ဒေါ်အောင်ဆန်းစုကြည် နေထိုင်လျက်ရှိသော မိခင်ဒေါ်ခင်ကြည်ပိုင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄/၅၆ နေအိမ်နှင့်ပတ်သက်ပြီး အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေရယူလိုကြောင်း တရားစွဲဆိုချက်ကို တရားရုံးက အမိန့်ချမှတ်လိုက် သည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်က အယူခံ ဆက်တက်မည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးတို့ နှစ်ဦးလုံးသည် သားသမီးများဖြစ်၍ ယခု အမွေအမှု၌ တဝက်စီ အကျိုးခံစားရန် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဇွန် ၂၂ ရက်တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဦးဉာဏ်ဝင်းက“ဦးအောင်ဆန်းဦးက အမေရိကန်နိုင်ငံသား။ နိုင်ငံခြားသားက အိမ်ခြံမြေ ပိုင်ဆိုင် ခွင့် မရှိဘူး။ အမွေ ဆက်ခံပိုင်ခွင့် ရှိတယ်။ အနောက်ပိုင်းခရိုင် တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကျနော်တို့က ရန်ကုန်တိုင်း တရားလွှတ် တော်မှာ အယူခံဝင်မယ်။ အယူခံကို အဆင့်ဆင့် တင်ပြသွားမယ်”ဟု ဧရာဝတီ သို့ ပြောသည်။
၁၉၅၃ ခုနှစ်က ပြဌာန်းထားသော ဥပဒေအရ ရွှေ့ပြောင်းနိုင်သည့် အမွေပစ္စည်းကို မြန်မာ့ ဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေ၍ ရသော်လည်း မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို နိုင်ငံခြားသားအနေနှင့် ရယူပိုင်ဆိုင်ရန် တောင်းဆိုခွင့်မရှိကြောင်း သိရသည်။
ဦးအောင်ဆန်းဦး စွဲဆိုထားသော ယင်း အမှုကို ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးစဉ်ထွက်ခွာ နေချိန်တွင် အမိန့်ချမှတ်ခြင်း၊ ထို သို့ အမိန့် ချမှတ်ရာတွင် ဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ ပြန်လည် စိစစ်ရမည့်အပြင် စဉ်းစားစရာ အချက်များစွာ ရှိနေကြောင်း ဒေါ်အောင် ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းကလည်း ပြောဆိုသည်။
“အခု အနောက်ပိုင်းခရိုင် တရားရုံးက ချမှတ်လိုက်တဲ့ စီရင်ချက်က ပမာဏ ဒီဂရီပဲ။ ကျနော်တို့က နောက်ဆုံး အယူခံအထိ သွားမယ်။ နောက်ပြီး စီရင်ချက်ကိုလည်း အတိအကျ မရသေးဘူး။ ဥပဒေနဲ့ မညီတာတွေ ရှိ၊ မရှိ စိစစ်သွားဖို့ ရှိတယ်”ဟု ဦးကြည်ဝင်း က ဆိုသည်။
၂၀၀၁ ခုနှစ်တွင် ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချထားသည့် နေအိမ်ကို ၎င်းလည်း ပိုင်ဆိုင်သည် ဟု ဆိုကာ အမွေ စီမံခန့်ခွဲပေးစေလိုမှုနှင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေါ်ခင်ကြည်က ခြံအမှတ် ၅၄/၅၆ မှ ပေ ၁၀၀ x ပေ ၇၀ ကို အပေး စာချုပ်ဖြင့် ၎င်းအား ပေးအပ်ထားသည် ဆိုသော ဦးခင်မောင်အေး ဆိုသူက စာချုပ်ပါ မြေကွက်ရလိုမှုဖြင့် တရားစွဲဆိုထားသော အမှုလည်း ရှိနေသေးကြောင်း ဦးကြည်ဝင်းက ပြောပြ သည်။
ထိုအိမ်ကို ၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒေါ်ခင်ကြည် မြန်မာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ် ဦးနုက ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် ကျန်းမာရေးမကောင်း၍ မြန်မာပြည်သို့ ပြန်ရောက်လာသည့် အချိန်ကတည်းက ထိုအိမ်၌ပင် နေထိုင်လာခဲ့သည်။