သတင်း

စိတ်ကြွဆေးသယ်သည့် မြန်မာနိုင်ငံသားကို အိန္ဒိယရဲ ဖမ်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စိတ်ကြွဆေးပြားများ တရားမဝင် ရောင်းဝယ်ဖောက်ကား သယ်ဆောင်မှုဖြင့် မြန်မာနိုင်ငံသားတဦးကို အိန္ဒိယရဲက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသား သောမတ်စ် နေးမူငါ ထံမှ အက်ဖဒရင်း(Epehedrine) ဆေးပြား ၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့် ဆက်စပ်နေသော အိန္ဒိယနိုင်ငံသားတဦးထံမှလည်း အိပ်ရာခင်းများအတွင်း ဝှက်ယူလာသော အက်ဖဒရင်း ဆေးပြား ၁၆၁ ကီလိုဂရမ်နှင့် အတူ အိန္ဒိယ အထူးရဲတပ်ဖွဲ့က ဇွန်လ ၂၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယသတင်း ပီတီအိုင်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသား အဗီနာဆင်းချောင်ဟန်၏ ထွက်ဆိုချက်များအရ အဆိုပါ ဆေးပြားများမှာ မီဇိုရမ်ပြည်နယ်မှ လာစန်းပွီးဆိုသူ အမျိုးသမီးက မှာယူသည့် ဆေးပြားများဖြစ်ကြောင်း သိရ၍ အဆိုပါ အမျိုးသမီးကိုလည်း ဖမ်းဆီးထားကြောင်း၊ ၎င်းတို့ထံမှ တရားခံ ကွင်းဆက်များ ရှာဖွေတွေ့နိုင်ရေး အတွက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း အိန္ဒိယရဲဌာန တာဝန်ရှိသူများ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

စိတ်ရောဂါ၊ ပန်းနာရင်ကျပ် ရောဂါများ ကုသရာတွင် အသုံးပြုလေ့ရှိသော အက်ဖဒရင်းကို တရားမဝင် နည်းလမ်းဖြင့် အိန္ဒိယဆေးဆိုင်များမှ ဝယ်ယူခဲ့ကြောင်း၊ ဆေးကတ်များမှ ဆေးလုံးများကို သောမတ်စ်၏ အကူအညီဖြင့် နယူးဒေလီမြို့တွင် ပလတ်စတစ် အိတ်ငယ်များဖြင့် ပြန်လည် ထုပ်ပိုးကာ လာစန်းပွီးထံသို့ ပေးပို့ပြီး အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ သယ်ဆောင်မည်ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု ရဲက ဆိုသည်။

အက်ဖဒရင်းဆေးပြားများ တရားမဝင် ရောင်းဝယ် ဖောက်ကားနေမှု၊ အိန္ဒိယ-မြန်မာနယ်စပ်တွင် တရားမဝင်ဆေးဝါး ဈေးကွက် ဖြစ်ပေါ်နေမှုများကို ကြားသိနေရ၍ တရားခံများကို ဖမ်းဆီးရမိနိုင်ရန် စုံစမ်းဖော်ထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟု အိန္ဒိယရဲက ဆိုသည်။

နယူးဒေလီမြို့ရှိ မြန်မာဒုက္ခသည် အများစုနေထိုင်ရာ ဒေသများတွင်လည်း အိန္ဒိယရဲများက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေရာ အက်ဖဒရင်း ရောင်းဝယ်ဖောက်ကားမှုနှင့် ဆက်နွယ်နေသူများကို ခေါ်ယူစစ်ဆေးမှုများလည်း ရှိနေသည်။

ဇွန်လ ၂၃ ရက်နေ့က အက်ဖဒရင်း ရောင်းဝယ်ဖောက်ကားသူ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သားတဦး ပိုင်ဆိုင်သည့် နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ ၎င်း၏ ကားအတွင်း အက်ဖဒရင်း ဆေးကတ်များကို သိမ်းဆည်းသွားသည်ဟု မျက်မြင်သက်သေ များက ဧရာဝတီသို့ ပြောသည်။

“ကားထဲမှာ မဖောက်ရသေးတဲ့ဆေးကတ်တွေရော၊ ဖောက်ပြီးသားဆေးကတ် တွေရော အများကြီးတွေ့တယ်။ ကားနဲ့ ဆိုင်ကယ်၊ ကွန်ပြူတာတွေကို ရဲက သိမ်းသွားတယ်၊ လူကတော့ ထွက်ပြေးနေတယ်။ သူနဲ့ဆက်စပ်တဲ့လူတွေကိုလည်း ရဲက လိုက်ရှာနေတယ်” ဟု မျက်မြင်တဦးက ဆိုသည်။

ဆေးပြား ရောင်းဝယ်သူများမှာ အိန္ဒိယရူပီး ၁၀ သိန်းမှ သိန်း၂၀ အထက် တန်ဖိုးရှိသော ဆေးပြားများကို ဝယ်ယူကြကြောင်း၊ ဝယ်ယူသူများထဲတွင် မြန်မာနိုင်ငံမှ ကုန်သည်များလည်း ပါဝင်ကြောင်း၊ ယခင်က သက်တမ်းကုန် ဆေးပြားများကိုသာ ဝယ်ယူကြပြီး ယခုအခါ သက်တမ်းရှိ ဆေးပြားများကိုပင် အလုံးအရင်းနှင့် ဝယ်ယူနေကြကြောင်း သိရသည်။

အက်ဖဒရင်း ဆေးပြားတပြားလျှင် အိန္ဒိယရူပီး ၃ ရူပီးမှ ၄ ရူပီးသာ ရှိသော်လည်း အိန္ဒိယ-မြန်မာနယ်စပ် လက်ကား ဈေးကွက်တွင် ဆေးပြားတပြားလျှင် ရူပီး ၃၀ အထိ ဈေးပေါက်နေသည်။

တားမြစ်စိတ်ကြွဆေး တမျိုးဖြစ်သည့် မက်သာအက်ဖက်တမင်း ဆေးပြားနှင့် ဓာတုပါဝင်နှုန်း တူညီ၍ အက်ဖဒရင်းကိုလည်း စိတ်ကြွဆေးအသွင် အသုံးပြုကြသည်ဟု သိရသည်။

ထို့အပြင် အက်ဖဒရင်း ဆေးပြားနှင့် ဆေးရည်များမှ ဓာတုပစ္စည်းများကို ပြန်လည်ခွဲယူ၍ မက်သာ အက်ဖတမင်း ဆေးပြားများ တရားမဝင် ထုတ်လုပ်ရာတွင် အသုံးပြုမှုများလည်း ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading