သတင်း

အတိုက်အခံလည်း အစိုးရဖြစ်နိုင်တယ်ဆိုတာကို လက်ခံရမယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒီမိုကရေစီ စနစ်ကျင့်သုံးရာမှာ အတိုက်အခံအဖွဲ့အစည်းဟာလည်း အစိုးရဖြစ်နိုင်တယ်ဆိုတာကို လက်ခံဖို့လိုကြောင်း ဗြိတိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ရဖို့ဆိုတာဟာ အတိုက်အခံဆိုတာဟာ အစိုးရဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာကို ကျမတို့နိုင်ငံက လက်ခံဖို့လိုတယ်။ အခုအထိတော့ ဒီသဘောတရားကိုတော့ သိပ်နားလည်သေးတယ်လို့တော့ ပြောလို့မရဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ဗြိတိန်ရောက် မြန်မာမိသားစုများနဲ့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

အတိုက်အခံဆိုတာ အချိန်မရွေး အစိုးဖြစ်နိုင်တာကို နားလည်လာအောင်လည်း အားလုံးက ကြိုးစားသွားကြရမှာ ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံအပါအဝင် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ Shadow Government ခေါ် အတိုက်အခံပါတီတွေရဲ့ ရွေးချယ်ခံ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့မျိုး ပေါ်ပေါက်လာရေးကိုလည်း ဆက်လက် ကြိုးပမ်းသွားရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“အန်တီတို့ ပါတီက ၄၄ ယောက်ပဲ ရှိတယ်။ ၄၄ ယောက်ဆိုတာဟာ တကယ်တော့ ၆၀၀ ကျော်ထဲမှာဆိုလို့ရှိရင် သိပ်များတယ်လို့ မဆိုနိုင်ဘူး။ အဲဒီတော့ ဒီ လေးဆယ့်နဲ့လေးယောက်ထဲမှာ၊ အခု ဒီ ဗြိတိန်မှာဆိုလို့ရှိရင် Shadow Government ဆိုတာ အများအားဖြင့် အရွေးချယ်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပေါ့၊ အခု အန်တီတို့ အရွေးချယ်ခံ ကိုယ်စားလှယ်တွေက အင်မတန်နည်းပါသေးတယ်။ ဒါကတော့ တဆင့်ချင်း လုပ်သွားရမယ့် ကိစ္စပါ” လို့ သူက ရှင်းပြပါတယ်။

ဇွန်လ ၂၂ ရက်နေ့က လန်ဒန်ရှိ နာမည်ကျော် Royal Festival Hall မှာ မြန်မာ မိသားစု စုစုပေါင်း ၂၅၀၀ ကျော်နဲ့ တရင်းတနှီးတွေ့ဆုံခဲ့အပြီး ၁၀ မိနစ်ကြာ သတင်းစာရှင်းလင်းပွဲ လုပ်စဉ် အထက်ကအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံပွဲမှာ ခမ်းနားတဲ့ သီရိမောင်မောင် မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ နိုင်ငံတော် သီချင်းသံ သီဆိုသံဟာ လန်ဒန်မှာ ပဲ့တင်ထပ်ခဲ့ပါတယ်။ အဆိုတော်ကြီး ဒေါ်မာမာအေးကလည်း သီချင်းနဲ့ ဖျော်ဖြေတဲ့အပြင် တိုင်းရင်းသားများကလည်း တေးသီးချင်း၊ သရုပ်ဖော်များနဲ့ တင်ဆက်သွားခဲ့ပါတယ်။

ဘယ်လို အကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် ပြည်ပမှာရောက်နေတဲ့ မြန်မာများအနေနဲ့ ရောက်နေတဲ့နိုင်ငံရဲ့ ကျေးဇူးကိုလည်း လေးစားနားလည်ဖို့ လိုသလို မူလဇစ်မြစ် ပေါက်ဖွားခဲ့ရာ မြန်မာနိုင်ငံအတွက်လည်း တတ်စွမ်းတဲ့ဘက်က ဝိုင်းဝန်းကူညီပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ တိုက်တွန်းသွားပါတယ်။

“နိုင်ငံခြားမှာ ရောက်နေတဲ့အခါမှာ ကျမ အမြဲပဲ သတိပေးပါတယ်။ ကျမတို့ဟာ အိမ်ရှင်နိုင်ငံကို ကျေးဇူးတရားရှိရမယ်။ အိမ်ရှင်နိုင်ငံရဲ့ ကျေးဇူးတရားကို ကျမတို့ မေ့လို့ မဖြစ်ဘူး။ အိမ်ရှင်နိုင်ငံ စိတ်ချမ်းသာအောင်၊ ကျမတို့ နေတတ်အောင် အိမ်ရှင်နိုင်ငံက ကျမတို့ရဲ့ ပြည်သူပြည်သားတွေကို လေးစားအောင်လို့၊ ခင်မင်အောင်လို့ ကျမတို့ နေတတ်အောင် နေရမယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသလို သက်ဆိုင်ရာ နိုင်ငံများတွင် နိုင်ငံသားဖြစ်သွားသူ မြန်မာများနဲ့ ပတ်သက်လို့လည်း အခုလို မေးခွန်းထုတ်သွားခဲ့ပါသေးတယ်။

“ကိုယ့်ကို မွေးထုတ်လိုက်တဲ့ နိုင်ငံရဲ့ ကျေးဇူးတရားကို မေ့သွားတဲ့ သူများဟာ ကိုယ့်ကို မွေးစားတဲ့ နိုင်ငံအပေါ်မှာရော တကယ် ကျေးဇူးတရား ရှိနိုင်ပါ့မလားဆိုတာ ကျမ အမြဲပဲ ဒီမေးခွန်းကို ထုတ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နှစ်ပေါင်း ၂၀ ကျော် ဒီမိုကရေစီ အရေးခရီးတလျှောက်မှာ တကယ့် မဟာမိတ်စစ်စစ်တွေက တိုင်းရင်းသား မဟာမိတ်ပါတီတွေ ဖြစ်ကြောင်း၊ NLD ပါတီအနေနဲ့ နိုင်ငံရေးပါတီ မှတ်ပုံမတင်ဘူးဆို၊ ရွေးကောက်ပွဲ မဝင်ဘူးဆိုတော့လည်း တိုင်းရင်းသားပါတီများက ကြံ့ကြံ့ခံ အတူရပ်တည်ခဲ့ကြကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတော့လည်း ပါတီမှတ်ပုံတင်ကြမယ်ဆိုတော့ အတူတူ တသားတည်း ရှိကြကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု ပြောသွားပါတယ်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သစ္စာအရှိဆုံး၊ အခိုင်မာဆုံး မဟာမိတ်ပါတီတွေဟာ တိုင်းရင်းသား မဟာမိတ်ပါတီတွေပဲ။ ကျမတို့နဲ့ အတူတူ အေးအတူ ပူအမျှဆိုတာ အပြောအရ မဟုတ်ဘူး၊ အလုပ်အရကို ရပ်တည်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အခြေအနေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “အခုအချိန်ဆိုလို့ရှိရင် ကျမတို့ နိုင်ငံအတွက် အင်မတန်မှ မကြုံဘူးတဲ့ အခွင့်အရေးတွေ ရနိုင်တဲ့အချိန်အခါဖြစ်တယ်။ ရနေတယ်လို့ ကျမ မပြောလိုပါဘူး၊ အခွင့်အရေးတွေကို ရနိုင်တဲ့အခြေအနေမှာ ရောက်နေတယ်” လို့ ပြေကြားသွားပါတယ်။

ဗြိတိန်ရောက် မြန်မာမိသားစုများနဲ့ တွေ့ဆုံရာမှာ မေးခွန်းများကို ဖြေကြားတဲ့အစီအစဉ်တခုလည်း ပါဝင်ပါတယ်။

ပရိတ်သတ်ရဲ့ မေးခွန်းတွေများလို့ မေးခွန်းလွှာတွေထည့်ထားတဲ့ ငွေဖလားကို လူရွှင်တော် ကိုဇာဂနာက ကိုင်ဆောင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က မဲစနစ်နဲ့ပဲ မေးခွန်းတွေကို ဖြေဆိုပေးသွားပါတယ်။

ဒီအထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်အတွင် အများဆုံး မွေးခွန်းအမေးခံရတဲ့ လတ်တလော ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ရိုဟင်ဂျာအရေး မေးခွန်းတွေလည်း ပါဝင်ပါတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးကြောင်း၊ နိုင်ငံသားဥပဒေများနှင့် ပတ်သက်၍ နိုင်ငံတကာ စံချိန်မီရန် လိုအပ်ကြောင်း၊ ယခုဖြစ်ခဲ့သည့် ပြဿနာသည် စည်းကမ်းမဲ့ နယ်စပ်ဖြတ်ကျော်မှုနှင့် အစိုးရ ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုကြောင့် ဖြစ်ရကြောင်း အခုလို ဖြေကြားသွားပါတယ်။

NLD ပါတီက Professional များဆီက အကြံဉာဏ်များ ယူပါသလားမေးခွန်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေးမှုများ အလွန်များကြောင်း၊ သင့်တော်တဲ့ အကြံဉာဏ်များကို လက်ခံယူကြောင်းလည်းပြောပါတယ်။

ပြည်ပရောက်မြန်မာများအနေနဲ့ ယခုကာလမှာ မြန်မာနိုင်ငံကိုပြန်ဖို့ အချိန်တန်ပြီလား ဆိုသည့်မေးခွန်းအပေါ် မိမိ ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ ကိုယ်ဘက်က လုပ်ပေးနိုင်သည်နှင့် ရယူလိုသည်ကို ချိန်ညှိရမည်ဖြစ်ကြောင်း၊ လက်တွေ့ကျဖို့လိုပြီး စမ်းသပ်တဲ့အနေနဲ့ ပြန်လေ့လာကြည့်တာမျိုးလည်း လုပ်သင့်ကြောင်း၊ Dual Citizenship အခွင့်အရေးရဖို့ကိုတော့ မြန်မာနိုင်ငံသားအားလုံးက ဆုံးဖြတ်ပေးရမှာသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားပါတယ်။

အမေရိကန် နိုင်ငံသား မစ္စတာ ယက်ထော အင်လျားကန်ဘေး နေအိမ်ကို ရေကူးဝင်တဲ့အပေါ် အမြင်၊ သုံးရောင်ခြယ် ကျောင်းသားများအပေါ် သဘောထား၊ မြန်မာ့ပညာရေးအခြေအနေ စတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading