လျှပ်တပြက်ဂျာနယ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ တရားစွဲပြီ
This article has been converted from Zawgyi One to Unicode
ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျှပ်တပြက်ဂျာနယ်အား ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်ရေးသားမှုဖြင့် အရေးပေါ် ဥပဒေ ပုဒ်မ ၅၀၅ (ခ) (ဂ) အရ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုလိုက်သည်။
ရန်ကုန်မြို့ ရန်ကုန်ဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲ၌ လျှပ်တပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်း၏ဂျာနယ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ပိတ်ပင်လိုက်သည့်အပြင် တရားစွဲဆို ခံထားရကြောင်း၊ လာမည့် ဇူလိုင် ၂၅ ရက်နေ့ တနင်္လာနေ့ နံနက် ၁၁ နာရီတွင် ပုဇွန်တောင်မြို့နယ်တရားရုံးတွင် တရားစတင် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောသည်။
“ကျနော့်ဂျာနယ်ကို ပုဇွန်တောင်မြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုကြောင်း ဆင့်ခေါ်စာ ရောက်လာ ပါတယ်” ဟု ဦးမြတ်ခိုင်က ဆိုသည်။
လျှပ်တပြက်ဂျာနယ်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာများက မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရသည်ဟု မှားယွင်း ဖော်ပြခဲ့သည့်အတွက် နိုင်ငံပိုင် သတင်းစာအမှား မည်သူ တာဝန်ယူမည်နည်း ခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း ရေးသားခဲ့သည့်အပြင် ကျောက်နီမော် ကျေးရွာ၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသော မသီတာထွေး၏ ဓာတ်ပုံကိုပါ ဖော်ပြခဲ့မှုကြောင့် စာပေစိစစ်ရေး၏ အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အစိုးရက စတင် တရားစွဲဆိုခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းမီဒီယာများတွင် ရခိုင်ပဋိပက္ခကို ဆူပူမှုများ ဖြစ်အောင် လှုံ့ဆော်ရေးသားပါက ပုဒ်မ ၅ (ည) အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၉ နှစ် ချမှတ်ခံရမည်ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အခမ်းအနားတွင် မီဒီယာများကို သတိပေး ပြောဆိုခဲ့သည်။
Eleven မီဒီယာမှ အယ်ဒီတာချုပ် ကိုဝေဖြိုးက လျှပ်တပြက်ဂျာနယ်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုသည့် ကိစ္စအား လုံး၀ ကန့်ကွက်ပြီး တရားဝင်စာ ထုတ်ပြန်ရှုတ်ချမည်ဖြစ်ကြောင်း၊ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင် သည်အထိ ပြုလုပ်သွားရန် ရှိကြောင်း ယနေ့ကျင်းပသော အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
“ကျနော်တို့ Eleven မီဒီယာအနေနဲ့ လျှပ်တပြက် ဂျာနယ်ဘက်ကနေ တသားတည်း ရပ်တည်တယ်” ဟု ကိုဝေဖြိုးက ဆိုသည်။
လတ်တလော အခြေအနေတွင် ဝန်ကြီးဌာနများ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက် ခြစားမှုများရှိသည်ဟု ထုတ်ဖော် ရေးသားခဲ့သော The Voice ဂျာနယ်ကိုလည်း အသရေဖျက်မှုဖြင့် ဒဂုံမြို့နယ် တရားရုံးတွင် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆို ထားသည်။
ပြန်ကြားရေး ဝန်ကြီးဌာနသည် လာမည့် ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်စတင်မည့် လွှတ်တော် အစည်းအဝေးများ၌ ပုံနှိပ် မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြဖွယ်ရှိကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီက ပြောဆိုသည်။
ဖြည့်စွက်ပြင်ဆင်ချက်
အထက်ပါသတင်းပါ
Eleven မီဒီယာမှ အယ်ဒီတာချုပ် ကိုဝေဖြိုးက လျှပ်တပြက်ဂျာနယ်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုသည့် ကိစ္စအား လုံး၀ ကန့်ကွက်ပြီး တရားဝင်စာ ထုတ်ပြန်ရှုတ်ချမည်ဖြစ်ကြောင်း၊ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင် သည်အထိ ပြုလုပ်သွားရန် ရှိကြောင်း ယနေ့ကျင်းပသော အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
“ကျနော်တို့ Eleven မီဒီယာအနေနဲ့ လျှပ်တပြက် ဂျာနယ်ဘက်ကနေ တသားတည်း ရပ်တည်တယ်” ဟု ကိုဝေဖြိုးက ဆိုသည်။
ဆိုသည့် စာပုဒ်ကို
Eleven မီဒီယာမှ အယ်ဒီတာချုပ် ကိုဝေဖြိုးက “လျှပ်တပြက် သတင်းဂျာနယ်အပေါ်မှာ အခုလိုမျိုး ပုဒ်မ ၅၀၅ နဲ့ အရေးယူတဲ့ ကိစ္စကို ကျနော်လုံး၀ လက်မခံပါဘူး၊ ကန့်ကွက်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက အစရှိအနောင်နောင် ကျနော်တို့အပေါ်မှာ အများကြီးဖိစီး လာနိုင်ပါတယ်။ ဒါ ကျနော်အနေနဲ့ လျှပ်တပြက်လို့မခံယူပါဘူး။ ကျနော်တို့ သတင်း မီဒီယာတွေ၊ ကျနော်တို့မီဒီယာ လောကသားတွေ အားလုံးအတွက်လို့ ကျနော်ခံယူပါတယ်။ ဒါကို လုံး၀ ကန့်ကွက်ပါတယ်။ Eleven မီဒီယာအနေနဲ့ ဒီလိုကိစ္စမျိုးမဖြစ်သင့်ဘူးလို့ ကျနော်တို့ ကန့်သတ်တောင်းဆိုမှုတွေ လုပ်သွားပါမယ်။ ကျနော်တို့ ဘက်ကနေ ဆက်လက်ဆောင်ရွက်သွားပြီး အကယ်၍ လိုအပ်ပါက ကျနော်တို့ မီဒီယာလောကအတွက် ကျနော်တို့ ကိုယ်တိုင် ဦးဆောင်ပြီး ဒါနဲ့ပတ်သက်လို့ ဆန္ဒဖော်ထုတ်သွားပါ့မယ်” ဟု ပြောသည်။ ဟု ပြင်ဆင်ဖတ်ရှုပါရန်။