မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့ နှစ်အတန်ကြာ နေထိုင်ခဲ့တဲ့ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်မြို့ကို သူ့ရဲ့ အသက် ၆၇ နှစ် မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ပြန်လည် ရောက်ရှိ လည်ပတ်ခဲ့ပြီး မိတ်ဆွေဟောင်းတွေနဲ့ ဝမ်းမြောက်ဝမ်းသာ တွေ့ဆုံ ခဲ့ပါတယ်။
အောက်စ်ဖို့ဒ် အနောက်ပိုင်းက လူတွေအဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်ဘီးလေးစီးပြီး ဈေးဝယ် ထွက်တတ်တဲ့ ပိန်ပိန်သေးသေး အိမ်ရှင်မတယောက်၊ ဖော်ရွေပြီး ခင်မင်စရာ ကလေး ၂ ယောက် မိခင် အိမ်နီးနားချင်း တယောက် ဖြစ်ခဲ့တာကို အမှတ်ရကြပါတယ်။
၁၉၈၈ ခုနှစ်က မိခင်ကြီး ဒေါ်ခင်ကြည် နာမကျန်းဖြစ်လို့ မြန်မာပြည်ပြန်ခဲ့ရာက မြန်မာပြည် နိုင်ငံရေးထဲမှာ ပါဝင်လာရပြီး မိသားစုရှိရာကို မပြန်နိုင်ခဲ့တာ ၂၄ နှစ်တာ ကြာခဲ့ပါပြီ။
“ကျမ စိတ်မချမ်းသာပါဘူး။ ခဏခဏလည်း ပြောဖူးပါတယ်။ ကျမ အနစ်နာခံ စွန့်လွှတ်ခဲ့တာကို ပုံကြီးမချဲ့ချင်ဘူး။ ဒါ ကျမကိုယ်တိုင် ရွေးချယ်ခဲ့တာပါ” လို့ လန်ဒန်အခြေစိုက် ITV ရုပ်သံ အမေးအဖြေမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
မြန်မာပြည်ရဲ့ ကံကြမ္မာကို ဦးဆောင်တာဝန်ယူဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေက ပြည်ဝင်ခွင့် ပြန်မပေးတော့မှာ စိုးရိမ်လို့ ခင်ပွန်းဖြစ်တဲ့ တိဘက်ရေးရာ ကျွမ်းကျင်သူ ဒေါက်တာ မိုက်ကယ်အဲရစ် ဆီးကျိတ်ကင်ဆာနဲ့ ကွယ်လွန် သွားခဲ့တာတောင် ပြန်မလာ နိုင်ခဲ့ပါဘူး။
“တကယ် အနစ်နာခံရတာက ကျမ ခင်ပွန်းနဲ့ သားတွေပါ။ အထူးသဖြင့် ကျမ သားတွေပါ။ ခင်ပွန်းဖြစ်သူက အသက်အရွယ် အရ ရင့်ကျက်နေပြီ။ ကျမသားတွေ ငယ်သေးတယ်။ မိဘနှစ်ပါးစလုံး အနားမှာ မရှိတော့ သူတို့ဘဝအတွက် အင်မတန် ခက်ခဲမယ်။ ကျမ ရင်ထဲ မကောင်းဘူး။ နောက်ဆုံးတော့ … ဪ၊ တခုလိုချင်ရင် တခုတော့ စွန့်လွှတ်ရမှာပဲလို့ ဖြေသိမ့်မိတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အောက်စ်ဖို့ဒ်မြို့လေးဆီ ပြန်လာတာကို လက်ရှိ အောက်စ်ဖို့ဒ် တက္ကသိုလ်အုပ်ချုပ်ရေးမှူး၊ တချိန်က ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ မစ္စတာ ခရစ်ပတ်တန်က တရားဝင် အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး စိန့်ဟျူးကောလိပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျောင်းနေဘက်တွေက သူ့ရဲ့ အသက် ၆၇ နှစ် မွေးနေ့ကို ကျင်းပပေးခဲ့တယ်။
အောက်စ်ဖို့ဒ်မှာ ဆက်နေနေတဲ့ သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းကို အော်စလို နိုဘဲလ် ဆုချီးမြှင့် ပွဲမှာကတည်းက အများက မြင်တွေ့နေရပေမယ့် အမေရိကန်မှာ နေနေတဲ့ သားကြီး အလက်ဇန်းဒြားကိုတော့ အခုထိ မတွေ့မမြင် ရသေးပါဘူး။
အောက်စ်ဖို့ဒ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လာတဲ့အချိန်မှာ မြန်မာတွေ အပါအဝင် လူ ၄၀၀ လောက်က စောင့်ကြို နှုတ်ဆက်ခဲ့ကြ ပါတယ်။
မနေ့က ကျရောက်တဲ့ သူ့မွေးနေ့မှာ သွားလေရာ မွေးနေ့ဆုတောင်းပေးတဲ့ သူတွေနဲ့ လူတိုင်းက နှုတ်ခွန်းဆက်ကြတဲ့ အပြင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝီလျံဟိတ်သ် ကလည်း အင်္ဂလန်ပါလီမန် အမတ်တွေကို မွေးနေ့ဆုတောင်း ပို့ပေးကြဖို့ ပြောပါသေးတယ်။
ဒါ့အပြင် လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံကျောင်း (LSE) က စီစဉ်ကျင်းပတဲ့ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့ပြီးတော့ အဲဒီကျောင်းက ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ လက်ဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ပေးအပ်ခဲ့ပါသေးတယ်။
အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားနိုင်မှာ မဟုတ်ဘူးလို့ ရာနဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေ၊ ပညာရှင်တွေကို ပြောကြားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ လာမယ့်ကာလမှာ ခရီးကြမ်းဖြတ်ကျော်ရလိမ့်မယ် ဆိုတာကို သတိပြုမိစေဖို့ အတွက် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိဖို့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ LSE က စကားဝိုင်း ကျင်းပခဲ့တာပါ။
“အချိန်က ကုစားမှာမဟုတ်ဘူး၊ အတိတ်ကအမှားတွေအတွက် ဝန်ခံရမှာဖြစ်တယ်။ ဒီမိုကရေစီဖော်ဆောင်ရေး၊ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး ကျမတို့ မျှော်လင့်တဲ့ တိုးတက်မှုတွေက တရားဥပဒေ စိုးမိုးရေးရဲ့ အရေးကြီးမှုကို နားလည်တဲ့အပေါ်မှာ အများကြီးမူတည်တယ်” လို့လည်း သူက ဆိုပါတယ်။
ပြီးတော့ BBC သတင်းဌာနကို သွားရောက်ခဲ့ပါတယ်။ BBC မှာ ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး ဒီဂျေ မစ္စတာဒေ့ဗ်လီး ထရာဗစ် ကို ခဏ ဝင်နှုတ်ဆက်ပါတယ်။ အခု စီးပွားဖြစ် ရေဒီယိုတခုမှာ ပြောင်းရွှေ့လုပ်ကိုင်နေပြီဖြစ်တဲ့ ဒီဂျေရဲ့ တေးဂီတ အစီအစဉ်ဟာ နေအိမ်အကျယ်ချုပ် ကာလများအတွင်း ဒေါ်အောင်ဆန်းစုကြည် မပြတ်နားဆင်ခဲ့တာပါ။
ဒီနေ့ ဇွန်လ ၂၀ ရက်နေ့မှာတော့ အောက်စ်ဖို့ဒ်မြို့ရဲ့ နာမည်ကျော် တက္ကသီလာကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပြီး မနက်ဖြန်တော့ ဗြိတိသျှပါလီမန်မှာ မိန့်ခွန်း ပြောပါမယ်။
၂၂ ရက်နေ့မှာတော့ လန်ဒန်ရောက် မြန်မာ မိသားစုဝင်တွေနဲ့ တွေ့ဖို့ ရှိပါတယ်။ ပြည်တော်ပြန်ဖို့ စီစဉ်နေတဲ့ လူထုအချစ်တော် အဆိုတော်ကြီး ဒေါ်မာမာအေး၊ မြန်မာပြည်က အလည်ရောက်နေတဲ့ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၊ ဆိုင်းဆရာ သီရိ မောင်မောင်၊ ပန်းချီနဲ့ ပါဖောမန့် အနုပညာရှင် ကိုထိန်လင်းတို့ ပါဝင်တဲ့ မြန်မာ့အနုပညာ စင်တင်ပွဲလည်း ပါမယ်လို့ ဧရာဝတီက စုံစမ်းသိရှိရပါတယ်။
လန်ဒန်မလာခင် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ၂၀၀၉ ခုနှစ်မှာ သူ့ကို ပေးအပ်ခဲ့တဲ့ “ယုံကြည်ချက်ရဲ့ သံတမန်” ဆုကို လက်ခံရယူပါတယ်။
နော်ဝေးမြို့တော် အော်စလိုကနေ ဒဗ္ဗလင်မြို့ကိုလာဖို့ ကမ္ဘာကျော် ရော့ခ်စတား ဘိုနိုက သူ့ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ သွားခေါ်ခဲ့ပြီး “အီလက်ထရစ်ဘားမား” စင်တင်ဂီတပွဲနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ AIDS ရောဂါ ကာကွယ်တားဆီးရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ ပါဝင်နေတဲ့ ဒဗ္ဗလင်မြို့သား အဆိုတော် ဘိုနိုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီး “ဆက်လျှောက်” ဆိုတဲ့ သီချင်းကို ရေးဖွဲ့သီဆိုခဲ့ဖူးပါတယ်။
အခမ်းအနားအဖွင့်မှာ ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို “ကမ္ဘ္ဘာကြီးက ခင်ဗျားအိမ်ပါ” ဆိုတဲ့ နှုတ်ဆက်စကား ပြောရာမှာ “ဒီမနက် အော်စလိုက ခင်ဗျားအိမ်၊ ဒီည လန်ဒန်ကလည်း ခင်ဗျားအိမ်၊ ဒီမွန်းလွဲမှာ ဒဗ္ဗလင် ကလည်း ခင်ဗျားအိမ်ပဲ ဆိုတော့ အိမ်ကနေ ကြိုပါရစေ” လို့ ပြောသွားခဲ့ပါတယ်။