သတင်း

ရခိုင် ပဋိပက္ခနှင့် ဆက်နွယ်သည့် ၇ ဦး ဘင်္ဂလားဒေ့ရှ် ၌ ဖမ်းမိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိသည်ဟူသော မသင်္ကာမှုဖြင့် မူဆလင် ၇ ဦးအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တနင်္လာနေ့တွင် ကောက်စ် ဘဇားမြို့ ဟိုတယ်တခုမှ ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ကောက်စ် ဘဇား ပင်လယ်ကမ်းခြေသို့ သွားရာ လမ်းတခုကို တွေ့ရစဉ်(ဓာတ်ပုံ – bicycle-adventures.com)
ကောက်စ် ဘဇား ပင်လယ်ကမ်းခြေသို့ သွားရာ လမ်းတခုကို တွေ့ရစဉ်(ဓာတ်ပုံ – bicycle-adventures.com)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်စ် ဘဇားမြို့ (အောင်ချမ်းသာမြို့) ရဲမင်းကြီး ကာမ်ရုလ် ဟာဆန် ဦးဆောင်ပြီး သတင်းအရ တနင်္လာနေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ တရားဥပဒေအရ အရေးယူ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ် သတင်းများက ဖော်ပြသည်။

ယခု ဖမ်းဆီးခံရ သူများသည် ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ဆက်စပ်ပြီး ကောက်စ် ဘဇားမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဟု ရဲမင်းကြီး ကာမ်ရုလ်ထံ ခွင့်တောင်းသူများအား ထိန်းချုပ်နေသူများ ဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ရဲမင်းကြီး အနေဖြင့် ဖမ်းဆီးရမိသူများမှာ ကောက်စ် ဘဇားမြို့မှ ဘာသာရေးခေါင်းဆောင် အိနာမူလ် ဟော(က်)၊ အကြီးအကဲ အာဟာမတ် နုရုလ် ကော်ဘိရ် ဟေလာလီ(၄၈)နှစ်နှင့် ဟာဖေဇ် အာဘ်ဒူလ် ဟော(က်)(၅၄)၊ တာခ်နာမြို့ နီလာမြို့နယ် ဘာသာရေး ခေါင်းဆောင် အာဘ်ဆာရ် အူဒိန် ဟောင်ဒူရီ (၄၇)၊ ရာမူး (ပန်းဝါမြို့) ဘာသာရေး ခေါင်းဆောင် အာဘူလ် မောင်န်ဇူရ် (၄၀)နှင့် ဘာသာရေး ကျောင်းဆရာ အာဘူက္ကရ် ဆိဒ္ဒိကီ(၄၇)နှစ် စသည်တို့ဖြစ်ကြောင်း ဒေသခံ သတင်းထောက်များကို ယမန်နေ့က ထုတ်ဖော် ပြောဆိုသည်။

“ကောက်စ် ဘဇားမြို့ရှိ အာအာဆိ(က်) ပါလောင်ကိ ဟိုတယ်မှာ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်ခဲ့တဲ့ပဋိပက္ခနဲ့ ဆက်စပ်ပြီး သူတို့တွေ စုစည်း ဆွေးနွေးနေကြချိန် သတင်းအရ ဖမ်းဆီးတာပါ၊ ဒီမှာ အဲသလို ဖြစ်လာအောင် သူတို့ကြံစဉ်နေခဲ့ပါတယ်”ဟု ရဲမင်းကြီးက သတင်းထောက်များကို ပြောသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍လည်း ယခုဖမ်းဆီးထားသူများက သတင်းမှားများနှင့် ဝါဒဖြန့် နံရံကပ်စာစောင်များကို မြို့တွင်း၌ ဖြန့်ဝေခြင်း ပြုလုပ်ကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး မြို့လူထုအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

ယခုအခါ ကောက်စ် ဘဇားမြို့၌ ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ဆက်စပ်၍ အကြမ်းဖက်မှုများ မဖြစ်လာရေးအတွက် စစ်တပ် အပါအဝင် လုံခြုံရေးများ ချထားသည်။

ကောက်စ် ဘဇားမြို့နှင့် ခရိုင်အတွင်း၌ ဗုဒ္ဓဘာသာဝင် ကျေးရွာများလည်းရှိနေပြီး စိုးရိမ်မှုကြောင့် လုံခြုံရေးညကင်းများ စောင့်နေကြ ရကြောင်း သိရသည်။

လွန်ခဲ့သော စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များက ပန်းဝါ(ရာမူး)မြို့နယ် ဆိုနာဆရီ (ရွှေချောင်း)နယ်မြေတွင် ရခိုင်ပြည်နယ်မှ ဘာ သာရေး ခေါင်းဆောင်များသည် ကျေးရွာများ အနီးသို့ ရောက်ရှိနေကြောင်း မျက်မြင်များ၏ သတင်းပေးပို့ချက်အရ ဒေသ အတွင်း စိုးရိမ်မှုများလည်း ဖြစ်ပေါ်နေသည်။

ဇွန်လဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခကာလတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နိုင်ငံအတွင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများကို နေရာအနှံ့ လိုက်လံဖမ်းဆီးခဲ့ပြီး အချုပ်ထောင်များ၌ ထိန်းသိမ်းထားကာ ခေါင်းဆောင်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိခဲ့သည်။

တနင်္လာနေ့အထိ နတ်မြစ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်ဘက် ကျူးကျော်လာကြသည်ဟုဆိုပြီး ဖမ်းဆီးရမိသည့် ၁၅၆ ဦးအနက် ၁၄၄ ဦးကို တာခ်နာအခြေစိုက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်း အမှတ်(၄၂)က ရခိုင်ပြည်နယ်ဘက်သို့ ပြန်လည် ပို့ဆောင် ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading