မြန်မာနိုင်ငံအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည်နေတာ ဖြစ်တဲ့အတွက် ကြီးမားတဲ့ လိုအပ်ချက်တွေကို ဗြိတိန်အပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးကြပါလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှပါလီမန် မိန့်ခွန်းမှာ ထည့်သွင်း တောင်းဆို လိုက်ပါတယ်။
“ကျမ အခု ဒီနေရာမှာ ရောက်လာတာဟာ လက်တွေ့ အကူအညီတွေ တောင်းဆိုဖို့ ပါဝင်ပါတယ်။ ကမ္ဘာကြီးမှာ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့် ရဖို့ နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားနေကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက် အခွင့်အလမ်း တွေ ပိုရဖို့၊ အနာဂတ် ဘဝတွေ ပိုမိုကောင်းမွန်နိုင်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အကူအညီပေးတဲ့ နေရာမှာ မြန်မာ နိုင်ငံအပေါ် ခင်မင်ရင်းနှီးစွာနဲ့ အကူအညီပေးကြပါ” လို့ မနေ့က သူ့ရဲ့သမိုင်းဝင် မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆို လိုက်ခြင်း ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး အောက်မှာ နှစ်ပေါင်း ၄၉ နှစ်ကျော်ကြာ နေလာခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အနာဂတ် ကောင်းမွန်ဖို့ အခုမှ တာဆူနေဆဲ ဖြစ်တဲ့အကြောင်း၊ ရှေ့လျှောက် ဖြတ်သန်းကျော်လွှားရမယ့် တောင်ကုန်းတွေ၊ ချောက်ကမ္ဘားတွေ အများကြီး ရှိနေသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
“ကျမတို့ စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းခဲ့ကြလို့ အခုလို အခြေအနေကို ရောက်လာတာပါ။ ဗြိတိန်ပြည်သူတွေ အပါအဝင် ကမ္ဘာတဝှမ်းက ဝိုင်းဝန်း အားဖြည့် ကူညီကြရင်တော့ ပိုပြီး မြန်ဆန်ပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံ ရဲ့ ပညာရေး စနစ်ဟာ အလွန်နောက်ကျ ကျန်ရစ်နေတာကြောင့် ဗြိတိန်အနေနဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု အသစ်တွေ အထောက်အပံ့ပြုတဲ့ နေရာမှာ ပညာရေးစနစ် ပြန်လည် တည်ဆောက်ရေး အတွက် အကူအညီပေးနိုင်မယ်လို့ ယုံကြည် မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်ပြောခဲ့ပါတယ်။
“မြန်မာလူငယ်တွေ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းနိုင်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ မြန်မာ့ပညာရေး စနစ်ဟာ တော်တော် နိမ့်ကျနေတာကြောင့် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုး ညွှန်းတမ်းတွေ ပြုပြင်တာ၊ ဆရာ၊ ဆရာမတွေကို လေ့ကျင့် သင်ကြားပေးတာ အပြင် ပညာရေး စနစ်အပေါ် လက်ရှိ ရှုမြင်နေတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆ တွေကိုလည်း ပြောင်းလဲပစ်ရမှာပါ” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပါလီမန်စနစ်ဟာ အခုမှ ပြန်လည် စတင်ရတာဖြစ်တဲ့အကြောင်း၊ ဗြိတိန် ပါလီမန်ဟာ ကမ္ဘာပေါ်မှာ စံထားရတာကြောင့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံ တွေလည်း လိုအပ်ကြောင်းနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ကြိုဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
“ကမ္ဘာပေါ်မှာ သက်တမ်း အရင့်ဆုံး ပါလီမန် ဒီမိုကရေစီ ကျင့်သုံးနေတဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ကျမတို့ နိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီ စနစ် အကောင်အထည် ဖော်တဲ့နေရာမှာ စစ်မှန်တဲ့ လုပ်ငန်းစဉ်တွေ ပေါ်လာရေး အကူအညီပေးဖို့ အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ ကျမ ပြောလိုပါတယ်” လို့ သူက တိုက်တွန်းလိုက်ပါတယ်။
အရေးအကြီးဆုံးအချက်အဖြစ် တိုင်းပြည်ရဲ့ ဘတ်ဂျက်အသုံးစားရိတ်ကို ပါလီမန်ကသာ ထိမ်းချုပ်ရမှာဖြစ် တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ရှိခဲ့ပြီး လုံး၀ ကောင်းမွန်ပြည့်စုံတယ်လို့ မပြောလိုပေမယ့် အတိုင်းအတာ တခုထိ မြန်မာပြည်သူတွေရဲ့ လေးစားနားလည်မှုကို ရခဲ့ကြောင်း၊ ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သမိုင်းဝင် ဗြိတိန် ပါလီမန် မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကတော့ ၂၀၀၈ ခုနှစ်တုန်းက စစ်အစိုးရက ရေးဆွဲခဲ့တာပါ။ တိုင်းရင်း သား လူမျိုးစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးနဲ့ လိုလားချက်တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေကို ပြင်ဆင် ပြောင်းလဲဖို့လည်း လိုပါတယ်” လို့ သူက ဆိုပါတယ်။
နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ဖို့အတွက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ပါလီမန်တောင် ခေါ်ခွင့်မရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ပြန်လည် မှတ်ပုံတင်ပြီး လွန်ခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။
ဒါကြောင့်လည်း ဒီမိန့်ခွန်းထဲမှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ နှစ်ပေါင်း ၆၀ အတွင်း ငြိမ်းချမ်းစွာ မနေခဲ့ရကြောင်း၊ အခု လတ်တလော ကချင် ပြည်နယ်က တိုက်ပွဲတွေ ဆက်ဖြစ်နေတာရယ်၊ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေရယ်ကြောင့် လူတွေ သေကြေ ပျက်စီး အိုးအိမ်မဲ့ဖြစ်ရတဲ့အကြောင်း၊ နောက်ဆုံး ဒီရက်ပိုင်းမှာပဲ ရှမ်းပြည်နယ်မှာ ရှမ်းတပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရ စစ်တပ် တိုက်ပွဲ တွေဖြစ်နေရတာတွေ အတွက် ရတက်မအေးဖြစ်ရကြောင်း ထည့်သွင်းပြောဆိုခဲ့ပြီး ဒီအတွက် အကူအညီတွေ လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းတာပါ။
“ပြဿနာတွေဖြစ်ရတဲ့ ရေသောက်မြစ်ကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းကြရမှာပါ။ နှစ်ဘက် ညှိနှိုင်းပြီး နိုင်ငံရေးအရ အဖြေရှာတဲ့၊ ယဉ်ကျေးတဲ့ ဓလေ့ ထွန်းကားအောင် ကျမတို့ ကြိုးစားရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ မှီတင်း နေထိုင်တဲ့ သူအားလုံး လွတ်လွပ်လပ်လပ်နဲ့ လုံခြုံစိတ်ချစွာ နေခွင့်ရစေဖို့ တရားဥပဒေ စိုးမိုးမှုကိုလည်း ကျမတို့ မြှင့်တင်ပေးကြ ရမယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ တဆက်တည်း ဖွံ့ဖြိုးမှု အကူအညီများလည်း လိုအပ် နေကြောင်း၊ ထိုမှတဆင့် ဗြိတိန်အပါအဝင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ လာကြတဲ့အခါ နိုင်ငံသားများ အကျိုးများ စေတဲ့ လူ့အခွင့်အရေး အခြေခံတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဖြစ်စေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။
မြန်မာပြည်သူတွေအတွက် ကိုယ်စားပြုနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ ကျယ်ပြန့်နက်ရှိုင်းပြီး ဘက်စုံ၊ ထောင့်စုံပြောဆိုထားတဲ့အပြင် လတ်တလော အခြေအနေတွေကိုလည်း ထင်ဟပ် ပေါ်လွင်ပါတယ်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ကလည်း ဒီမိုကရေစီ နည်းကျ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အညီ မြန်မာနိုင်ငံကို ထိုက်သင့်တဲ့ ကူညီမှုတွေ ပေးနိုင်လိမ့်မယ်လို့ ကျမ ယုံကြည် မျှော်လင့်ပါ တယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု၊ အလုပ်သမား အခွင့်အရေးနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး စတာတွေကို ဦးစားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကျမ ဆိုလိုတာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင် မိန့်ခွန်းကို ပြည်တွင်းက ပုဂ္ဂလိကပိုင် Skynet ရုပ်သံမီဒီယာမှာ တိုက်ရိုက် ထုတ်လွှင့် ပြသသွားပေမယ့် နိုင်ငံပိုင် မီဒီယာတွေမှာတော့ ဖော်ပြတာ မတွေ့ရပါဘူး။
ဗြိတိန် ပါလီမန် ၂ ရပ်ပေါင်းအတွက် ဝက်မင်နင်စတာ ခမ်းမကြီးမှာ အခုလို အာရှတိုက်သား အမျိုးသမီး တဦးအနေနဲ့ ပထမဆုံး စကား ပြောခွင့်ရတာပါ။ ဗြိတိန်ပါလီမန်ထဲမှာ ဒုတိယကမ္ဘာစစ်အပြီး မိန့်ခွန်းပြောခွင့် ရတဲ့ နိုင်ငံခြားသား တွေကတော့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား၊ တောင်အာဖရိက သမ္မတဟောင်း နယ်လဆင်မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး Benedict XVI နဲ့ ပြင်သစ် သမ္မတဟောင်း မစ္စတာ ချားလ်စ် ဒီဂေါနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ယမန်နေ့က ဗြိတိန်ပါလီမန်ကို မလာခင် နေ့လယ်ပိုင်းမှာ ဗြိတိန် ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းနဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်စံအိမ်တော်မှာ တွေ့ဆုံခဲ့ကြပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲလည်း လုပ်ခဲ့ပါသေးတယ်။
မကြာသေးခင်က ဝန်ကြီးချုပ် ကင်မရွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြုပြင်ပြောင်းလဲရေး သမား သမ္မတ ဦးသိန်းစိန်ကို ဒီနှစ်ကုန်ပိုင်းမှာ ဗြိတိန်နိုင်ငံကို အလည်အပတ်လာရောက်ဖို့ ဖိတ်ကြားထားမှုနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က ဝမ်းပမ်းတသာဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ မကြာခင် မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေး အကူအညီတွေနဲ့ ပတ်သက်ပြီး ရုံးတခု ဖွင့်လှစ်မယ့် အစီအစဉ် ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။
မနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် တော်ဝင်မင်းသား ချားလ်စ်နဲ့ ဇနီး ကင်မီလာ မောင်နှံတို့ရဲ့ ဖိတ်ကြားမှုကြောင့် သူတို့ရဲ့ Clarence House မှာ တရင်းတနှီး တွေ့ဆုံကြပြီး ဥယျာဉ်အတွင်းမှာလည်း အမှတ်တရ သစ်ပင် တပင်ကို စိုက်ပျိုးပေးခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝီလျံဟိတ်သ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မှာ ရှိတဲ့ မြန်မာအသိုင်းအဝန်းနဲ့ တွေ့ဆုံဖို့ရှိပြီး အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာနှင့် အဖွဲ့၊ ကိုထိန်လင်း ဦးဆောင်သည့် ပါဖောမန့် အဖွဲ့ တို့က ရိုးရာ အဆို၊ အက တွေနဲ့ ဖျော်ဖြေမယ်လို့ သိရပါတယ်။
“ကျမ မြန်မာနိုင်ငံက ထွက်လာတဲ့ အခု ခရီးစဉ်မှာ အတိတ်က အရိပ်တွေကို လွမ်းလွတ်ဆွတ်ဆွတ် ပြန်ပြောင်းကြည့်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေအတွက် ဘယ်လို အခွင့်အလမ်းတွေ လက်ဝယ် ရောက်လာနိုင်မလဲ ဆိုတာကို ရှာဖွေ ပေးဖို့ ခရီးစဉ်ပဲ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၁၇ ကြာ ဥရောပခရီးစဉ်နဲ့ ပတ်သက်လို့ ပြေဆိုလိုက်ပါတယ်။