သတင်း

မြဝတီတွင် ရွှေဆိုင် ဓားပြတိုက် ခံရပြန်

This article has been converted from Zawgyi One to Unicode

ကရင်ပြည်နယ် မြဝတီမြို့ ဘုရင့်နောင်ဈေးနှင့် မျက်နှာချင်းဆိုင်တွင် ဖွင့်လှစ်ထားသော ရွှေဆိုင် တဆိုင်ကို အမည်မသိ လက်နက် ကိုင်တစုက ယမန်နေ့က ဓားပြဝင်တိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လက်နက်ကိုင်များက အင်ပါယာ ရွှေဆိုင် အရှေ့ကို ကားနှင့် ရောက်ရှိလာပြီး ရွှေဆိုင်မှ ရွှေ ၂ ပိဿာ ခန့် အပါအဝင် ဘတ် ငွေ နှစ်သိန်းနှင့် မြန်မာ ကျပ်ငွေ တချို့တို့ကို ဓားပြတိုက်ယူ ထွက်ပြေးသွားကြောင်း ရွှေဆိုင် အနီးဝန်းကျင်ရှိ ဒေသခံများက ပြောဆိုသည်။

ယင်း ဓားပြတိုက်မှု နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်း၏ လက်ချက် ဖြစ်သည်ကို မသိရှိရသေးကြောင်း မြဝတီမြို့နယ်မှ ရဲဝန် ထမ်းတဦးက ပြောသည်။ သို့သော် မှုခင်း ဖြစ်စဉ်ကိုမူ စခန်းမှူး ဦးအောင်မျိုးလွင်က စုံစမ်း စစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)မှ တွဲဖက် အတွင်းရေးမှူး ၂ စောလုံ့လုံကလည်း မြဝတီ မြို့နယ် တွင် ဆက်ဆံရေး ရုံးသာ ဖွင့်လှစ်ထားပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များ လက်ချက် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ထိုင်းသတင်းများအရ ထွက်ပြေး လွတ်မြောက်သွားသော အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ရန် ထိုင်း- မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့နယ် အာဏာပိုင်များကို အကူအညီ တောင်းထားကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်မခိုလှုံနိုင်စေရန် နှစ်နိုင်ငံအာဏာပိုင်များက အဆက်အသွယ်လုပ်ထားကြပြီး ချစ်ကြည်ရေး တံတားနှင့် နယ်စပ် များကို လုံခြုံရေး တင်းကျပ်ထားကြောင်း ယနေ့ မန်နေဂျာ အွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားသည်။

ရွှေလာရောင်းသည့် မျက်နှာစိမ်များ တွေ့ရှိပါက ထိုင်းအာဏာပိုင်များအား အမြန်ဆက်သွယ်ရန်အတွက် မဲဆောက်မြို့နယ်အတွင်း ရှိ ရွှေဆိုင်အားလုံးကို အသိပေးထားကြောင်းလည်း မန်နေဂျာ အွန်လိုင်းက ဆိုသည်။

လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဇွန်လကလည်း မြဝတီမြို့နယ်တွင် ယခုကဲ့သို့ ရွှေဆိုင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ တရားခံများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ ထိုစဉ်ကလည်း ရွှေ ၅၀ ကျပ်သား ခန့် ပါသွားခဲ့သည်။

မြဝတီမြို့သည် အစိုးရ စစ်တပ်၊ ရဲ၊ လူဝင်မှု ကြီးကြပ်ရေးဌာန (လဝက)၊ အကောက်အခွန်၊ ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့ဝင်များ၊ ဒုစရိုက် သမားများ ကျင်လည် ကျက်စားနေသော မြို့ဖြစ်ပြီး မကြာခဏ လက်နက်ဖြင့် ခြိမ်းခြောက်မှုများလည်း ပေါ်ပေါက် လျက်ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။

Loading