မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် တရုတ် နိုင်ငံနယ်စပ်ရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ပညာရေး အထောက်အကူ ပစ္စည်းများနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း ကချင် ဒုက္ခသည် စခန်းများ ကော်မတီ က ပြော သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဒုက္ခသည် ၁၀၀၀၀ ဝန်းကျင်အပါအဝင် ကချင်ပြည်နယ် နယ်စပ်က ဒုက္ခသည်စခန်း ၄၀ ကျော်မှ စုစုပေါင်း ဒုက္ခသည် ၅၃၀၀၀ ကျော်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အနေဖြင့် တနှစ်ကျော် ထောက်ပံ့ ပေးခဲ့ပြီး ယခုအခါ ငွေကြေးအကြပ်အတည်း ဖြစ်လာသဖြင့် လုံလောက်သည့် ထောက်ပံ့ပေးနိုင်မှု အားနည်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
“အခုကျနော်တို့ကလည်း ငွေရေးကြေးရေးအရ အားနည်းလာတော့ ဒုက္ခသည်တွေရဲ့ စားရေးသောက်ရေးအတွက် ရိက္ခာ၊ ဆေးဝါး အဲဒါတွေ လိုနေတယ်၊ နောက်ပြီး မိုးတွင်းရောက်လာတော့ အမိုးအကာတွေကလည်း လိုနေတယ်၊ ကျောင်းဖွင့်ချိန် ကလည်း ဖြစ် လာတော့ ကျောင်းဆောက်တာတို့ ကျောင်းသုံးပစ္စည်းနဲ့ ထိုင်ခုံ ပရိဘောဂတို့ကလည်း တအားလိုလာတယ်လေ”ဟု ကချင် ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆား က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဒုက္ခသည် ၅၃၀၀၀ ကျော်မှာ KIO ထိန်းချုပ်မှုအောက်ရှိ ကချင် ဒုက္ခသည် စခန်းများ ကော်မတီက ပုံမှန်ပေးနေသော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် အမိုးအကာများ ခွဲတမ်းကျ လုံလောက်စွာ မရရှိဘဲဖြစ်နေချိန် လိုင်ဇာမြို့နယ်ထဲတွင် ကိုယ်ထူကိုယ်ထ တဲထိုးနေသူများနှင့် အမိုးအကာမရှိဘဲ ခိုလှုံနေရသည့် ဒုက္ခသည် မိသားစု ၃၀၀ ခန့်ရှိနေ သည်ဟု ဆိုသည်။
ထို့အတူ မိုးညှင်းခရိုင်တွင်လည်း ကူညီရေးစခန်းများ၊ မြို့ပေါ်များ၊ နယ်စပ်ဒေသများနှင့် အလှမ်းဝေးပြီး တောတောင်များအတွင်း ခြေသလုံး အိမ်တိုင် အခြေအနေများဖြင့် ပုန်းအောင်းနေရသူ ဒုက္ခသည် ၂၀၀၀ ခန့်နှင့် ဗန်းမော်နှင့် ရွှေလီ မြစ်အကြားရှိ တောင်ကြော များတွင်လည်း ယင်းသို့ ဒုက္ခသည် ၁၅၀၀ ကျော် ခိုလှုံနေရကြောင်း ဦးဒွဲပီဆားက ထပ်လောင်းပြောဆိုသည်။
KIO ထိန်းချုပ်ရာ နယ်စပ်ဒေသအတွင်း ဒုက္ခသည် စခန်းများတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းနေအရွယ်ကလေးများ ပိုမိုတိုးပွားလာပြီး ဘော်ဒါဆောင်နေ၍ ကျောင်းတက်ရမည့် ကျောင်းသားဦးရေ ၁၅၀၀ ကျော်အထိရှိနေသည်ဟု ဆိုသည်။
“ကျနော်တို့ ကော်မတီအနေနဲ့တော့ အခုလောလောဆယ် တချို့နေရာမှာဆိုရင် ကျောင်းဖွင့်လို့ရပြီ၊ တချို့နေရာတွေ မှာတော့ ကျောင်း ဆောက်တာမပြီးလို့ ကျောင်းမတက်ရတာ၊ အဲဒါတွေ ကျနော်တို့ လုံးပန်းနေတာ၊ ဒီနယ်စပ် တလျှောက်မှာ စစ်ပြေး ဒုက္ခသည် ကျောင်းတွေက များလာတယ်၊ အဲဒီတော့ ကျနော်တို့မှာ ဖြေရှင်းဖို့ တာဝန်တွေက များလာတယ်”ဟု ဦးဒွဲပီဆား ကပြောသည်။
ဆေးဝါးလုံလောက်မှု မရှိဖြစ်နေသော ဒုက္ခသည်စခန်းတွင်းရှိ ဆေးပေးခန်းများတွင် ကျန်းမာရေး ဝန်ထမ်းများလည်း လိုအပ်နေ ကြောင်းနှင့် မိုးဥတုဒဏ်ကြောင့် ကလေးငယ်တချို့မှာလည်း ကျန်းမာရေး စိုးရိမ်နေရသော အခြေအနေများရှိနေသည်ဟု ဆိုသည်။
ယခု ရက်ပိုင်းအတွင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ လျော့ကျသွားပြီးနောက် ဒုက္ခသည်တချို့ နေရပ်ပြန်ခဲ့ကြသော်လည်း တည်ငြိမ်မှုမရှိသေးဟုဆိုကာ စခန်းသို့ ပြန်ရောက်လာကြကြောင်းနှင့် နယ်မြေလုံခြုံမှုအရ ဒုက္ခသည်များ ထပ်မံ ရောက်ရှိလာကြောင်းလည်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှု လျော့ကျလာသည်နှင့် တရုတ်အစိုးရက ၎င်းတို့ နယ်စပ်တွင် ခိုလှုံနေသော ဒုက္ခသည် ၁၀၀၀၀ ခန့်ကို နေရပ်ရင်းပြန်ရန် ဖိအားပေးပြောဆိုမှုများ ရှိကြောင်း၊ ထိုဒုက္ခသည်များကိုလည်း တရုတ်အစိုးရအနေဖြင့် ကူညီထောက်ပံ့ မှုများ မရှိကြောင်း ကချင် ဒုက္ခသည် စခန်းများ ကော်မတီ အကြီးအကဲများက ပြောသည်။
ကချင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်မှု မရရှိသေးသည့် အတွက် ဒုက္ခသည်များကို အတင်းအကျပ် ပြန်မပို့ရန် တရုတ် အစိုးရ ကို ကချင် ဒုက္ခသည် စခန်းများ ကော်မတီ က အသနားခံစာ တင်ပြထားကြောင်းလည်း သိရသည်။
ထိုဒုက္ခသည်များကို ပြန်လည် နှင်ထုတ်ခြင်း မပြုရန်၊ စားရေရိက္ခာနှင့် နေစရာ အခက်အခဲများဖြစ်နေသောကြောင့် တရုတ် အာဏာပိုင်များနှင့် ကုလသမဂ္ဂ က အကူအညီ အကာအကွယ်များ ပေးရန် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့(HRW) ကလည်း ယခုလ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါဒုက္ခသည်များကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးထားကြောင်း တရုတ်အစိုးရကလည်း ပြန်လည် ပြောဆို လိုက်သည်။ ထို့အပြင် ဒုက္ခသည်များကို ပြန်လည်နှင်ထုတ်သည် ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၊ မြန်မာပြည်တွင်း ပြန်သွားသူများမှာလည်း ဒုက္ခသည်များ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Hong Lei က ပြောသည်ဟု People’s Daily Online တွင် ရေးထားသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIO တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ KIO က တည်ဆောက် ပေးထားသော ဒုက္ခသည် စခန်းများတွင် လာရောက်ခိုလှုံနေကြပြီး နယ်မြေတည်ငြိမ်မှု မရရှိသေးသဖြင့် နေရပ် ရင်း သို့ မပြန်နိုင်ကြသေးကြောင်း သိရသည်။