ဧရာဝတီမြစ်ရေလျှံသဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တချို့ ရပ်ကွက်များတွင် ယခုရက်ပိုင်းအတွင်း ရေနစ်မြုပ်နေသဖြင့် စိုးရိမ်စရာ အခြေအနေ ကြုံတွေ့နေရပြီး ရေဘေးဒုက္ခသည်များမှာ နီးစပ်ရာ အသိမိတ်ဆွေ နေအိမ်များသို့ ပြောင်းရွှေ့ နေထိုင် နေရကြောင်း သိရသည်။
မြစ်ကြီးနား မြို့ပေါ်ရှိ မြို့သစ်ကြီး၊ လယ်ကုန်း၊ စီတာဘူ ရပ်ကွက် တို့တွင် ရေနစ်မြုပ်နေပြီး ရေဘေး ဒုက္ခသည် ထောင်နှင့်ချီ ရှိနိုင်ကြောင်း စီတာဘူ ရပ်ကွက်တွင် နေထိုင်သူ ဦးဆန်းအောင်က ဧရာဝတီကို ပြောသည်။
လတ်တလောတွင် ရေနစ်မြုပ်နေသည့် ရပ်ကွက်များတွင် လျှပ်စစ်မီးများ ဖြတ်ထားကြောင်း၊ စာသင်ကျောင်းများကိုလည်း ယာယီ ပိတ်ထားကြောင်း ၎င်းက ဆိုသည်။
“ရေထပ်ကြီးလာရင် ဒုက္ခသည် စခန်းတွေ ဘာတွေ လုပ်ဖို့တော့ အစီအစဉ် ရှိတယ်၊ ဘုန်းကြီးကျောင်းတို့၊ ဘာသာရေးကျောင်း တို့မှာ နေထိုင်လို့ ရအောင် စီစဉ်ထားတယ်” ဟု ဦးဆန်းအောင်က ဆက်ပြောသည်။
ဒေသခံများ အနေနှင့် ကြိုတင် ပြင်ဆင်ထားသည့် အစားအသောက်များကို စားသုံး နေကြရကြောင်း၊ ရေ ဆက်လက် ကြီးလာပါ က အခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
မေခ နှင့် မလိခ မြစ်ဆုံ အထက်ဘက်တွင် ပြီးခဲ့သည့် တပတ်ခန့်က မိုးအဆက်အပြတ် ရွာသွန်းမှုကြောင့် မြစ်ရေလျှံ၍ ရေကြီးရခြင်းဖြစ်ကြောင်း သိရသည်။
ယခုလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတွင်း တူးဖေါ်ရာမှ ထွက်ရှိသော မြေစာပုံများ ပြိုကျသဖြင့် ကျောက်စိမ်းတွင်း တူးဖော်ရေး လုပ်ကွက်များ အနီးရှိ မော်မောင်းလယန် ကျေးရွာမှ အိမ်ခြေ ၇ လုံးနှင့် ဗလခ ကျေးရွာရှိ နေအိမ် ၁၂ လုံး ရေထဲမျောပါ ပျက်စီးသွားသည်။
အဆိုပါဖြစ်ရပ်များကြောင့် လူအသေအပျောက် မရှိသော်လည်း အိမ်နှင့် အိမ်တွင်း ပစ္စည်းများ၊ အိမ်မွေး တိရစ္ဆာန်များ သယ်ဆောင် ချိန်မရလိုက်၍ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။