မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု အမှန်တကယ် ပပျောက်ရေး အတွက် လက်တွေ့ လုပ်ငန်းစဉ် ဖော်ဆောင်ရေး သဘောတူညီမှု (Plan of Action) ကို ကုလသမဂ္ဂနဲ့ မြန်မာ အစိုးရတို့ ယမန်နေ့က နေပြည်တော်မှာ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။
စစ်ရေး ချုပ်ရုံးမှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် တင်မောင်ဝင်း၊ တပ်အင်အား ဖြည့်တင်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ငွေသိန်းနဲ့ ကုလသမဂ္ဂ ဘက်မှ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ဌာနေ ကိုယ်စားလှယ် Mr. Ramesh Shrestha, Mr. Ashok Nigham တို့က အဆိုပါ Action Plan ကို လက်မှတ် ရေးထိုးကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများမှာ ဖော်ပြထားပါတယ်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ယမန်နေ့ နံနက် ၉ နာရီကျော်က ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲကို ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ Children and Armed Conflict ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ကုမာရ ဆွာမိတို့ တက်ရောက်ကြပါတယ်။
ဒါဟာ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂရဲ့ လက်အောက်ခံ အဖွဲ့တခုဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေး သူငယ်များရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး ဖွဲစည်းထားတဲ့ Country Task Force on Monitoring and Reporting (CTFMR) တို့ကြား နှစ်ပေါင်းများစွာ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ ရလဒ်တခုပါလို့ UNICEF ကြေညာချက်က ဆိုပါတယ်။
“UNICEF အနေနဲ့ အခုလို Action Plan လက်မှတ်ရေးထိုးတာကို ကြိုဆိုပါတယ်။ အခုလို အဓိကကျတဲ့ ကတိပေးလိုက်တဲ့ လုပ်ရပ်ကို ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာလည်း အစိုးရကို UNICEF က ကူညီ ထောက်ပံ့သွားဖို့ အဆင်သင့်ပါ” လို့ အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ UN Children Fund ရဲ့ ဌာနေ ကိုယ်စားလှယ် Ramesh Shrestha က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုလို မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ သဘောတူကြတဲ့ လုပ်ငန်းဖော်ဆောင်ရေး အစီအစဉ်ဟာ ယခင်ကနဲ့ မတူဘဲ မြန်မာနိုင်ငံမှာ ကလေးစစ်သားအဖြစ် အသုံးပြုနေကြတဲ့ လက်နက်ကိုင်အဖွဲ့များကနေ လွတ်မြောက်လာကြတဲ့ ကလေးသူငယ်တွေကို ပြန်လည်ပြုစု ပျိုးထောင်ရေး လုပ်ငန်းစဉ်ပါ ပါဝင်ပါတယ်။
ဒါ့အပြင် အနည်းဆုံး အဖွွဲ့ဝင် ၆ ဦး ပါဝင်တဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေအနေနဲ့ စစ်တပ်စခန်းတွေထဲမှာ ကလေးစစ်သား ရှိမရှိကို အချိန်မရွေး သွားရောက် စစ်ဆေးနိုင်တော့မှာလည်း ဖြစ်သလို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ လိုအပ်တဲ့ အချက်အလက် စုဆောင်းမှုနဲ့ ရန်ပုံငွေတွက်ချက်မှုတွေ စတင်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအစီအစဉ်နဲ့အတူ မြန်မာ့တပ်မတော်တွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို စစ်ဆေးပြီး ပြန်လည် ပြုစု ပျိုးထောင်ပေးတာတွေနဲ့ မိဘဆွေမျိုးများထံ ပြန်လည်ပို့ဆောင်ပေးသွားမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
UNICEF ကတော့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ကလေးစစ်သား လုံးဝ ပပျောက်ရေး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
ယခင်ကတော့ မြန်မာစစ်တပ်ထဲ နည်းအမျိုးမျိုးနဲ့ သွတ်သွင်းခံရတဲ့ ကလေးစစ်သားနဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို သက်ဆိုင်ရာ မိဘ၊ အုပ်ထိမ်းသူနဲ့ ဆွေမျိုးသားချင်းတွေက တိုင်တန်းမှုလုပ်တာဖြစ်ဖြစ်၊ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) ရန်ကုန် ရုံးခွဲ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) စတဲ့အဖွဲ့တွေကို တိုင်ကြားပြီး သူတို့ကွန်ရက်များရဲ့ အကူအညီယူကာ အစိုးရစစ်တပ်ထဲက ကလေးစစ်သားတွေကို မိဘ၊ ဆွေမျိုးများထံ ပြန်ပို့်နိုင်ခဲ့တာပါ။
ILO ရန်ကုန် ရုံးခွဲ တာဝန်ခံ မစ္စတာ စတိဗ် မာရှယ်ကလည်း မြန်မာနိုင်ငံမှာ ကလေးစစ်သားများ ပပျောက်ရေး အမြန်ဆုံး လုံး၀ ကင်းရှင်းသွားစေရေး ကြိုးစားမှုကို ILO အနေနဲ့ တိုက်တွန်းခဲ့ကြောင်း၊ အစီရင်ခံစာ တင်ပြမှုများလည်း အဆက်မပြတ်လုပ်ဆောင်နေကြောင်း၊ တချို့ ကလေးစစ်သားများကို စစ်တပ်မှ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြောင်း ဧရာဝတီသို့ ပေးပို့သော အီးမေးလ်နှင့် ဖြေကြားချက်များမှာ ဖော်ပြထားပါတယ်။
မြန်မာ့ တပ်မတော်ကတော့ ကလေးစစ်သား မရှိပါဘူးလို့ နှစ်ပေါင်းများစွာ ငြင်းဆိုခဲ့တဲ့အကြောင်း၊ ILO နဲ့ တချိန်က ပူးပေါင်း ဆောင်ရွက်လုပ်ဆောင်ပြီး ကလေးစစ်သား ပပျောက်ရေး ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် ကျယ်ပြန့်တဲ့ ထိရောက်မှု အားနည်းတာတွေ အများကြီး ရှိပါတယ်လို့ ပဲခူးမြို့မှ ရှေ့နေ ဦးအေးမြင့်က ဧရာဝတီကို ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဇော်မင်းက “တကယ်ပပျောက်သွားဖို့ဆိုရင် မူဝါဒတခုတည်း ပြောင်းလဲရုံနဲ့ မလုံလောက်ဘူး။ အစိုးရဘက်ရော၊ ကျန်တဲ့ သက်ဆိုင်တဲ့သူတွေရောက ဘယ်လောက် ပူးပေါင်းဆောင်ရွက်တယ်၊ ဘယ်လောက် လိုက်နာတယ် ဆိုတဲ့အပေါ် မူတည်ပါတယ်” လို့ ဆိုပါတယ်။
ကုလသမဂ္ဂကတော့ ကလေးစစ်သားနဲ့ အရွယ်မရောက်သေးသူတွေကို စစ်မှုထမ်းအဖြစ် အသုံးပြုနေတာ မြန်မာစစ်တပ် တခုတည်း မဟုတ်ကြောင်း၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ် – ငြိမ်းချမ်းရေး ကောင်စီ (KNLA- Peace Council)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ် (SSA-S)၊ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့လည်း ကလေးစစ်သားနဲ့ အရွယ်မရောက်သေးသူများကို စစ်မှုထမ်းအဖြစ် အသုံးပြုနေတာဖြစ်ကြောင်း၊ ကုလသမဂ္ဂရဲ့ ၅ နှစ်တာ စစ်တမ်းအရ အဆိုပါအဖွဲ့တွေကိုလည်း စာရင်းမှာ ထည့်သွင်းထားကြောင်း ဆိုပါတယ်။
ဒီတိုင်းရင်းသား အဖွဲ့များကိုလည်း ထိတွေ့ဆွေးနွေးပြီး ကလေးစစ်သား ပပျောက်ရေး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း UNICEF က ဆိုပါတယ်။
အခု မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ရဲ့ သဘောတူ လက်မှတ်ထိုးလိုက်ကြတဲ့ Action Plan ဆိုတာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ အရ CTFMR အဖွဲ့ကို ပေါ်ပေါက်လာစေခဲ့ပြီး ကမ္ဘာတဝှမ်းက ကလေး စစ်သားနဲ့ အရွယ်မရောက်သေးသူ စစ်မှုထမ်းများအတွက် အကာအကွယ်ပေးရေး အရှိန်မြှင့် ဆောင်ရွက်လာတာလည်း ဖြစ်ပါတယ်။
အသက် ၁၅ နှစ်အောက် ကလေးငယ်များကို လက်နက်ကိုင်အဖွဲ့များမှာ အသုံးပြုခြင်းဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း နိုင်ငံတကာဥပဒေက ပြန်ဌာန်းထားပါတယ်။ အသက် ၁၈ နှစ် မပြည့်သေးသူများကို လက်နက်ကိုင်အဖွဲ့မှာ အသုံးပြုခြင်းကိုတော့ အရွယ်မရောက်သေးသူ စစ်မှုထမ်းခြင်းလို့ သတ်မှတ်ကြောင်း သိရပါတယ်။