မြန်မာအစိုးရအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် သိသာထင်ရှားစွာ အခြေအနေ တိုးတက်လာသောကြောင့် စောင့်ကြည့်အဆင့် အဆိုးဆုံး ၃ မှ အဆင့် ၂ သို့ အမေရိကန်က ယမန်နေ့တွင် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။
“မနှစ်တုန်းက ဘာတွေမြင်တွေ့ခဲ့ရသလဲဆိုတော့ မြန်မာအစိုးရဟာ ထူးထူးခြားခြားလုပ်ဆောင်ခဲ့တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် မျှော်လင့်မထားခဲ့တဲ့ လုပ်ဆောင်မှုတွေကို လုပ်ပြသွားပါတယ်” ဟု လူကုန်ကူးမှု စောင်ကြည့်ရေးနှင့် တိုက်ဖျက်ရေးရုံး ညွှန်ကြားရေးမှူး၊သံအမတ် Luis CdeBaca က သတင်းထောက်များကို ပြောသည်။
နိုင်ငံပေါင်း ၁၈၀ ကျော်အား လေ့လာထားသည့် ၂၀၁၂ လူကုန်ကူးမှု အစီရင်ခံစာကို ယမန်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
လူကုန်ကူးမှုနှင့် ပတ်သက်၍ အစိုးရများက အနိမ့်ဆုံး သတ်မှတ်ထားချက်အထိ အပြည့်အဝ လုပ်ဆောင်ပေးမှုမရှိလျှင်၊ သိသာမြင်သာသော ဆောင်ရွက်မှုများ မရှိလျှင် လူကုန်ကူးမှု စောင့်ကြည့်အဆင့် ၃ အဖြစ် သတ်မှတ်ကြောင်း၊ လူကုန်ကူးခံရသူများ အကာအကွယ်ပေးရေး ဥပဒေ (TVPA) အနိမ့်ဆုံး သတ်မှတ်ချက်အတိုင်း အပြည့်အဝ မလုပ်ဆောင်နိုင်သေးသော်လည်း လိုက်နာနိုင်ရန် အထူး ကြိုးပမ်းဆောင်ရွက်သော အစိုးရများကို စောင့်ကြည့် အဆင့် ၂ အဖြစ် သတ်မှတ်ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျနော်တို့ စိုးရိမ်ခဲ့တာက လူကုန်ကူးမှုကိစ္စ သက်သက်တင် မဟုတ်ပါဘူး။ တရုတ်နိုင်ငံကို လိင်ကိစ္စအတွက် လူကုန်ကူးခံရတာ၊ ထိုင်းနိုင်ငံကို လိင်ကိစ္စအတွက်ရော၊ အလုပ်ခိုင်းစေဖို့ပါ လူကုန်ကူးခံရတာ၊ ဒါ့အပြင် အစိုးရကိုယ်တိုင်က အဓမ္မ လုပ်ဆောင်မှုတွေဖြစ်တဲ့ ရွာတွေနဲ့ ရွာသားတွေကို ၁၉၀၇ ကျေးရွာနှင့် မြို့နယ် အက်ဥပဒေအရ ပြောင်းရွှေ့ခိုင်းတာတွေ ပါဝင်ပါတယ်။ စစ်တပ်အတွက် ပေါ်တာဆွဲတာကနေ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ လုပ်အားပေးခိုင်းတာတွေ အထိပါ” ဟု သံအမတ် Luis CdeBaca က ဆိုသည်။
မြန်မာနိုင်ငံတွင် ခေတ်မမီတော့သော ဥပဒေများကို ဖျက်သိမ်းမှသာ အစိုးရကိုယ်တိုင်က အဓမ္မလုပ်ဆောင်ခိုင်းမှုများ တရားဝင်နေမှု ရပ်တန့်သွားမည်ဟုလည်း ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကာလရှည်ကြာ တိုက်ပွဲဝင်ခြင်းကို လူသိများသော်လည်း လူကုန်ကူးမှုနှင့် အဓမ္မ ခိုင်းစေမှုများအတွက် လုပ်ရှားဆောင်ရွက်ခဲ့ခြင်းကို မေ့လျှော့နေသကဲ့သို့ ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အထူး အသိအမှတ်ပြုကြောင်းလည်း သံအမတ် Luis CdeBaca က ဆက်လက်ပြောသည်။
၎င်းက “မြန်မာပြည် အပြင်ဘက်ကို ထွက်တော့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သွားတဲ့နေရာက ထိုင်း ငါးလုပ်ငန်းတွေမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရှိရာ နေရာပဲ ဖြစ်ပါတယ်။ သူတို့ အသုံးချခံနေရတာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်” ဟု ဆိုသည်။
ယမန်နေ့က ထုတ်ပြန်သော လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များသည် အဓမ္မ အလုပ်ခိုင်းစေရေးအတွက် အရင်းအမြစ်ကြီးဖြစ်နေကြောင်း၊ အမျိုးသမီးနှင့် ကလေးငယ်များသည် တခြားနိုင်ငံများသို့ လိင်ကုန်ကူးခံနေကြောင်း၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့သို့ လုပ်အားခေါင်းပုံဖြတ်ခံရရန် သို့မဟုတ် လိင်လုပ်ငန်းတွင် လုပ်ကိုင်ရန် လူကုန်ကူးခံနေရကြောင်း ဖော်ပြထားသည်။