ပြည်သူ့ အခက်အခဲများကို လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုရန် မလိုဘဲ ဒေသတွင်းအောက်ခြေ အဆင့်၌ ဖြေရှင်းနိုင်သည်များကို ချက်ချင်း ဖြေရှင်းပေးရန် သမ္မတ ဦးသိန်းစိန်က အစိုးရ အဖွဲ့ဝင်များကို ပြောဆိုလိုက်သည်။
ယနေ့နံနက် ၉ နာရီက နေပြည်တော်၌ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲသွားမည့် လုပ်ငန်းစဉ်များနှင့် ပတ် သက်ပြီး ပြည်ထောင်စုအဆင့်မှ စတင်ကာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များသို့ ပြောကြားသည့် မိန့်ခွန်းတွင် ပြောဆို လိုက်ခြင်းဖြစ်သည်။
“ပြည်သူလူထု၏ အခက်အခဲများကို ဒေသ ဆွေးနွေးပွဲများ၌ ဖော်ထုတ် ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင်သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းဖြင့် ယနေ့ လမ်းမပေါ်ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာ ဖြစ်ပါတယ်”ဟု သမ္မတက ဆိုသည်။
ပြည်သူ၏ ဆန္ဒသဘောထားများကို ဆွေးနွေးပြီး အပြန်အလှန်ယုံကြည်လေးစားကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ အရှိန်အဟုန်ဖြင့် လျှင်မြန်စွာပြောင်းလဲ တိုးတက်သွားမည် ဖြစ်ကြောင်း၊ အစိုးရ ဌာန များနှင့် ပြည်သူများအကြား ပွင့်လင်းထင်သာမြင်သာ ရှိလာသည်နှင့်အမျှ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရ ဖြစ်စေနိုင်သည်ဟု ယင်းမိန့်ခွန်းတွင် ပါရှိသည်။
ဒီမိုကရေစီခေတ်တွင် ပြည်သူ့ဆန္ဒဖော်ထုတ်သည်ဆိုကာ လမ်းပေါ်သို့ လူစုလူဝေးဖြင့် ထွက်လျှင် သွေးထိုးမှုများ ပါဝင်ပါက ပြည်သူ အများစု၏ အသက်အိုးအိမ် လုံခြုံမှု ထိခိုက်မည့် ဖြစ်စဉ်အထိ ရုတ်ခြည်းပြောင်းလဲတတ်ကြောင်းလည်း မကြာမီက ဖြစ်ပျက် ခဲ့သည့် အဖြစ်အပျက်များကို အရိပ်အ၁ာမြွက်ထည့်သွင်း ပြောဆိုခဲ့သည်။
လေ့လာသူများကမူ သမ္မတ၏ မိန်းခွန်းသည် မကြာသေးခင်က ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာ စသည့်မြို့ကြီးများတွင် ဖြစ်ပွားခဲ့ သည့် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြမှုများ၊ အလုပ်သမား ဆန္ဒပြမှုများနှင့် ရမည်းသင်း ရွှေတွင်း လုပ်သားများ၏ ဆန္ဒပြမှုများကို ရည်ရွယ်ပြီး ပြောဆိုပုံရကြောင်း၊ သို့သော် ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများနှင့် ပတ်သက်၍မူ ထည့်သွင်းပြောဆိုခြင်းမရှိပေ။
လျှပ်စစ်မီး ပုံမှန်ရရှိရေးနှင့် ပတ်သက်၍လည်း အမျိုးသား လျှပ်စစ်စီမံကိန်း ကို ရေးဆွဲသွားမည်ဖြစ် ကြောင်း၊ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နံှမှု စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြေအသုံးချမှု မူဝါဒ နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေးတို့ကို စနစ်တကျ စီမံ ဆောင်ရွက်ရန် လိုကြောင်း ပြောဆိုသွားသည်။
ထို့အပြင် ပြည်ပတွင် ရောက်ရှိနေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များကို တတိယအကြိမ် ထပ်မံ ဖိတ်ခေါ်ကြောင်းလည်း ဦးသိန်းစိန်က ပြောဆိုသည်။
မေလ ၁၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးများကို ပြုပြင်ပြောင်း လဲရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အစိုးရသစ်အနေနှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ် နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောကြား ခဲ့သေးသည်။