[irrawaddy_gallery]
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပသော အော်စလို ဖိုရမ်တွင် တက်ရောက်ဆွေးနွေး စကားပြောကြားခဲ့သည်။ ထို အော်စလို ဖိုရမ်တွင် ကမ္ဘာကျော် U2 တေးဂီတ အဖွဲ့ခေါင်းဆောင် အဆိုတော် ဘိုနိုလည်း တက်ရောက်ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့သို့ ခရီးဆက်ရန်အတွက် အဆိုတော် ဘိုနိုမှ သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ်အား လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
အဆိုပါ ဘိုနို၏ ဂျက်လေယာဉ်ဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အိုင်ယာလန်နိုင်ငံ လေဆိပ်သို့ ရောက်ရှိလာစဉ် အိုင်ယာလန် နိုင်ငံခြားရေး ဝန်ကြီးက လာရောက်ကြိုဆိုခဲ့သည်။
အိုင်ယာလန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ Ambassador of Conscience ဆုကို အဆိုတော် ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဂုဏ်ထူးဆောင် ဒဗ္ဗလင်မြို့သူ ဆုကိုလည်း လက်ခံရယူခဲ့သည်။
U2 အဖွဲ့အပါအဝင် ကမ္ဘာကျော် အဆိုတော်များ၊ သရုပ်ဆောင်များမှ ဂုဏ်ပြု တင်ဆက်သည့် Electric Burma အမည်ရှိ ဂီတပွဲတော်သို့လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။
ဂီတပွဲတော်အပြီး ဒဗ္ဗလင်မြို့တော်ရှိ ဂုဏ်ပြုရင်ပြင်တွင် အိုင်ယာလန်ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ စကားပြောကြားခဲ့သည်။