မြန်မာနိုင်ငံက တက္ကသိုလ်တွေကို လုံခြုံရေးအမြင်နဲ့ ထိန်းချုပ်နေတာကြောင့် တက္ကသိုလ်ရဲ့ လွတ်လပ်မှုနဲ့ အနှစ်သာရ ပျောက်ဆုံးနေရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။
“ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း လွတ်လပ်ခွင့်တွေလည်း မရှိ ကြပါဘူး။ ကျောင်းသားတွေ စည်းကမ်းတကျ ဖြစ်ဖို့လိုတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ထိန်းထားချင်တဲ့ အတွက် တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘဝတွေဟာ မပီပြင် ပျက်ဆီးခဲ့ရပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ ကျောင်းသားဆိုတာမျိုးက ဒီလို ထိန်းချုပ်ထားလို့ မ ရပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ပြောခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အောက်စ်ဖို့ဒ် တက္ကသိုလ်က ၁၉၉၃ ခုနှစ်ကတည်းက ချီးမြှင့်ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် မြို့ပြနှင့် ဒေသန္တရ ဥပဒေ ပါရဂူ (Honorary Doctorate in Civil Law) ဘွဲ့ကို လက်ခံရယူပြီးတဲ့ အချိန်မှာ မြန်မာပြည်က တက္ကသိုလ်တွေနဲ့ ပတ်သက်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အောက်စ်ဖို့ဒ် တက္ကသိုလ်နယ်မြေကို ၂၄ နှစ်ကြာမှ ပြန်ရောက်ခဲ့ရတဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မိတ်ဆွေဟောင်းတွေ ဖြစ်တဲ့ St. Hugh တက္ကသိုလ် ကျောင်းသားဟောင်းတွေနဲ့လည်း ပြန်လည်တွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါရဂူ ဘွဲ့မိန့်ခွန်းက နိုဘဲလ်ငြိမ်းချမ်းရေး မိန့်ခွန်းနဲ့မတူဘဲ ပေါ့ပေါ့ပါးပါး ပြောသွားတာ ဆိုပေမယ့် နားထောင်သူတွေကို ပြန်လည်နုပျိုသွားပြီး ကျောင်းသားဘဝတွေကို ပြန်အမှတ်ရသွားလောက်အောင် ဆွဲဆောင်မှုရှိတာ တွေ့ရပါတယ်။
အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းဝန်းအတွင်းမှာ သူငယ်စဉ်က ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ပညာ သင်ကြားခဲ့ရပုံတွေ၊ သမိုင်း နောက်ခံ အမျိုးမျိုးနဲ့ ရောက်လာတဲ့၊ အတွေးအမြင် မတူသူ သူငယ်ချင်းတွေနဲ့ အမြင် ဖလှယ်ခွင့် ရခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောင်းပြောပြရင်း မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘဝတွေနဲ့တော့ ကွာခြားတယ်လို့ သူက ပြောသွားပါတယ်။
တက္ကသိုလ်ဆိုတာ၊ ကျောင်းဆိုတာ လူငယ်တွေအတွက် သူတို့ရဲ့ ကိုယ်ပိုင် ကမ္ဘာတွေအဖြစ် ဖန်တီးရမှာ ဖြစ်တဲ့ အကြောင်း၊ ဒါမှမဟုတ်ရင်လည်း လက်ရှိ ကမ္ဘာကြီးကို သူတို့ စိတ်ကူးတွေနဲ့ ပိုင်ဆိုင်ခွင့်၊ ဖန်တီးခွင့် ရသင့်ကြောင်း၊ မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘဝတွေကတော့ အနှစ်သာရ ကင်းမဲ့နေတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ် ဆိုတဲ့အေကြောင်း သူက ဆိုပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပညာရေးစနစ်က အလွန်အရေးကြီးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပိုမို ကောင်းမွန်လာဖို့အတွက် နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ရတဲ့ အတွေ့အကြုံကို ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အချိန်မှာ လူ့ယဉ်ကျေးမှု ပညာရပ်ကို သင်ယူခဲ့ရတဲ့အတွက် အကျိုးများတယ်၊ ပညာရပ်တွေကို လေ့လာ ရာမှာ ကျောင်းသင်္ခန်းစာ တခုတည်းက လေ့လာတာထက် လူ့ယဉ်ကျေးမှု ဘဝကြီးထဲက သင်ယူတာက ပို အကျိုးရှိတယ် ဆိုတဲ့အကြောင်း တွေလည်း ထည့်ပြောသွားပါတယ်။
လန်ဒန်ကနေ အောက်စဖို့ဒ်မြို့လေးဆီ ကားစီးလာတဲ့အချိန်မှာ ကားလမ်းက ပြေပြစ် ချောမွေ့နေပေမယ့် ကားမူးတဲ့ ဝေဒနာကို ခံစားရတယ် ဆိုတဲ့အကြောင်း၊ မြန်မာပြည်က လမ်းတွေကတော့ ကြမ်းတမ်းပေမယ့် သူ့အနေနဲ့ ခံနိုင်ရည် ရှိနေပြီ ဆိုတဲ့အကြောင်း ရယ်စရာ နှောပြီး ပြောဆိုချိန်မှာ နားထောင်တဲ့ပရိသတ်က လက်ခုပ်တီး ရယ်မောကြပါတယ်။
“အခုအချိန်မှာ မြန်မာနိုင်ငံဟာ လမ်းကြောင်းတခုပေါ် စပြီး လျှောက်လှမ်းနေပါပြီ။ ဒါပေမယ့် ဒီလမ်းဟာ အင်္ဂလန်မှာ အခု တွေ့နေရတဲ့ အဖြောင့်ဖြူးဆုံး လမ်းမျိုးတော့ မဟုတ်သေးပါဘူး။ ချောမွေ့မှု သိပ်မရှိသေးသလို၊ သေချာ ပြုပြင် ထိန်းသိမ်းထားတာလည်း မရှိသေးပါဘူး။ ပြောရမယ်ဆိုရင် အခုကျမတို့ ခရီးက ပန်းတိုင်ကို ရောက်သေးတာ မဟုတ် ဘူး” လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စ်ဖို့ဒ် တက္ကသိုလ် St. Hugh’s College မှာ ၁၉၆၄ ခုနှစ်က စတင် တက်ရောက်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဖီလော်ဆော်ဖီ၊ နိုင်ငံရေး၊ စီးပွားရေး ဘာသာရပ်တွေနဲ့ B.A ဘွဲ့ကို ရခဲ့ပါတယ်။ လန်ဒန်တက္ကသိုလ်ရဲ့ School of Oriental and African Studies ကနေပြီးတော့လည်း ၁၉၈၅ ခုနှစ်မှာ ဒေါက်တာ ဘွဲ့ကို ရရှိခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၆၇ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက် နေ့ကလည်း လန်ဒန်မှာ ရောက်ရှိနေတဲ့ တိဗက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ၁ နာရီနီးပါး တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် ပါလီမန် ၂ ရပ်မှာ မိန့်ခွန်း ပြောကြားမှာပါ။
မြန်မာ အတိုက်အခံခေါင်းဆောင်၊ လွှတ်တော် အမတ်၊ နိုင်ငံရေးပါတီတခုရဲ့ ဥက္ကဋ္ဌ အနေနဲ့ ဗြိတိန် ပါလီမန်မှာ စကား ပြောခွင့်ရတာဟာ ရှားပါးတဲ့ အခွင့်အရေး ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အရင်က ဗြိတိန် ပါလီမန် ၂ ရပ်မှာ အမေရိကန်နိုင်ငံ လက်ရှိ သမ္မတ ဘာရက် အိုဘားမားနဲ့ ပုပ်ရဟန်းမင်းကြီး Benedict XVI တို့လည်း မိန့်ခွန်းပြောကြား ခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်တော်ဝင်မင်းသား ချားလ်စ်နဲ့ ကြင်ယာတော်တို့ကလည်း သူတို့ အိမ်တော်မှာ ဒီနေ့ တွေ့ဆုံဖို့ ဖိတ်ကြားထားတဲ့အပြင် ဗြိတိန် ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန် အပါအဝင် ဗြိတိန် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် တွေနဲ့လည်း West minister ခမ်းမမှာ တွေ့ဆုံဦးမယ်လို့ သိရပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ လန်ဒန် ခရီးစဉ်အတွင်းမှာ ၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်နေ့က ဆီးကျိတ်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းသည် ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ အုတ်ဂူကိုလည်း သွားရောက် ဂါရ၀ ပြုခဲ့ ပါသေးတယ်။