ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ညှိနှှိုင်းမှုရယူပြီး ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် နိုင်ငံသားမဟုတ်သည့် ဘင်္ဂါလီ များအား သင့်တော်သည့်နေရာ၌ ယာယီနေရာချ ထားပေးပြီး ကာလတခု သတ်မှတ်၍ တတိယနိုင်ငံများသို့ ပြောင်းရွှေ့ ပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ကြေညာချက်ထုတ်၍ တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်သူများသည် အမျိုးသားရေးဆိုင်ရာ အခက်အခဲ များစွာကို ရင်ဆိုင်နေရကြောင်း၊ ထိုအခက်အခဲများအား ပြည်ထောင်စုဘွား တိုင်းရင်းသားပြည်သူ တရပ်လုံး ပူးပေါင်း ဖြေရှင်း ပေးကြရန် လိုအပ်နေကြောင်း RNDP က ဇွန်လ ၂၆ ရက်စွဲဖြင့် ကြေညာချက်ထုတ်ခဲ့သည်။
RNDP ပါတီ၏ ကြေညာချက်နှင့် ပတ်သက်၍ မြန်မာမွတ်စလင် အိုမာအဖွဲ့ချုပ် တာဝန်ရှိသူ ဦးရဲနောင်သိန်းက “ကြေညာချက် ကတော့ သူတို့သဘောထား ဖြစ်လို့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ မကြိုဆိုချင်ပါဘူး။ အရင်ကတည်းက နေထိုင်လာတဲ့ သူတွေကိုတော့ အတည်တကျပဲ အဲဒီနေရာမှာ နေစေချင်ပါတယ်။ တရားမဝင် ကိစ္စတော့ လူဝင်မှုကြီးကြပ်ရေး ကိစ္စပါ” ဟု ဆိုသည်။
ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေမြို့ပေါ်ရှိ ဈေးတချို့မှ ဘင်္ဂါလီ ဆိုင်များအား မြို့ပြင်ရှိ ဘင်္ဂါလီ
ကျေးရွာများ၌ နေရာချပေးခြင်း၊ နေအိမ်တချို့ ပြောင်းရွှေ့ခြင်း ကိစ္စတို့အား ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့က ဆောင်ရွက်ပေးခဲ့သည်။
နည်းလမ်းစုံဖြင့် နိုင်ငံတွင်း ဝင်ရောက်လာသည့် ဘင်္ဂါလီများသည် ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ စီးပွားရေး၊ လူမှုရေးတွင် သာမက နိုင်ငံရေးအရ ပါဝင်ပတ်သက်ခွင့်ရရန် ကြိုးစားလာခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်ကြောင်း၊ ရခိုင်ဒေသကိုလည်း ၎င်းတို့၏ ဒေသ ဖြစ်သည်ဟု လုပ်ကြံပြောဆို နေပြီး ၎င်းတို့ ဒေသအား ရခိုင်တိုင်းရင်းသားများက ဖျက်ဆီးနေသည်ဟု ပြောဆိုကြောင်း RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။
“ရခိုင်ပြည်ကို အရင်က သူတို့တိုင်းပြည် ဖြစ်ခဲ့သလိုမျိုး ဖန်တီးပြောတယ်၊ ရိုဟင်ဂျာ လူမျိုးလို့ ထွင်လာတယ်၊ သူတို့ဒေသကိုပဲ ကျနော်တို့က ဖျက်ဆီးနေသလိုလို လုပ်ကြံ ဖန်တီးလာတယ်၊ အုပ်ချုပ်ခဲ့တဲ့ အစိုးရ အဆင့်ဆင့်ကလည်း ကျနော်တို့ လက်မခံနိုင်စရာ ကိစ္စတွေကို လုပ်ခဲ့ကြလို့ ဒီလိုမျိုး ပြဿနာတွေ ကြီးထွားလာတာ” ဟု ၎င်းက ဆိုသည်။
ခေတ်အဆက်ဆက် တရားမဝင်သော နည်းလမ်းဖြင့် ရခိုင်ဒေသတွင်းသို့ ဝင်ရောက်လာသော ဘင်္ဂါလီဦးရေသည် ရခိုင်တိုင်းရင်းသား တရပ်လုံးနှင့် ထိုဒေသတွင် နေထိုင်သော တခြား တိုင်းရင်းသားများအတွက် အထူးစိုးရိမ်ရသည့် အခြေအနေ တခုအဖြစ် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအရ သုံးသပ်နိုင်ကြောင်း RNDP ကြေညာချက်က ဆိုထားသည်။
မွတ်စလင် ခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းစွာ နေထိုင်ကြလိုကြောင်း၊ အကြမ်းဖက်လိုသူ တစု၏ လုပ်ရပ်များကြောင့် မလိုလားအပ်သော ဆူပူအကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ရသည်ကို ရှှုတ်ချကြောင်း ဦးရဲနောင်သိန်းက ပြောသည်။
“ပြဿနာတွေ စုံစမ်းဖို့ နိုင်ငံတော်က ကော်မရှင်တရပ် ဖွဲ့တဲ့နေ့မှာပဲ မောင်တောမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်၊ ဒီလို ရုပ်ဆိုးတဲ့ လုပ်ရပ်ကို ကျနော်တို့ ရှှုတ်ချတယ်၊ ဒေသခံတွေမှာလည်း ခံစားချက်ရှိမှာပေါ့၊ မလုပ်သင့်တဲ့၊ မှားတဲ့ လုပ်ရပ်လို့ သုံးသပ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ဘင်္ဂါလီများနှင့် ရခိုင်ဒေသတွင်း နေထိုင်ကြသည့် ဒေသခံတိုင်းရင်သားများ အကြားတွင် ၁၉၄၂ ခုနှစ် အရေးအခင်း၊ ၁၉၈၈၊ ၁၉၉၆ အရေးအခင်းများ၊ ၂၀၀၁ အရေးအခင်းနှင့် ယခုနှစ် ၂၀၁၂ အရေးအခင်းတို့ ဖြစ်ပွားခဲ့သည်။ ထိုအရေး အခင်းများ အနက် ယခု အရေးအခင်းသည် ရခိုင်တိုင်းရင်းသားများနှင့် မြန်မာတနိုင်ငံလုံး၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟုလည်း RNDP က ဆိုသည်။
ပြည်တွင်း၌ နေထိုင်သည့် အစ္စလမ်ဘာသာဝင်များအနေဖြင့် နိုင်ငံသား အဖြစ် သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းသည် နိုင်ငံတော် အစိုးရနှင့်လူဝင်မှု ကြီးကြပ်ရေး အပေါ်မူတည်ကြောင်း၊ အစ္စလမ် ဘာသာဝင်များသည် တိုင်းရင်းသားအဖြစ် တောင်းဆိုရန် မလိုလားဘဲ မြန်မာနိုင်ငံသား မြန်မာမွတ်စလင်များ အဖြစ်သာ နေထိုင်လိုကြောင်း မွတ်ဆလင် အိုမာ အဖွဲ့ချုပ်က ဆိုသည်။
မွတ်ဆလင် အိုမာအဖွဲချုပ်အနေဖြင့် အစ္စလမ်ဘာသာဝင်များ အားလုံးသည် မြန်မာနိုင်ငံသား တိုင်းရင်းသားအား လုံးနှင့်ငြိမ်း ချမ်းစွာအတူ ယာဉ်တွဲနေထိုင်ရေးကိစ္စ စည်းရုံးသွားမည် ဖြစ်ကြောင်း၊ စည်းရုံးမရသည့် အစွန်းရောက်သူ များကိုလည်း နိုင်ငံတော် က ဥပဒေအရ ဆောင်ရွက်သွားလိမ့်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အား ယုံကြည်ကြောင်း ဦးရဲနောင်သိန်းက ပြောသည်။
RNDP ပါတီအနေဖြင့် ပြည်သူများ၏ ဆန္ဒအရ တရားမဝင် လာရောက်နေထိုင်သည့် ဘင်္ဂါလီများအား ဥပဒေအရ ဆောင်ရွက်
ပေးရန် အစိုးရကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း၊ နိုင်ငံသား အခွင့်အရေး ခံစားခွင့် ခိုင်မာမှု မပြနိုင်သူများကို ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ရေးနှင့် နိုင်ငံသား မဟုတ်ဘဲ ငွေကြေးရယူ၍ နိုင်ငံသားကတ် တရားမဝင် ထုတ်ပေးခဲ့သည့် တာဝန်ရှိသူ များအား ၁၉၈၂ နိုင်ငံသား ဥပဒေအရ ဆောင်ရွက်ပေးရေးတို့ကို နိုင်ငံတော် အစိုးရထံ တောင်းဆိုသွားမည်ဟု သိရသည်။
ထိုဥပဒေ၌ လူဦးရေ တိုးပွားမှု ထိန်းချုပ်ရန် နိုင်ငံသားမဟုတ်သူများ အတွက် လက်ထပ်ခွင့်၊ ခရီးသွားလာခွင့် ကန့်သတ်ထားမှု တချို့ပါရှိသည်။
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် ဒေသတို့၌ ဘင်္ဂါလီလူဦးရေ ၉၇ ရာခိုင်နှှုန်းအထိ တိုးပွားနေပြီး ရခိုင်တပြည်လုံး၌
၈ သိန်းကျော်ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ စာရင်းများက ဆိုသော်လည်း ဒေသခံများ၏ ပြောဆိုမှု အရ သန်းချီ ရှိကြောင်း သိရသည်။
မောင်တော၊ ဘူးသီးတောင်နှင့် ဒေသ တချို့မှ ဒေသခံတိုင်းရင်သား ကျေး ရွာပေါင်း ၃၈၀ ကျော်သည် ၁၉၄၂ ခုနှစ် အရေး အခင်းနောက် ပိုင်းတွင် ဘင်္ဂါလီကျေးရွာများ ဖြစ်သွားကြောင်း ရခိုင်ဒေသခံများ က ပြောသည်။
အိမ်နီးချင်းနိုင်ငံမှ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတဝှမ်းသို့ နည်းလမ်းစုံဖြင့် ကျူးကျော်ဝင်ရောက် နေခြင်းအား ဝိုင်းဝန်းတားဆီးရာ၌ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအားလုံး ပူးပေါင်းပါဝင်ရန် လိုကြောင်း RNDP က ကြေညာချက် ထုတ်၍ ပန်ကြားလိုက်သည်။