ရခိုင်ပြည်နယ်၏ ပဋိပက္ခဖြစ်ပွားခဲ့သည့် မြို့နယ်များမှ ဒေသခံ တိုင်းရင်းသား လယ်သမားများသည် လုံခြုံရေး အခြေအနေကြောင့် လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ရန် အခက်အခဲများနှင့် ကြုံနေရကြောင်း သိရသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသများမှ မီးရှှို့ခံခဲ့ရသည့် ကျေးရွာများမှ လယ် သမားများသည် လယ်ယာလုပ်ငန်းခွင်သို့ မသွားရဲကြကြောင်း၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် ကျွဲ၊ နွားများ၊ မျိုးစပါးများ မရှိ တော့ကြောင်း ဒေသခံလယ်သမားများ က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် ပြန်ကြားရေးအဖွဲ တာဝန်ခံ ဦးဝင်းမြိုင်က လယ်သမားများ လယ်ယာလုပ်ငန်းခွင် လုံခြုံစိတ်ချစွာ ဝင်ရောက်နိုင်ရေးအတွက် လုံခြုံရေးများထားပေးရန် စီစဉ်နေကြောင်း ဧရာဝတီ ကို ပြောသည်။
“လုံခြုံရေးတာဝန် ယူပေးဖို့ ရှိပါတယ်၊ ကျွဲ၊ နွားတွေ မရှိတော့တဲ့အတွက် လယ်ထွန်စက် ၈ စီး စစ်တွေကို မနက်ဖြန်ရောက်လာ ဖို့ရှိပါတယ်”ဟု ဦးဝင်းမြိုင်က ဆိုသည်။
လုံခြုံရေး အဖွဲ့များ ချပေးမည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောဆိုထားသော်လည်း အတိအကျ မသိရသေးကြောင်း၊ ယခုအချိန်သည် ပုံမှန်စပါးစိုက်ပျိုးရာသီထက် ရက်ပေါင်း ၂၀ ဝန်းကျင် နောက်ကျနေပြီဖြစ်ကြောင်း၊ ရခိုင်ဒေသသည် မိုးရေ ဖြင့် သာ စပါးစိုက်ပျိုးသည့်ဒေသ ဖြစ်၍ စပါးများ အချိန်မီ မစိုက်ရမည်ကို စိုးရိမ်နေကြောင်း ဒေသခံများ က ပြောသည်။
“မျိုးစပါးတွေ မီးထဲအကုန်ပါသွားတော့ မျိုးစပါးနဲ့ လယ်ထွန်ဖို့ ကျွဲ၊ နွားတွေ အဓိက လိုအပ်နေပါတယ်၊ အိမ်တွေကိုတော့ အစိုး ရ က ဆောက်ပေးမယ် ပြောထားပါတယ်”ဟု မောင်တော ဒေသခံ လယ်သမား တဦးက ပြောသည်။
ရခိုင်ပြည်နယ်၌ နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားအများစု၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာလည်း လယ်ယာ လုပ်ငန်း ဖြစ်သည်။
ဒေသခံများ၏ ကျွဲ၊ နွားများသည် အကြမ်းဖက်သူများ၏ သတ်ဖြတ်ခံရခြင်း၊ ခိုးယူခံရခြင်း တို့အပြင် မီးဘေးမှ လွတ်ရာသို့ ထွက် ပြေးခြင်းကြောင့် ပျောက်ဆုံးသွားခြင်းတို့ ရှိကြောင်း၊ ပျောက်ဆုံးနေသော ကျွဲ၊ နွားများကို ပြန်လည်ရှာဖွေ၍ မတွေ့သေးကြောင်း မောင်တော ဒေသခံ က ဆက်ပြောသည်။
မောင်တောမြို့နယ်၌ ရွာလုံးကျွတ်မီးရှှို့ခံခဲ့ရသည့် ကျေးရွာ ၁၀ ရွာ ကျော်ရှိပြီး နေအိမ်တချို့ ကျန်ရှိသည့် ကျေးရွာ ၁၀ ရွာခန့် ရှိကြောင်း၊ ထိုကျေးရွာများမှ မီးဘေးဒုက္ခသည်များအား မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများရှိ ဒုက္ခသည် စခန်းများ၌ စောင့်ရှောက် ထားဆဲ ဖြစ်ကြောင်း မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ သံဃာတော် တပါး က မိန့်ကြားသည်။
“သရေကုန်ဘောင်ရွာမှာ မီးမလောင်တဲ့အိမ် ၁၀ အိမ်လောက်ကျန်တယ်၊ ဒီတော့ အဲဒီရွာက အမျိုးသား ၁၆ ဦးကို နွားတွေ ပြန် ရှာဖို့၊ လယ်တွေ လုပ်ကိုင်ဖို့ ရွာကို ပြန်လွှတ်လိုက်တယ်၊ အမျိုးသမီးတွေနဲ့ ကလေးတွေကိုတော့ လုံခြုံရေးအရ ကျောင်းမှာပဲ စောင့်ရှောက် ပေးထားတယ်”ဟု အဆိုပါ သံဃာတော်က မိန့်သည်။
လုံခြုံရေးအခြေအနေ ကောင်းမွန်သည်ဟု ယူဆရသည့် ကျေးရွာတချို့မှ မိသားစုများကိုမူ ၎င်းတို့ရွာကို ပြန်လွှတ်လိုက်သည် ဟု သိရသည်။
မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်များမှ ဒေသခံတိုင်းရင်းသား ၈၀ ရာခိုင်နှှုန်းသည် လယ်ယာ လုပ်ငန်းလုပ် ကိုင်ကြကြောင်း၊ ထိုကြောင့် လုပ်ယာလုပ်ငန်းများ အချိန်မီ မလုပ်ကိုင်နိုင်ပါက လာမည့်နှစ်တွင် ဆန်စပါးရှားပါးမှု အပြင် မိသား စု စားဝတ်နေရေး၊ သားသမီးများ၏ ပညာရေးကိုပါ ထိခိုက်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
“ကျနော်တို့ဒေသက မိုးရေရှိမှ စပါးစိုက်လို့ရတဲ့ ဒေသပါ၊ ဒီတော့ အချိန်မီ လယ်စိုက်ပျိုးနိုင်ဖို့ လယ်ထွန်စက်တွေ အချိန်မီရမယ်
ဆိုရင်တော့ အတန်အသင့် အဆင်ပြေနိုင်မှာပါ၊ ဒီရက်ပိုင်း အတွင်း လယ်မထွန်ရတော့ဘူးဆိုရင် စပါးအထွက်နှှုန်းက သိသိ သာသာ လျော့ကျသွားနိုင်တယ်”ဟု ရသေ့တောင် ဒေသခံ ဦးလှမြင့် က ပြောသည်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ စသည့်ဒေသများ၌ ကျေးရွာ အများအပြား မီးရှှို့ခံခဲ့ရပြီး ဒုက္ခသည်ပေါင်း ၉၀၀၀၀ ဝန်းကျင်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ (WFP) က ဆိုထားသည်။
ထို ရခိုင်ဒေသတွင်း အဓိကရုဏ်းများကြောင့် လူ ၈၀ ကျော်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိ တ ဦး ကို ကိုးကား၍ AFP သတင်း က ဖော်ပြသည်။