မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့်သည် နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် နောက်ဆုံးနေရာတွင် ရှိနေသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသည့် မီဒီယာဥပဒေသည် သတင်းလွတ်လပ်ခွင့်ကို အခြေခံကာ သတင်းသမား၏ လုံခြုံရေးနှင့် လုပ်ပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ရမည့် ဥပဒေဖြစ်ရန် အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌသူရဦးအေးမြင့်က ပြောသည်။
ရန်ကုန်ဟိုတယ်တွင် ဇွန်လ ၂၁ ရက်နေ့က ကျင်းပပြုလုပ်သည့် မီဒီယာဥပဒေကြမ်းကိစ္စ မီဒီယာများနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှု၊ ပြည်သူ့ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့ တွေ့ဆုံစဉ် သူရဦးအေးမြင့်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံ၏ စာပေစာနယ်ဇင်း လွတ်လပ်ခွင့်သည် ကမ္ဘာ့နိုင်ငံများနှင့်နှိုင်းယှဉ်လျှင် နောက်ဆုံးနေရာတွင် ရှိနေသည်ကို ရိုးသားစွာဝန်ခံပါကြောင်း၊ ထို့ကြောင့် လွှတ်တော်အမတ်များနှင့်ဖွဲ့စည်းထားသော ရေးရာကော်မတီအနေနှင့် သတင်းလွတ်လပ်ခွင့်နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူရဦးအေးမြင့်က ဆိုသည်။
“မြန်မာနိုင်ငံရဲ့ စာပေစာနယ်ဇင်း လွတ်လပ်ခွင့်အခြေအနေမှန်ကို တင်ပြရမယ်ဆိုရင် သတင်းလွတ်လပ်ခွင့်ကတော့ နိုင်ငံတကာ စံချိန်နဲ့ တိုင်းတာမယ်ဆိုရင် နောက်ဆုံးနားမှာပဲ ရှိနေသေးတယ်ဆိုတာ ကျနော်တို့ ဝန်ခံရမှာဖြစ်ပါတယ်။
အပြည့်အ၀ လွတ်လပ်ခွင့်မရှိသေးဘူးလို့ ကျနော်တို့ ရိုးသားစွာ ဝန်ခံရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း မီဒီယာ ဥပဒေက လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အခြေခံပြီး သတင်းသမားများရဲ့ လုံခြုံရေးနဲ့ လုပ်ပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဖြစ်ဖို့ အရေးကြီးတယ်လို့ ကျနော်တို့ ခံယူထားပါတယ်” ဟု သူရဦးအေးမြင့်က ဆိုသည်။
ဒီမိုကရေစီ ထူထောင်ရာတွင် လွတ်လပ်အားကောင်း ခိုင်မာသော စာပေစာနယ်ဇင်းအဖွဲ့ မဖြစ်မနေလိုအပ်ပြီး ယင်းအဖွဲ့သည် မည်သည့် အဖွဲ့အစည်း၏ သြဇာခံမှ မဖြစ်ရန် အလွန်အရေးကြီးကြောင်းလည်း ၎င်းက ပြောသည်။
“ဒီမိုကရေစီ တရပ် ထူထောင်တဲ့နေရာမှာ လွတ်လပ်ပြီး အားကောင်းခိုင်မာတဲ့ စာပေစာနယ်ဇင်းအဖွဲ့ မဖြစ်မနေ လိုအပ်တယ်လို့ ခံယူပါတယ်။ ဒီအဖွဲ့ အနေနဲ့လည်း အရည်အသွေး ပြည့်ဝဖို့နဲ့ လွတ်လပ်ခွင့် အပြည့်အ၀ ရှိဖို့ လိုအပ်တယ်လို့ ခံယူပါတယ်။
လွတ်လပ်တဲ့ စာပေစာနယ်ဇင်း အဖွဲ့အစည်းတခု ပေါ်ပေါက်လာဖို့ ကြိုးပမ်းသွားဖို့ လိုတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ လွတ်လပ်တယ် ဆိုတဲ့နေရာမှာ အစိုးရတင်မက၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ရဲ့ သြဇာခံမှ မဖြစ်သင့်ဘူးလို့ ယူဆထားပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ပြီး ခိုင်မာတိကျတဲ့ မီဒီယာဥပဒေတရပ် ပေါ်ပေါက် လာဖို့အတွက် ကျနော်တို့ ကော်မတီအနေနဲ့ ကြားခံပြီး ဝင်ရောက် ဆောင်ရွက်ခြင်းဖြစ်တယ်” ဟု သူက ရှင်းပြသည်။
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးအဖွဲ့ ဖျက်သိမ်းမည်ဟု ဆိုထားသည့်အတွက် ယင်းဖျက်သိမ်းမှုကို ကြိုဆိုကြောင်း၊ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမည်ဟု သိရှိရသည့်အတွက် ဝမ်းသာကြောင်း၊ သို့သော်လည်း စာနယ်ဇင်း ကောင်စီသည် အစိုးရကကြီးမှူး ဖွဲ့စည်းပေးရမည့် အဖွဲ့အစည်း မဟုတ်ဘဲ မီဒီယာသမားများ ကိုယ်တိုင် လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရသင့်သည့် အဖွဲ့အစည်း ဖြစ်ရမည်ဖြစ်ပြီး စာပေစိစစ်ရေးကို အစားထိုးရမည့် အဖွဲ့အစည်းမဖြစ်ရန်လည်း အရေးကြီးကြောင်း ၎င်းက ဆိုသည်။
“စာနယ်ဇင်းကောင်စီက စာနယ်ဇင်းသမားများရဲ့အခွင့်အရေးကို ကာကွယ်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဆောင်ရွက် ပေးရမှာဖြစ်တယ်လို့ ခံယူပါတယ်။ စာပေစိစစ်ရေးရဲ့လုပ်ငန်းကို ယာယီ အစားထိုး ဝင်လုပ်တာ မဖြစ်သင့်ဘူးလို့လဲ ကျနော်တို့ ခံယူထားပါတယ်။ စာပေစိစစ်ရေးအဖွဲ့ ဖျက်သိမ်းတာကို ကြိုဆိုပါတယ်။ စာပေစာနယ်ဇင်း ကောင်စီက လွတ်လပ်တဲ့ ကောင်စီ တရပ်ဖြစ်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ကော်မတီက သုံးသပ်ပါတယ်” ဟု သူရဦးအေးမြင့်က ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဆန်းကမူ စာပေစာနယ်ဇင်း ကောင်စီကို သမ္မတ အမိန့်ဖြင့် ဇွန်လကုန်တွင် ဖွဲ့စည်းပေးမည်ဟု ပြောဆိုထားပြီး စာပေစိစစ်ရေးကိုလည်း ဇွန်လကုန်တွင် ဖျက်သိမ်းမည်ဟု မေလနှောင်းပိုင်း သတင်းမီဒီယာ အဖွဲ့အစည်းများကို တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ပြည်တွင်း သတင်းသမား အများစုကမူ သူရဦးအေးမြင့်၏ ပြောဆိုချက်အပေါ် ကြိုဆိုသော်လည်း ပြောဆိုခဲ့သည့်အတိုင်း လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်သည်၊ မဖော်နိုင်သည်ကို ဆက်လက်စောင့်ကြည့်သွားမည်ဟု ပြောကြသည်။
“အခုလို သတင်းမီဒီယာတွေက ဘယ်လောက် အရေးပါတယ်ဆိုတာကို လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီက သိတယ်၊ အလေးထားတယ်ဆိုတာ ကောင်းတယ်။ သို့သော်လည်း လက်တွေ့ကျကျ ဘယ်လောက် လုပ်နိုင်သလဲ။ အပြောနဲ့မဟုတ်ဘဲ ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲဆိုတာ အနာဂတ်မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ဘယ်လောက် စစ်၊ မစစ်ဆိုတာ သိသာစေမယ်။ တကယ်တော့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီ ဘယ်လောက် စစ်သလဲဆိုတာကို တိုင်းတာတဲ့ ပေတံ တခုပါပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ဆိုသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု အပါအဝင် နိုင်ငံရေး ပါတီ ၅ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းထူထောင်ထားခြင်း ဖြစ်သည်။