မန္တလေးထောင်တွင် ကင်ဆာရောဂါဖြစ်ပွားနေသူ နိုင်ငံရေးအကျဉ်းသားတဦးအား အာဏာပိုင်တို့က ဂရုတစိုက် ကုသမှု ပေးနေသောကြောင့် နိုင်ငံရေးအကျဉ်းသားအရေး စောင့်ကြည့်သူများက ကြိုဆိုလိုက်ကြသည်။
ယခင်က အထိန်းသိမ်းခံ နိုင်ငံရေးသမားများသည် ထိရောက်သည့် ကုသမှု မရရှိခဲ့ကြောင်း ၎င်းတို့က ပြောကြသည်။
‘‘ကျနော် ကြုံတွေ့ခဲ့ရတဲ့ တလျှောက်လုံးမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဒီလို ကောင်းမွန်စွာ ဆေးကုသခွင့် ပေးတာ၊ မိသားစုနဲ့ အတူ နွေးနွေးထွေးထွေး ထားပေးတာ ဒါ ပထမဦးဆုံးပါဘဲ။ အခု အစိုးရသစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှ ဒီလိုမျိုး ကြုံတွေ့ဖူးတာပါ” ဟု မန္တလေး နိုင်ငံရေးအကျဉ်းသားကွန်ရက် တာဝန်ခံ ဦးကိုကိုလေးက ပြောသည်။
ဆေးဝါး နှင့် ဆေးပစ္စည်း မပြည့်စုံသည့် ထောင်ဆေးရုံတွင် ၂ လကြာ ကုသမှု ခံယူနေသော နိုင်ငံရေးအကျဉ်းသား ဦးညီညီမောင်သည် ပြီးခဲ့သည့်လကုန်ပိုင်းက မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခွင့် ရခဲ့ကြောင်း၊ ဆေးရုံက သူ့အား ခွဲစိတ်ကုသမှု ပေးခဲ့ကြောင်း သူ၏ သားငယ် ကိုစိုးခိုင်က ဧရာဝတီကို ပြောသည်။
‘‘လက်ရှိတော့ သူ့ကို ဓာတ်ကင်ဖို့အတွက် သွေးစစ်တာတွေ၊ နှလုံး စစ်တာတွေ လုပ်နေပါတယ်။ သူ့ကျန်းမာရေး အခြေနေကတော့ စိုးရိမ်ရတဲ့ အနေထားမှာ ရှိနေပါတယ်” ဟု ကိုစိုးခိုင်က ရှင်းပြသည်။
လူသားချင်း စာနာသောအားဖြင့် ဖခင်ဖြစ်သူအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် သမ္မတထံ စာရေးသား တောင်းဆိုထားကြောင်း ကိုစိုးခိုင်က ပြောသည်။
ဦးညီညီမောင်သည် ၂၀၀၃ ခုနှစ် ကျောက်ဆည်မြို့ ဘာသာရေးအဓိကရုဏ်းနှင့် ပတ်သက်ပြီး သေဒဏ်ကျခံခဲ့ရသော်လည်း မကြာသေးခင်က သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ သူ၏ ပြစ်ဒဏ်မှာ ထောင်ဒဏ်တသက်တကျွန်းသို့ ပြောင်းလဲသွားသည်ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ထောင်တွင်းအခြေအနေများ သိသိသာသာ ကောင်းမွန် တိုးတက်လာသည်ဟု ကြားသိရကြောင်း ဧရာဝတီကိုပြောသည်။
အကျဉ်းထောင်တွင်း စာဖတ်ခွင့်၊ ရုပ်မြင်သံကြား ကြည့်ခွင့်၊ ယခင်ထက်ပိုပြီး သက်တောင့်သက်သာ နေထိုင်ခွင့်များ ရနေကြောင်း၊ သို့သော်လည်း ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ကိုတိတ်နိုင်က ပြောသည်။
‘‘အခုလို အပြောင်းလဲကာလမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိကို မရှိသင့်တဲ့ ကိစ္စပါ။ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးရင် ဒီမိုကရေစီ ဖြစ်ပေါ်ဖို့အတွက် အားရစရာ မကောင်းသေးပါဘူး” ဟု ၎င်းက ပြောသည်။
နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ၄၆၉ ဦး ကျန်ရှိနေသေးသည်ဟု AAPP ၏ စာရင်းများအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နော်ဝေနိုင်ငံတွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု လက်ခံရယူစဉ် အကျဉ်းကျ နိုင်ငံရေးသမားများအရေးကို ထည့်သွင်းပြောဆိုခဲ့သည်။
‘မထင်ရှားသော နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးကြောင်း၊ ၎င်းတို့ မြန်မြန်နှင့် ခြွင်းချက်မရှိ ပြန်လွတ်လာရေးအတွက် နည်းမျိုးစုံ လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ဤအတောအတွင်း နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်ပြီး အစိုးရဝန်ကြီးတဦး၏ ပြောဆိုချက် ပေါ်ပေါက်လာသည်။
အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ရှေ့လဆန်းတွင် ထပ်မံလွှတ်ပေးရန် စီစဉ်ထားသည်ဟု နော်ဝေနိုင်ငံသို့ ရောက်နေသည့် စက်မှုဝန်ကြီး ဦးစိုးသိန်းက AFP သတင်းဌာနကို တနင်္လာနေ့တွင် ပြောလိုက်သည်။ သို့သော်လည်း လွှတ်ပေးမည့် အရေအတွက်ကို ထည့်သွင်းပြောဆိုခြင်း မရှိပေ။