
အမေရိကန် ထိပ်တန်း လွှတ်တော်အမတ်များက မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ထားရှိခဲ့သည့် ဒဏ်ခတ်အရေးယူမှုများကို နောက်ထပ်တနှစ် ဆက်လက်ထားရှိရန် တောင်းဆိုလိုက်ပြီး ယခုအချိန်သည် ၎င်းတို့အစိုးရ အနေနှင့် အမေရိကန်ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်ဆောင်ရန် ခွင့်ပြုသင့်သည့်အချိန် မဟုတ်သေးကြောင်း ပြောဆိုလိုက်သည်။
အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ညှိနှိုင်းရေးဆွဲထားသော ဥပဒေ အဆိုပြုချက်အား လွှတ်တော်နှစ်ရပ်စလုံးတွင် ပြီးခဲ့သည့်တပတ်က ထုတ်ပြန်ရာ၌ ၎င်းတို့က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မြန်မာပြည်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ လုပ်နိုင်ဖို့အတွက် အစိုးရအနေနဲ့ အခုအချိန်မှာ ယာယီခွင့်ပြုချက် (Waiver) ထုတ်ပေးတာမျိုး ရှောင်ကြဉ်ဖို့ ကျနော် တိုက်တွန်းပါတယ်။ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေအပေါ် အသေအချာဆန်းစစ်ပြီးမှ ဒီကိစ္စကို စဉ်းစားသင့်ပါတယ်” ဟု အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) က ဆိုသည်။
မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မလုပ်ရန် တားမြစ်ထားသည့် ဒဏ်ခတ်အရေးယူမှုအား သမ္မတ အိုးဘားမား အစိုးရက ဆိုင်းငံ့လိုက်သည့်အပေါ် ထောက်ခံပါကြောင်းလည်း ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။
အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကင်ခေါင်းဆောင် မစ်ချ် မက်ကော်နယ် (Mitch McConnell) ကလည်း မြန်မာ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအက်ဥပဒေ (Burmese Freedom and Democracy Act) အား ဆက်လက် ထားရှိခြင်းဖြင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ တင်ပို့မှုကို တားဆီးရာရောက်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ယင်းဥပဒေအား မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာရေးအတွက် အမေရိကန်အစိုးရက ကူညီရာတွင် မောင်းနှင်အားအဖြစ် ဆက်လက်အသုံးပြုနိုင်ကြောင်း ပြောဆိုသည်။
“ဒီအက်ဥပဒေ ဆက်ရှိနေတဲ့အတွက် အစိုးရအနေနဲ့ လွှတ်တော်နဲ့ ညှိနှိုင်းပြီး ဒဏ်ခတ်အရေးယူမှုတွေကို လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ခွင့် ရှိနေမှာဖြစ်ပါတယ်။ ပြောင်းလွယ်ပြင်လွယ် လုပ်နိုင်တဲ့အနေအထားကိုလည်း ဆက်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက အထက်လွှတ်တော်၌ ပြောသည်။
ယင်း ဥပဒေကြမ်းအား အထက်လွှတ်တော် အမတ်တချို့က ပြန်လည် အဆိုပြုခဲ့ခြင်းဖြစ်ပြီး အောက်လွှတ်တော်တွင်လည်း အလားတူ အဆိုပြုမှုကို အောက်လွှတ်တော် အမတ်များက ဆောင်ရွက်ခဲ့ကြသည်။
“အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားဆဲ ဒဏ်ခတ်အရေးယူမှုတွေကို အပြီးသတ်ရုတ်သိမ်းဖို့ စဉ်းစား ဆုံးဖြတ်တဲ့နေရာမှာ လိုအပ်တဲ့အနေအထား အားလုံးပြည့်မီအောင် မြန်မာအစိုးရအနေနဲ့ မဆောင်ရွက်နိုင်သေးပါဘူး။ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေဖြစ်အောင် မြန်မာအစိုးရက ဆောင်ရွက်ခဲ့ပေမယ့် အခုအချိန်က အစိုးရပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်နိုင်ရေးအတွက် တွန်းအားပေးဖို့၊ ဒါမှမဟုတ် လိုအပ်ရင် ဒဏ်ခတ်အရေးယူမှုတွေ ပြန်လုပ်ဖို့ဆိုတဲ့ ကျနော်တို့ရဲ့ ဆောင်ရွက်နိုင်စွမ်းကို အဆုံးသတ်ရမယ့် အချိန်မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သတိပေးခဲ့သလိုပါပဲ မြန်မာပြည်က အခြေအနေတွေဟာ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ပြင်းထန်တဲ့ စိမ်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်” ဟု မစ်ချ် မက်ကော်နယ် က ဆိုသည်။
“ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေက လေးနက်တဲ့ ပြဿနာတရပ်အဖြစ် ဆက်ရှိနေပါသေးတယ်။ ထောင်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေပါသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဒီမိုကရေစီ နည်းမကျသေးပါဘူး။ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အထူးသဖြင့် မြောက်ကိုရီးယားအစိုးရထံကနေ လက်နက်တွေ ဝယ်ယူတဲ့ကိစ္စကလည်း တကယ့်စိုးရိမ်စရာအဖြစ် ဆက်ရှိနေပါသေးတယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအက်ဥပဒေအား ဆက်လက်ထားရှိခြင်းသည် အမေရိကန်အစိုးရ၏ လွန်ခဲ့သည့် ၃ ပတ်က ကြေညာခဲ့သော မြန်မာအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှု ဆိုင်းငံ့လိုက်ခြင်းအပေါ် အနှောင့်အယှက်ရှိမည် မဟုတ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ဒါကြောင့်မို့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီအက်ဥပဒေ တနှစ် ထပ်တိုးဖို့ကို ထောက်ခံတာပါ။ တကယ်တမ်းဆိုရင် မြန်မာ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအက်ဥပဒေ ပြန်လည် အတည်ပြုဖို့ မဲပေးတာကို အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျှော့ချဖို့ ထောက်ခံမဲပေးတာ၊ မြန်မာပြည် က ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံမဲပေးတာလို့ မြင်သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအက်ဥပဒေအား ပူးတွဲအဆိုတင်သွင်းခဲ့သည့် လွှတ်တော်အမတ် ဒိုင်ယာနာ ဖိန်းစတိန်း (Diana Feinstein) ကလည်း အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများ နှစ်ကာလကြာရှည်စွာ ဖြစ်ပွားလာခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံ၌ ထူးခြားသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်ငြားလည်း မြန်မာအစိုးရအနေနှင့် ယင်းအပြောင်းအလဲများနှင့် ပတ်သက်၍ နိုင်ငံတကာ မိသားစုက လက်ခံလာအောင် များစွာ ဆက်လက်လုပ်ဆောင်ရဦးမည်ဟု ပြောသည်။ အားလုံးထက် ပိုအရေးကြီးသည် မှာ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် အမှန်တကယ် သံန္နိဋ္ဌာန်ချထားသည့် မြန်မာပြည်သူများပင် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
“လျှောက်ခဲ့တဲ့လမ်းအတိုင်း ဆက်လျှောက်ဖို့နဲ့ အပြောင်းအလဲတွေ ထပ်လုပ်ဖို့ မြန်မာအစိုးရကို မက်လုံးပေးတဲ့အနေနဲ့ ကျမတို့ ဒီအက်ဥပဒေကို နောက်ထပ်တနှစ် ထပ်တိုးသင့်ပါတယ်” ဟု ဒိုင်ယာနာ ဖိန်းစတိန်းက ဆိုသည်။
“အဓိကကတော့ မြန်မာပြည်က အပြောင်းအလဲတွေဟာ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ အနေအထားမျိုး မဟုတ်သလို မြန်မာအစိုး ရအနေနဲ့လည်း မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာမိသားစုက အလေးထားတဲ့ကိစ္စတွေကို ပိုမိုဆောင်ရွက်ဖို့ လိုနေသေးလို့ပါပဲ” ဟုလည်း ၎င်းက ပြောသည်။
ဒိုင်ယာနာ ဖိန်းစတိန်းနှင့် မစ်ချ် မက်ကော်နယ်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးခင်က တိုက်ရိုက်စကားပြောခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ယင်းအက်ဥပဒေအား နောက်ထပ်တနှစ် ထပ်တိုးသည့်ကိစ္စအပေါ် ထောက်ခံသည်ဟု သိရသည်။
“ဒီအက်ဥပဒေကို ထပ်တိုးလိုက်တာဟာ မြန်မာပြည်အနေနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ်မှာ ဆက်ရှိနေဖို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ကျမ ယုံပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်တွေ၊ ဒီမိုကရေစီ အတိုက်အခံအင်အားစုတွေနဲ့ အစိုးရထဲက ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကိုလည်း အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကျမ ယုံပါတယ်” ဟု ဒိုင်ယာနာ ဖိန်းစတိန်းက ဆိုသည်။
“လမ်းကြောင်းအမှန်ပေါ်မှာ ရှိနေအောင် မြန်မာအစိုးရကို စည်းရုံးသိမ်းသွင်းတဲ့နေရာမှာ ဒီအက်ဥပဒေက ကျမတို့အစိုးရကို ပိုပြီးအာဏာရှိစေမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရက သင့်လျော်တဲ့ဆောင်ရွက်မှုတွေ လုပ်ခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေကို ဆိုင်းငံ့ခဲ့သလိုမျိုးပဲ ဒီအက်ဥပဒေကိုလည်း ယာယီခွင့်ပြုတာ ဒါမှမဟုတ် ဆိုင်ငံ့တာတွေ လုပ်နိုင်တဲ့လုပ်ပိုင်ခွင့် ကျမတို့ အစိုးရအနေမှာ ရှိနေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“ဒီအက်ဥပဒေကို သတ်မှတ်ချိန်မှာ ထပ်မတိုးဘဲထားလိုက်ရင်၊ ပြီးတော့ မြန်မာပြည်ရဲ့ အပြောင်းအလဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုတွေက နောက်ပြန်ဆုတ်သွားခဲ့ရင် ကျမတို့အနေနဲ့ ဒဏ်ခတ်အရေးယူမှု လုပ်နိုင်ဖို့ ဥပဒေအသစ် ပြန်ပြဌာန်းရပါလိမ့်မယ်။ ဒီပူးတွဲဆုံးဖြတ်ချက် (Resolution) ကို အတည်ပြုခြင်းအားဖြင့် မြန်မာပြည်က အဖြစ်အပျက်တွေ
အပေါ် တုံ့ပြန်ဆောင်ရွက်ဖို့လိုအပ်တဲ့အခါမှာ ကျမတို့အစိုးရအနေနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နံှမှုကိစ္စတွေမှာ ဆောင်ရွက်ခဲ့သလိုမျိုး ပြောင်းလွယ်ပြင်လွယ်ရှိရှိနဲ့ အသေအချာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်အမတ်များအနေနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (အထူးသဖြင့် MOGE) ပြုပြင်ပြောင်းလဲရေးအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်လိမ့်မည်ဟု အမေရိကန်အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်းက မျှော်လင့်ထားသည်။
ထို့ပြင် ယင်းလုပ်ငန်းများလည်ပတ်ရာတွင် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိရေးနှင့် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (International Monetary Fund) ၏ ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုဆိုင်ရာ ကောင်းမွန်သည့် အလေ့အထများကျင့်ဝတ် (Code of Good Practices on Fiscal Transparency) ကဲ့သို့သော နိုင်ငံတကာ စံချိန်စံညွန်းများအတိုင်း အပြည့်အဝလိုက်နာရေးတို့အတွက် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟုလည်း ၎င်းက မျှော်လင့်ထားသည်။
မြန်မာပြည်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်နိုင်ရေးအတွက် ယာယီ်ခွင့်ပြုချက် (Waiver) ထုတ်ပေးမှုမှ ရှောင်ကြဉ်ရန် သမ္မတအိုးဘားမား အစိုးရအား တောင်းဆိုရာ၌ ဂျွန် မက်ကိန်းက “ကျနော် တို့ရဲ့ ဥရောပမဟာမိတ်တွေကို အဲ့ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မလုပ်မိအောင် တွန်းတွန်းတိုက်တိုက် ဆွေးနွေးဖို့ကိုလည်း ကျနော့်အနေနဲ့ အစိုးရကို တိုက်တွန်းပါတယ်။ ဒီကိစ္စဟာ အရေးကြီးတဲ့ကိစ္စဖြစ်ပြီး မူအခြေခံ အမေရိကန်ဦးဆောင်မှု ဆက်လက်ရှိနေဖို့ လိုတဲ့ကိစ္စဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။