ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ဦးစီးသည့် မယ်တော် ဆေးခန်းမှ စောင့်ရှောက်ထားသော ကလေး ၃၀၀၀ အတွက် အရေးပေါ် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေသည်။
“အရေးပေါ် ထောက်ပံ့ကြေး ရန်ပုံငွေ မရပါက လာမည့် အပတ်မှ စ၍ ယင်း ကလေးငယ်များ အတွက် ရိက္ခာခြောက် ထောက်ပံ့ပေး နေသော အစီအစဉ်ကို ရပ်ဆိုင်းရတော့မည်”ဟု မယ်တော်ဆေးခန်းက ထုတ်ပြန်ထားသည်။
မယ်တော် ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်အတွင်း စတင် တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းနှင့် ထိုင်း နိုင်ငံ ရှိ မြန်မာ ပြည်သားများကို အခမဲ့ ဆေးကုသပေးနေခြင်းဖြစ်ပြီး နှစ်စဉ် လူနာ ၁၃၀၀၀၀ ခန့်ရှိကြောင်း သိရသည်။
ယခု အရေးပေါ်လိုအပ်သည့် အကူအညီမှာ မဲဆောက်မြို့နယ် အနီးဝန်းကျင်တွင် အိုးအိမ် အခြေတကျမရှိသော ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ၏ ကလေးငယ်များ အတွက် ဖြစ်သည်။
ကလေးငယ် တဦး အတွက် ရိက္ခာခြောက် ထောက်ပံ့ငွေ တလလျှင် ဘတ်ငွေ ၃၀၀(၁၀ ဒေါ်လာခန့်)ကုန်ကျ၍ ထောက်ပံ့ကြေးများ မရရှိပါက နေ ရပ်သို့ ပြန်ရမည် ဖြစ်ပြီး ၎င်းတို့၏ ပညာသင်ကြားခွင့် အခက်အခဲများလည်း ရင်ဆိုင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိ မယ်တော် ဆေးခန်း ဘတ်ဂျက် အသုံးစရိတ်မှာ ဘတ် သန်း ၁၂၀ ခန့်(ဒေါ်လာ ၄ သန်းခန့်)ရှိပြီး ကျန်းမာရေး စောင့်ရှောက် မှု အပြင် တခြားသော ပညာရေးဆိုင်ရာ စာသင်ကျောင်းများ၊ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသားများနှင့် သက်ဆိုင်သော စရိတ်များကိုလည်း သုံးစွဲနေရကြောင်း သိရသည်။
မဲဆောက်မြို့အပါအဝင် စာသင်ကျောင်း ၇၀ ကျော်၊ ကျောင်းသားပေါင်း ၁၇၀၀၀ ခန့်နှင့် ဆရာ ဆရာမ ၇၀၀ ခန့်အတွက် ဘတ်ဂျက် ငွေ ခွဲဝေ သုံးစွဲမှုများပြုလုပ်ရသည်ဟု မယ်တော် ဆေးခန်းက ဆိုသည်။
မယ်တော် ဆေးခန်းကို နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန်ပေးနေသည့် ငွေကြေးအကူအညီများမှာ လာမည့် အနာဂတ် ကာလ များအတွက် မရေရာသော အခြေအနေရှိနေသည်ဟုလည်း ဒေါက်တာ စင်သီယာမောင်က ဧရာဝတီသို့ ပြောသည်။
“ရိက္ခာ ကိစ္စတွေမှာ လူနာဦးရေနဲ့ ကျောင်းတွေမှာ ကလေးဦးရေတွေ တိုးလာတာ ပါတယ်၊ အခုအထိ ကျမတို့က တိတိ ကျကျပေါ့ နော်၊ ဒီရန်ပုံငွေတွေ ထပ်ပြီးတော့ ဒီဘက်ကို ရှိဦး မလား၊ မရှိဘူးလား ဆိုတာ အခုအထိ မသေချာသေးတာလည်း ပါတယ်”ဟု ၎င်းက ဆိုသည်။
မယ်တော်ဆေးခန်းကို ကူညီထောက်ပံ့ပေးသော အဖွဲ့အစည်းများမှာ အမေရိကန် အစိုးရ၏ USAID နှင့် နော်ဝေ၊ နယ်သာလန်၊ ကနေဒါ၊ အီတလီ စသည့်နိုင်ငံများ ပါဝင်ကြောင်း သိရသည်။
ထောက်ပံ့ရေး အကူအညီများ မရရှိခဲ့ပါက လတ်တလော သုံးစွဲနေရသည့် အသုံးစရိတ်များကို လျှော့ချ၍ ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။
မယ်တော်ဆေးခန်းကို ထိုင်း-မြန်မာ နယ်စပ် တလျှောက် ရွှေ့ပြောင်း အလုပ်သမားများသာမက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အပါအဝင် မြန်မာပြည် အထက်ပိုင်းရှိ မျက်စိဝေဒနာရှင်များလည်း လာရောက် ကုသကြကြောင်း သိရသည်။
ကရင်ပြည်နယ်ရှိ ဘားအံ၊ လှိုင်းဘွဲ့၊ သင်္ကန်း ညီနောင်၊ ကော့ကရိတ်၊ မော်လမြိုင်၊ သထုံ၊ ပေါင် ၊ မုတ္တမ၊ ဘီးလင်း၊ မြိတ်၊ ထားဝယ်၊ ပဲခူးတိုင်း တောင်ငူ၊ ဧရာဝတီတိုင်း ပုသိမ်၊ အထက် မြန်မာပြည်မှ ရွှေဘို စသည့် ဒေသခံများက ယင်း ဆေးခန်းသို့ လာရောက် ကြ သည်။
မဲဆောက်မြို့သို့ ရောက်ရှိနေသော မီးရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီတို့ ဒေါက်တာ စင်သီယာမောင်နှင့် ယနေ့ တွေ့ဆုံခဲ့ကြရာ အလှူငွေထည့် မထည့် မသိရသော်လည်း မြန်မာပြည်သို့ ပြန်လာပြီး ဆေးခန်းများ ဖွင့်ရန် ဖိတ်ကြားသွားကြောင်း၊ မနက်ဖြန်တွင် မယ်တော်ဆေးခန်းသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
ဆန်၊ ဆီ၊ ပဲ၊ ငါးပိ စားသောက်စရာနှင့်ရန်ပုံငွေများကို မယ်တော်ဆေးခန်းသို့ ကူညီနိုင်ရန်လည်း တိုက်တွန်းထားရာ စေတနာရှင်များ http://maetaoclinic.org/how-to-help/donate/ သို့ ဆက်သွယ်နိုင်သည်။