သတင်း

မြန်မာပြည်ပို့မည့် လက်နက်များ မယ်ဆိုင်၌ ဖမ်းမိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်း နိုင်ငံသား ၁ ဦး ကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် ယခုလ ၂၆ ရက်နေ့က ဖမ်းဆီးလိုက်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် ခရိုင် မယ်ဆိုင်မြို့၌ရှိသော ထိုင်းနိုင်ငံသား နိုင်စဝါ ကျိုင်းကရောက် ၏ နေအိမ်ကို ထိုင်းရဲများက သ တင်း အရ ဝင်ရောက် ရှာဖွေ၍ ဖမ်းဆီးခြင်း ဖြစ်သည်။

သက်သေခံ ပစ္စည်းများ အဖြစ် ဖမ်းဆီးရမိသော လက်နက်များထဲတွင် အာပီဂျီ လောင်ချာ ၁၂ လက်၊ အေကေ ၄၇ မောင်း ပြန် ရိုင်ဖယ် ၁၇ လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် ၆ လက်၊ အမ် ၇၉ လောင်ချာ ၁၂ လက်နှင့် အာပီဂျီ ဗုံးသီး ၉ လုံး တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်း သတင်းများက ဖော်ပြကြသည်။

လက်နက်များကို ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် နီးစပ်သည့် ခမ်းဆိုသူထံမှ ရရှိ ခြင်း ဖြစ်သည်ဟု အဖမ်းခံရသူက ထွက်ဆိုကြောင်း ဒေးလီးနယူးစ် သတင်းဌာန(dailynews) အင်တာနက် စာမျက်နှာတွင် ဇွန်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

ယင်း ခမ်းဆိုသူကို ၎င်း၏ နေအိမ်သို့ ထိုင်း အာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ရာ ထွက်ပြေး လွတ်မြောက်သွားကြောင်း လည်း ထိုင်း သတင်းက ဆိုသည်။

ယခု လက်နက် ခဲယမ်းများကို မူးယစ်ဆေးဝါးနှင့် လဲလှယ်ရန် အတွက် ဖြစ်နိုင်ကြောင်း ထိုင်း အာဏာပိုင် ရဲအရာရှိ တဦးကို ကိုးကား၍ ဒေးလီနယူးစ် သတင်းဌာနတွင် ရေးသားထားသည်။

SSA-S မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းကမူ ယင်း လက်နက်များ ဖမ်းဆီးမှုသည် ၎င်းတို့နှင့် ပတ်သက်ခြင်း မရှိကြောင်း ဧရာဝတီ သို့ ပြောသည်။

“ရှမ်းပြည်ထဲမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေများတယ်၊ ကျနော်တို့နဲ့ မပတ်သက်ဘူး၊ ဒီကိစ္စက ဘယ်ဘက်ကို သယ်သွား မှာလဲ မသိပါဘူး၊ သတင်းထဲမှာ ကျနော်တို့ရဲ့ခေါင်းဆောင်ကြီး နာမည်ကို ထည့်သုံးထားတယ်ဆိုတော့ မသင့်တော်တဲ့အကြောင်း ဒေးလီး နယူးစ် သတင်းစာကြီးကို ပြောခဲ့ပြီးပါပြီ”ဟု ၎င်းက ဆိုသည်။

သတင်းထဲတွင်လည်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နာမည်ကို ထည့်သုံးထားပြီး အသေးစိတ် အချက်အလက်များ ရေးသား ပြောပြ ထားခြင်း မရှိကြောင်းလည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ရှင်းပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ကလည်း ၅ ရက်အတွင်း လက်နက်မျိုးစုံ အလက် ၂၃၄ လက်ကို ဘန်ကောက်မြို့တွင်း သွားလာနေသော ကားများကို ရှောင်တခင် စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းလက်နက်များကို ပြသ ရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အတွက် လက်နက် ရောင်းဝယ် ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား၂ ဦးကို လက်နက်များနှင့် အတူ မယ်ဆိုင်မြို့တွင်ပင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ထိုစဉ်က သက်သေခံ ပစ္စည်းများအဖြစ် ရောင်းချထားပြီးသား ၉ မမ ပစ္စတို သေတ္တာ ၅၆ သေတ္တာ၊ သေနတ်ပြောင်းရှည် ၂ လက်နှင့် M 60 သေနတ် ကျည်ဆန် အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

တာချီလိတ် နှင့် မယ်ဆိုင် မြို့သည် အစိုးရ စစ်တပ်၊ ရဲ၊ လူဝင်မှု ကြီးကြပ်ရေးဌာန (လဝက)၊ အကောက်အခွန်၊ ငြိမ်းချမ်းရေး ယူ ထားသည့် အဖွဲ့ ဝင်များ၊ မူးယစ်ဆေးဝါး ရောင်းဝယ် လုပ်ကိုင်နေသူများ ကျင်လည် ကျက်စားနေသော မြို့ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading