ထိုင်းနိုင်ငံတွင်း အလုပ် လုပ်နေသော ရွှေ့ပြောင်း အလုပ်သမ များတွင် ကိုယ်ဝန်ရှိနေပါက မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု စီစဉ်နေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း အလုပ် သမား အရေး ဆောင်ရွက် နေသူများက ဝေဖန်နေကြသည်။
အဆိုပါ အမျိုးသမီး များအား ကိုယ်ဝန် ၃ လနှင့် ၄ လ ခန့်တွင် မိခင် နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း၊ ကလေး မွေးဖွားပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာ၍ အလုပ်လုပ်ကိုင် နိုင်ကြောင်း၊ ယင်း အစီ အစဉ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မကြာသေးမီ ရက်ပိုင်း အတွင်း ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ကြေညာ လိုက်ခြင်း ဖြစ်သည်။
“လူကုန်ကူးမှု ပြဿနာ ကာကွယ်တဲ့ အနေနဲ့ လုပ်တယ် ဆိုပေမယ့် ဒါအမျိုးသမီးအခွင့်အရေး၊ အလုပ်သမား အခွင့်အရေး တွေကို ချိုးဖောက်ရာ ရောက်တယ်” ဟု ထိုင်းနိုင်ငံ တောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
ထိုင်း အခြေခံဥပဒေတွင် ပြဋ္ဌာန်း ထားချက်အရ အလုပ်သမား ဆိုင်ရာ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ထိုင်းတွင် ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများ အနေနှင့် ကိုယ်ဝန်ဆောင်၊ မီးဖွားမည့် ကာလတွင် လစာအပြည့်နှင့် ခွင့် ၃ လ အထိ အကျိုး ခံစားခွင့် ရှိကြောင်း ၎င်းက ဆိုသည်။
“တချို့ကလည်း မမွေးဖွားခင်မှာ တလခွင့် ယူပြီး မွေးပြီးရင်လည်း ၂ လယူတာရှိတယ်၊ တခါတလေ ကျရင် မမွေးခင်မှာ ၂ လ ယူ ပြီးတော့ မွေးပြီး ၁ လယူတာ ရှိတယ်၊ လစာအပြည့်နဲ့ ရက်ပေါင်း ၉၀ ခွင့်ခံစားခွင့်ရှိတယ်။ ဒါတွေကို ပေးရမှာ စိုးလို့ လုပ်တဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ဦးထူးချစ်က ဆက်ပြောသည်။
ရွှေ့ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်နေသူ Adisonrn Kerdmongkol ကလည်း ယခု အစီအစဉ်သည် ကလေးအလုပ်သမား ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည်ဟု ယနေ့ Bangkok Post သတင်းဌာနကို ပြောကြောင်း ဖော်ပြထားသည်။
“ရွှေ့ပြောင်း အလုပ်သမားတွေ ထိုင်းမှာ မွေးတဲ့ ကလေးတွေကို တရားဝင် အသိအမှတ် ပြုသင့်တယ်” ဟု ၎င်းက ဆိုသည်။
အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၆ နိုင်ငံ ပူးပေါင်း ပါဝင်သည့် Mekong Migration Network (MMN) အဖွဲ့ အစည်းကလည်း ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်ထံ လာမည့် တပတ်အတွင်း ကန့်ကွက်စာ ပေးပို့ရန် စီစဉ်နေကြောင်း သိရသည်။
MMN အဖွဲ့ အစည်းတွင် ပါဝင်သော တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမား အရေး ဆောင်ရွက်နေသော ကိုယ်စားလှယ်များ စုစည်း၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်သူ ဦးထူးချစ်က ရှင်းပြသည်။
“အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်နေပြီးတော့ အမျိုးသမီး အခွင့်အရေးကို မလေးစားတဲ့ အတွက် သူတို့ လေးစားလာအောင် အကြောင်းကြားမယ့် သဘောပါ။ နောက် အမျိုးသမီး အလုပ်သမား အခွင့်အရေးကို မလေးစား မလိုက်နာဘူး ဆိုတဲ့ အကြောင်း နိုင်ငံတကာကို သိစေချင်တယ်” ဟု ၎င်းက ဆိုသည်။
မေလကုန်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ အလုပ်သမားအရေး ဆောင်ရွက်သူ အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာ အလုပ်သမားများ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ထိုင်းအစိုးရ တာဝန်ရှိသူတချို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ နောက်တနေ့တွင် ထိုင်းနိုင်ငံသားများနှင့်အတူ တရားဝင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ (၁၀ ဒေါ်လာ) ရရှိရန် ၂၀၁၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်ပေးမည်ဟု ထိုင်း ဒု ဝန်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက ပြောခဲ့သည်။
မကြာသေးခင်ကလည်း မြန်မာအစိုးရ တာဝန်ရှိသူများက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ရပိုင်ခွင့် အပြည့်အဝ ရရှိရေးအတွက် အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ပေးမည်ဟု အစိုးရ သတင်းစာများမှ တဆင့် တရားဝင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်း များက ခန့်မှန်းထားကြသည်။