ ၂ ရက်နေ့က နာဇီဈေးခေါ် စက်ရုံစုဈေး အကောက်အခွန် ကြီးမားမှု လျှော့ချပေးရန် ဦးဆောင်တောင်းဆိုခဲ့သူ ဦးအောင် သန်းဝေ အား ဆန့်ကျင်ဘက် အဖွဲ့တဖွဲ့မှ သတ်ဖြတ်ခဲ့ကြောင်း ကောလာဟလ သတင်းများပျံ့ခဲ့ပြီးနောက် ဦးအောင်သန်းဝေ ရုပ် အလောင်း ရှာပေးရန် စစ်တွေမြို့ပေါ်ရှိ အမှတ်(၁) ရဲစခန်းကို လူ ၁၀၀ ကျော်က ခဲများဖြင့် ပစ်ပေါက်ခဲ့သည်။
ဦးအောင်သန်းဝေ လုပ်ကြံခံရခြင်း မရှိကြောင်း၊ မသေကြောင်း ကာယကံရှင် ကိုယ်တိုင် နှင့် RNDP ပါတီ ခေါင်းဆောင်များက သွားရောက် ဖြေရှင်းပြီးနောက် ရခိုင်လူငယ် တချို့ ပြန်သွားသော်လည်း အများစုကမပြန်ဘဲ ရဲစခန်းအား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြခြင်းကြောင့် ရဲက ပစ်ခတ်ခဲ့သဖြင့် လူ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြသည်။
အကြမ်းဖက်မှု ပြုလုပ်သူများအား ဥပဒေအရ ဖမ်းဆီးအပြစ်ပေးခြင်းကို ထောက်ခံသော်လည်း စစ်တွေမြို့မတည်မငြိမ် ဖြစ်နေချိန် တွင် အကြမ်းဖက်မှုများတွင် ပါဝင်ခြင်းမရှိသူများကို ရွေးချယ်၍ သံသယဖြင့် ဖမ်းဆီးနေမှုများ မပြုလုပ်သင့်ကြောင်းနှင့် အစိုးရ၏ ယခု လုပ်ရပ်အပေါ် နားမလည်နိုင်အောင်ဖြစ်ရကြောင်း ဦးခိုင်ပြည်စိုးက ပြောဆိုသည်။
“ဒီနေ့ ဒီအချိန် နိုင်ငံတော်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အချိန်မှာ၊ ဒီပြဿနာတွေကို လိုက်ပြီးတော့ ဖွပေးနေတဲ့အခါမှာ၊ ဒါဟာ လူထုကို သက်သက် ဆွပေးနေသလိုဖြစ်တယ်လို့ ကျနော်တို့က မြင်တယ်။ ဒီကနေ့ မတည်ငြိမ်သေးတဲ့ တိုင်းပြည် တရားဥပဒေ စိုးမိုးရေး အပိုင်းကို လုပ်ပြီး ငြိမ်ငြိမ်လေး ထိန်းထားရမယ့် အချိန်အခါမှာ၊ ရှေ့က ဖြစ်တဲ့ ပြဿနာ အေးသွားပြန်တော့ အစိုးရက လုပ်နေတာတွေဟာ တဖန် တိုင်းပြည်ကို မကျေနပ်မှုတွေ ပေါ်ပေါက်လာအောင် လုပ်နေတာတွေနဲ့ တူတယ်လို့ မြင်တယ်”ဟု လည်း သူက ဆိုသည်။
ယင်းသို့ ဖမ်းဆီးနေမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အမှတ်(၁) ရဲစခန်းနှင့် အမှတ်(၂) ရဲစခန်းများသို့ ဆက်သွယ်မေးမြန်း ခဲ့ သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍ ယမန်နေ့က RNDP အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က အမှတ် (၁) ရဲစခန်းသို့ မေးမြန်းစုံစမ်းရာတွင် စခန်းကို ခဲနှင့်ပေါက်သဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ဆွေးနွေးစရာ အကြောင်းမရှိဟု စခန်း တာဝန်ရှိသူများက တုံ့ပြန်ခဲ့ကြောင်း RNDP ကပြောသည်။
အလားတူ စစ်တွေခရိုင် ကျောက်တော်မြို့နယ်တွင် ဘင်္ဂါလီများနှင့် အဓိကရုဏ်း ဖြစ်ပွားစေရန် လုပ်ဆောင်မှု သံသယဖြင့် ရခိုင် အမျိုးသား ၈ ဦးနှင့် သံဃာတော် တပါးအား ကျောက်တော် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ယမန်နေ့က စစ်တွေထောင်ကို ရောက် ရှိနေကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါ ၉ ဦးကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ ယမန်နေ့က ကျောက်တော်မြို့ပေါ်တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက တောင်းဆိုဆန္ဒ ပြမှုဖြစ်ပွားခဲ့သေးသည်။
ယနေ့တွင် ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ အဓိကရုဏ်းဖြစ်ပွားခဲ့သော နေရာများတွင် တည်ငြိမ်လျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များက ပြောသည်။