အစိုးရ က ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး မဆောင်ရွက်နိုင် သေးသည့်အပြင် စစ်တပ်က ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ပျိုးသူ များထံမှ ငွေကြေး ကောက်ခံ၍ စိုက်ပျိုးခွင့် ပေးနေဆဲဖြစ်ကြောင်း သိရသည်။

‘‘ရှမ်းပြည်နယ် မိုင်းတုံမှာ အခြေစိုက်တဲ့ တပ်ရင်း ၆၅ ဆိုရင် နှစ်တိုင်း ဘိန်းခွန် ကောက်စားတယ်။ သူမကောက်တဲ့ နှစ်ဆိုတာ မရှိပါဘူး”ဟု ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာရေး အဖွဲ့မှ ဦးခွန်စိုင်းက ဧရာဝတီကို ပြောသည်။
စစ်တပ်ကို စိုက်ပျိုးသည့် မြေဧက တဧကလျှင် ကျပ် ၄ သိန်း ပေးရပြီး တချို့နေရာများတွင် ပေါက်ပြား တလက်စာ အတွက် ကျပ် ၅၀၀၀ ပေး ရကြောင်း သိရသည်။
အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းမှာ ထိရောက်မှု မရှိကြောင်း၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း ဘိန်း စိုက်ပျိုးမှုမှာ ယခင်ထက် နှစ်ဆခန့် ပိုမိုများပြားလျက် ရှိကြောင်း ဇွန် ၂၆ ရက်နေ့ ချင်းမိုင် တက္ကသိုလ်တွင် ကျင်းပသည့် ကမ္ဘာ့မူးယစ်ဆေးဝါး ပပျောက်ရေးနေ့ အခမ်းနားတွင် ပအို့ဝ် လူငယ်အစည်းအရုံး(PYO)ကလည်း ပြောသည်။
အစိုးရက ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း ယနေ့ အထိ ထိရောက်မှုမရှိဘဲ ဘိန်းစိုက်ပျိုးမှုများ ပိုမို တိုးလာကြောင်း သိရသည်။
ယခင်က ဘိန်းစိုက်သည့် ဒေသများမှာ တရားဝင် စာရင်းဇယားအရ ၅၄ မြို့နယ် ရှိပြီး ယခုအခါ မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်များပါ တိုးလာပြီ ဖြစ်ကြောင်း ဦးခွန်စိုင်းက ပြောသည်။
၂၀၀၄ ခုနှစ် စာရင်းများအရ ရှမ်းပြည်နယ်တွင် ၄၃ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၄ မြို့နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တွင် ၂ မြို့နယ်ဆီ စိုက်ပျိုးထုတ်လုပ်မှုများ ရှိနေကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံမှာ အာဖန်ဂန်နစ္စတန် နိုင်ငံဖြစ်ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ မှာ ဒုတိယ အများဆုံးနေရာတွင် ဆက်လက်ရပ်တည်လျက် ရှိနေသေးကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၏ ၂၀၁၂ ခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ပါရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နိုင်ငံတဝန်း ဘိန်း၊ ဘိန်းဖြူ၊ ဘိန်းဆီ၊ အဆင့်နိမ့် ဘိန်း၊ ဆေးခြောက်၊ စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ဓာတုဆေးမျိုးစုံတို့အား ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၂၆၁၇ မှု မှ ပြစ်မှု ကျူးလွန်သူတရားခံ ၃၉၉၁ ဦးအား ဥပဒေအရ အရေးယူနိုင်ခဲ့ကြောင်း ဇွန်လ ၂၆ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။
အစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေးဆိုင်ရာ လုပ်ငန်းများ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံဖြတ်ကျော်လာသည့် မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်သူများကို ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းလည်း သတင်းစာက ဆိုသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)အဖွဲ့ကလည်း ရှမ်းပြည်နယ်တွင်း၌ ဇွန်လ ၂၆ ရက်က ကျရောက်သည့် ကမ္ဘာ့ မူးယစ်ဆေးဝါး ပပျောက်ရေးနေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။