ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များ အကြား စစ်ရေး တင်းမာမှု ၄ ရက်ခန့် အကြာ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ ပြေလည်သွားပြီ ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်းရှိ SSA-S လွယ်ကော်ဝမ်း တပ်စခန်းကို ယခုလ ၁၆ ရက်နေ့မှ စတင်၍ UWSA တပ်ဖွဲ့ဝင်များက သွားရောက် ဝိုင်းထားပြီးနောက် စစ်ရေးအရ တင်းမာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
SSA-S တပ်ဖွဲ့ဝင်များက နယ်မြေ ကျူးကျော်ခဲ့သည့် အတွက် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သျှမ်း သံတော်ဆင့် သတင်းဌာနတွင် ဖော်ပြထားသည်။
လွယ်ကော်ဝမ်း တပ်စခန်းသည် ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင် မယ့်ဖာလွန်မြို့နယ် တဖက်ကမ်းတွင် တည်ရှိကြောင်း သိရသည်။
ယနေ့တွင် SSA-S က စာတစောင် ထုတ်ပြန်သည်။ ယင်းစာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက် က UWSA ခေါင်းဆောင် ဦးပေါက်ယူချမ်း ထံသို့ SSA-S တပ်ဖွဲ့မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပေးပို့သည့် စာပါ အကြောင်းအရာ အတိုင်း ဖြစ်သည်။
SSA-S က ထုတ်ပြန်သည့် ယခုစာတွင် အဖွဲ့အစည်း တခုနှင့်တခု လေးစား နားလည်သောအားဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် ကြ ရန်နှင့် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရရှိရန် ကြိုးပမ်းနေကြချိန်တွင် ပိုအလေးထားသင့်ကြောင်း စသည်ဖြင့် ပါရှိသည်။
UWSA တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ရယူခဲ့သည်။
အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေတွင် UWSA ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားပြီး အထူးဒေသ အမှတ် – ၂ အဖြစ် သတ်မှတ်ပေးသော ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် UWSA တပ်ဖွဲ့များ လှုပ်ရှားနေသည်။
ယင်းအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ဖော်ပြထားသည်။
ပြီးခဲ့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အစိုးရ ကိုယ်စားလှယ် ဟောင်း ဦးအောင်သောင်းနှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။ UWSA သည် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး ဖြစ်သည်။