သတင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလွှာပေါင်းစုံပါဝင်နိုင်ရန် WLB တိုက်တွန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွက် အမျိုးသမီးများ အပါအဝင် အလွှာပေါင်းစုံ ပါဝင် ခွင့်ပြုရန် တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် စုစည်းထားသော အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ(WLB) က ယနေ့ တိုက် တွန်းလိုက်သည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပဋိပက္ခများကိုဖြေရှင်းရာတွင် အစိုးရနှင့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ အကြား ဖြေရှင်းရုံဖြင့် မပြီးဘဲ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် နိုင်ငံသား အား လုံး ကို မဖြစ်မနေထည့်သွင်း၍ ညှိနှိုင်းဆွေးနွေးရန်လိုကြောင်းလည်း ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ထောက်ပြသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအား သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့်အဖွဲ့ဝင် ၁၂ ဦး၊ ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအား ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်၍ အဖွဲ့ဝင် ၅၂ ဦးတို့ဖြင့် မေလဆန်းက ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့များ၌ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ စစ်တိုင်းမှူးများ၊ ဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ်များ နှင့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ အနက် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု အစိုးရက ရထားပြီး ဖြစ်သော်လည်း ထိုသဘောတူမှုနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုတို့တွင် ခိုင်မာမှု မရှိသေးသဖြင့် စိုးရိမ်နေရဆဲ အခြေအနေမှာပင် ရှိနေသေးသည်ဟု WLB က ဆိုသည်။

WLB က ဦးသိန်းစိန် အစိုးရ၊ မြန်မာ့ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ မဟာမိတ် နိုင်ငံရေးအဖွဲ့များအားလုံးကို ပြည်တွင်းငြိမ်းချမ်းရေး ရှေးရှု၍ သဘောထား အမှန်များဖြင့် လုပ်ဆောင်ကြပါရန် ယနေ့တွင် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။ ဖေဖော် ဝါရီ လပိုင်းမှ စတင်၍ ပြည်တွင်း ဌာနေမဲ့ ဒုက္ခသည်များ၊ ပြည်ပရောက် ရွေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည် စခန်းများတွင် နေထိုင်သော ဒုက္ခသည်များ အပါအဝင် စုစုပေါင်း ၁၇၀၆၃ ဦးတို့၏ စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လက်မှတ်ထိုး တောင်း ဆိုမှုကို ပူးတွဲပေးပို့ခဲ့ကြောင်းလည်း သိရသည်။

“ဒုက္ခသည်တွေအားလုံး မိမိနေရပ်ပြန်ပြီး လုံလုံခြုံခြုံနေထိုင်နိုင်ဖို့အတွက် ပြည်လုံးကျွတ်အတိုင်းအတာ ဆောင်တဲ့ ငြိမ်းချမ်းရေး ဖြစ် စဉ်မျိုးလိုအပ်ပါတယ်။ ဒါမှလည်း သူတို့တွေရဲ့မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန် နေစေမှာပါ”ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။

သမ္မတ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှု တချို့ကို WLB အနေဖြင့် ကြိုဆိုကြောင်း၊ သို့သော် အစိုးရနှင့် လက်နက်ကိုင် တိုင်း ရင်းသား အဖွဲ့များအနေဖြင့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် အမျိုးသမီးများကို လျစ်လျူရှုထားကြောင်း၊ စစ်မှန် သော ဒီမိုကရေစီနိုင်ငံတည်ထောင်လိုပါက အမျိုးသမီးများ၏ ပါဝင်မှုကို လက္ခံပေးရန်လိုအပ်ကြောင်းလည်း ဒေါ်တင်တင်ညိုက ပြော ဆိုသည်။

“စစ်ပွဲတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေဟာ အဓိကဒဏ်ခံခဲ့ရသူတွေဖြစ်တယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အသံတွေ၊ ခံစားချက်တွေ ပါဖို့ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်ဖို့ အလေးနက်ထား စဉ်းစားရမယ်လို့ ကျမတို့ တိုက်တွန်း ချင်တယ်၊ ဒီမိုကရေစီကို ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ အမျိုးသမီးတွေ မပါဘဲနဲ့တော့ လုပ်လို့ မရနိုင်ဘူးလို့ ပြော ချင်တယ်”ဟု သူက ဆက်ပြောသည်။

တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင် ပါဝင် စေချင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ဂုဏ်ပြုလွှာတွင် ဖော်ပြ ထား သည်။ စစ်မှန်သော လူထု အုပ်ချုပ်ရေးနှင့် ပြည်ထောင်စုစနစ် ထူထောင်နိုင်ရေးတို့ကို ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ လက်တွဲ ဝန်းရံသွားမည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်ရန် ယခုနှစ် ဇန်နဝါရီလပိုင်းက သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ညွှန်ကြားခဲ့သော်လည်း အစိုးရတပ်များက လိုက်နာခြင်းမရှိဘဲ တိုက်ပွဲများနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်သဖြင့် သမ္မတ၏ လုပ်ပိုင်ခွင့်အပေါ် WLB က သံသယရှိနေသည်ဟု ဆိုသည်။

“အခုချိန်မှာ ကျမတို့ စိုးရိမ်မှုတွေ ပိုတိုးလာတယ်၊ ကချင်ပြည်မှာ ဆက်ဖြစ်နေတဲ့ ပြင်းထန်တဲ့ စစ်ပွဲတွေကြောင့် စစ်ပြေး ဒုက္ခသည် တွေ ပိုတိုးလာတယ်၊ အခုဆိုရင် ၈၀၀၀၀ ဝန်းကျင်ထိ ရှိလာပြီလို့ ပြောလို့ရပါတယ်”ဟု WLB သဘာပတိ အဖွဲ့ဝင်နှင့် ကချင် အမျိုးသမီးအစည်းအရုံး(KWAT) ၏ တာဝန်ခံ ဂျန်မွန်းနေလီ က ပြောသည်။

ထို့အတူ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများတွင် အမျိုးသမီးများနှင့် ကလေးငယ် အများစု ဒုက္ခသည်များအဖြစ် ခိုလှုံနေကြရပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း၊ ထိုဒုက္ခသည်များ၏ ဘဝလုံခြုံရေး အတွက် အစိုးရအနေနှင့် အပြည့်အဝ တာဝန်ယူလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ဂျန်မွန်းနေလီ က ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သောပဋိပက္ခများကို အစိုးရက ထိန်းသိမ်းနိုင်သော်လည်း အချိန်စွဲလုပ်ဆောင်နေခြင်းကြောင့် ပြဿနာ ပိုမိုကြီးထွားခဲ့ကြောင်း ဒေါ်တင်တင်ညိုကလည်း ဝေဖန်ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading