သိပ်မကြာသေးခင်က အင်တာနက် Youtube မှာ မြန်မာသံ တေးသီချင်းတွေကို အီလက်ထရို တေးဂီတတွေ၊ sexy အကတွေနဲ့ ပေါင်းစပ်သီဆို ကပြထားတဲ့ ဗီဒီယိုကလစ်တခုကြောင့် ပြည်တွင်းပြည်ပ အင်တာနက် ပရိသတ်တွေအကြား အုံးအုံးကျွက်ကျွက် လူသိများလာခဲ့တဲ့ အဆိုတော် တဦးရှိပါတယ်။
သူကတော့ နယ်ပရိသတ်တွေ အကြိုက် အဆိုတော် ဗီဗာဟိန်းပါ။ အင်တာနက် ပရိသတ်တွေ သတိထားမိတဲ့ နှုတ်မဆက်ချင်ဘူး သီချင်း ဗီဒီယိုကလစ်ရဲ့ စီစဉ်သူ ဆိုတဲ့နေရာမှာ အရှင်တေဇိန္ဒ၊ ကမ်းပျိုရွာ၊ ပေါက်မြို့နယ် လို့ ဆိုထားလေတော့ ပရိတ်သတ် တွေရဲ့ ဝေဖန်သံတွေ ညံခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုတော် ဗီဗာဟိန်းက သူ မသိလိုက်ရဘဲ ဒီသီချင်းက အင်တာနက်ပေါ် ရောက်သွားတာလို့ ဆိုပါတယ်။
“အဲဒါက နယ်ကို သီချင်းသွား ဆိုတုန်း အခုလိုရိုက်ပြီး တင်မယ်လို့ မပြောဘူး။ သူတို့ ရွာကို အဆိုတော် ဗီဗာဟိန်း လာပြီးတော့ ဖျော်ဖြေတယ် ဆိုတာကို အမှတ်တရ မှတ်တမ်းလုပ်မယ် ဆိုပြီးတော့ ရိုက်တာပါ။ အဲဒီလို လုပ်မယ်လို့လည်း မသိဘူး။ အဲဒီသီချင်းကို သရုပ်ဆောင်ပေးပါလို့ လုပ်ခိုင်းတာလည်း မဟုတ်ဘူး။ သူတို့ရဲ့ ရွာလမ်းလေးမှာ အကျႌလှလှလေး ဝတ်ပြီးတော့ အမှတ်တရ အနေနဲ့ ရိုက်ချင်တယ် ဆိုပြီး ရိုက်တာပါ။ ကျမ အခွေတွေကို ကျမတို့ ကိုယ်ပိုင်ပဲ ထွက်တယ်။ ဘယ်သူမှ စီစဉ်တာ မဟုတ်ဘူး။ စီစဉ်သူ ဘုန်းပိုင် အနေနဲ့ပဲ လုပ်ဖြစ်တာပါ” လို့ သူက ဧရာဝတီကို ပြောပါတယ်။
၂၀၀၉ ခုနှစ်ကစလို့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အဆိုတော် ဗီဗာဟိန်းဟာ အခုဆိုရင် စီးရီး ၄ ခွေ ထွက်ရှိထားပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ အဆိုတော်ဗီဗာဟိန်းဟာ အဆိုလောကတင် သာမက သရုပ်ဆောင် လောကကိုပါ ကူးပြောင်းလာပါပြီ။
“အခုနယ်မှာ ဗီဒီယို ဇာတ်ကားတွေ ရိုက်နေပါတယ်။ နောက်ထပ်ရိုက်ဖို့လည်း ရှိပါသေးတယ်” လို့ ဗီဗာဟိန်းက ပြောပါတယ်။
နယ်ပရိသတ်တွေအကြိုက် အဆိုတော် ဗီဗာဟိန်းဟာ အခုလို ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးလာနေပြီလို့ ပြည်တွင်း ဂျာနယ်တခုမှာ ဖြေဆိုထားတဲ့ သတင်းဓာတ်ပုံတပုံ အင်တာနက်စာမျက်နှာပေါ် ရောက်ရှိလာတုန်းက ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားခြင်း ခံရပြန်ပါတယ်။
အခုလို မြန်မာသံ တေးသီချင်းတွေကို အီလက်ထရို တေးဂီတတွေနဲ့ ပြန်လည်ဆန်းသစ် ဖန်တီးကြတဲ့အထဲမှာ လူသိများတဲ့ သားစိုးလည်း တဦးအပါအဝင်ပါပဲ။ အဲဒီလို ပြန်လည်ဆန်းသစ်တဲ့အပေါ် နှစ်သက်တဲ့ ပရိသတ်တွေရှိသလို ပြစ်တင်ဝေဖန် သံတွေနဲ့အတူ ဖြတ်သန်းပြီး ကျော်ကြား လာခဲ့တာတွေလည်း ရှိပါတယ်။
အဆိုတော် သားစိုးကတော့ မြန်မာသံသီချင်းတွေ၊ နတ်သီချင်းတွေဟာ အခုလိုမှ ပြန်လည် မဆန်းသစ်ရင် ခေတ်ဟောင်း လောကထဲမှာ ကျန်ခဲ့မှာဖြစ်လို့ ပြန်လည် ဆန်းသစ်ရခြင်းဖြစ်တယ်လို့ ပြောဖူးပါတယ်။
အထူးသဖြင့် ဒီလိုဖန်တီးမှုတွေက နယ်အလှူပွဲတွေနဲ့ ဘုရားပွဲ စတဲ့ ကျေးလက်နေ လူတန်းစားတွေအကြား ပိုပြီး ရေပန်းစား တာပါ။
ဗီဗာဟိန်းကတော့ သူ့ရဲ့ မြန်မာသံတေးသီချင်းတွေ၊ နတ်ဒိုး သီချင်းတွေကို အီလက်ထရို တေးဂီတနဲ့ပေါင်းစပ် သီဆိုပြီး ခေတ်ပေါ် အကတွေနဲ့ တွဲဖက် ကပြတာကို အင်တာနက်ပရိသတ်တွေက ဝေဖန်တဲ့အပေါ် ဘာမှပြောစရာမရှိပါဘူးလို့ ဆိုပါတယ်။
“ဒီလို အသေးအဖွဲ ကိစ္စကလည်း ကောလာဟလကြီး ဖြစ်သွားတာပဲ။ ကိုယ့်ဘက်က အဲဒါတွေ အကုန်လုံးကို စိတ်ထဲ ထည့်မနေနိုင်ဘူး။ အင်တာနက် ဆိုတာကလည်း နည်းပညာအနေနဲ့ သူ့ဘာသာသူ တိုးတက်နေတော့ မကောင်းဘူး လို့လည်း ပြောလို့မရဘူး။ ဝေဖန်နေတဲ့သူတွေကိုလည်း ဘာမှမပြောချင်ပါဘူး။ ကျမကို ဆက်လက်ပြီး ဒီထက် ချစ်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်” လို့ သူက ပြောပါတယ်။
ဟစ်ပ်ဟော့ပ် အလွှာ ဖြစ်လာမှာလား
ဟစ်ပ်ဟော့ပ်၊ R&B နဲ့ New Rock၊ ပန့်ခ်၊ မော်ဒန်ရော့ခ်၊ ဒီဂျေ စတဲ့ ခေတ်သစ်ဂီတ အမျိုးအစားတွေကို ကိုယ်စားပြုတဲ့ အလွှာတလွှာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးသစ် ပြန်လည်ဖွဲ့စည်းရေးမှာ ပါဝင်နိုင်ဖို့အတွက် လူငယ်မျိုးဆက်သစ် ဂီတသမားတွေက မြန်မာနိုင်ငံ ဂီတအစည်းအရုံး လက်ရှိ အမှုဆောင်အဖွဲ့ထံ တင်ပြထားတယ်လို့ သိရပါတယ်။
“၂၂ ရက်နေ့ကလုပ်တဲ့ အစည်းအဝေးမှာ ရွေးချယ်တင်မြှောက် ကြီးကြပ်ရေး ကော်မရှင်က ကျနော်တို့ အလွှာအသစ် တိုးချင်တာကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုပြီး လက်ရှိဂီတအစည်းအရုံးကို လွှဲတယ်။ ကျနော်တို့ အလွှာတလွှာ တောင်းတယ် ဆိုတာက အဲဒီအလွှာမှာ ရေး၊ ဆို၊ တီး၊ ထုတ်လုပ်တွေ အတွက် ၁၅ နေရာ တောင်းတာပါ။ အမှုဆောင် အစည်းအဝေးမှာ ကျနော်တို့အတွက် ၁၅ ယောက်စာ နေရာမပေးဘဲနဲ့ ရှိထားပြီးသား စတီရီယို အလွှာမှာပဲ နောက်ထပ်ကျနော်တို့ လူငယ်တွေ အတွက် ရေး၊ ဆို၊ တီးမှာ ၂ နေရာစီ၊ အားလုံးပေါင်း ၆ နေရာ ထပ်ထည့်တယ်” လို့ ခေတ်သစ်ဂီတအလွှာ ပေါ်ထွန်းလာရေးအတွက် ဆောက်ရွက်နေသူ အဆိုတော် အနဂ္ဂက ဧရာဝတီကိုပြောပါတယ်။
အခုလို လက်ရှိ အမှုဆောင်အဖွဲ့က အလွှာတခုအနေနဲ့ ထပ်မံမပေးဘဲနဲ့ ရှိပြီးသားစတီရိယို အလွှာမှာပဲ ၆ နေရာစာ ပေးလိုက်တဲ့ အပေါ် လူငယ်ဂီတသမားတွေ ပြန်လည်ညှိနှိုင်း တိုင်ပင်ကြဦးမယ်လို့ သူက ဆိုပါတယ်။
ဒီခေတ်သစ်ဂီတအလွှာ ပေါ်ပေါက်လာရေးအတွက် အဆိုတော်အနဂ္ဂ၊ ချမ်းအေးဝင်း၊ တေးရေး Rခိုင်နဲ့ ညီညီသွင်တို့က ဦးဆောင်ပြီး ဆောက်ရွက်နေကြတာပါ။
အခုလို ကြီးကြပ်ရေးကော်မရှင်က ဂီတအစည်းအရုံး လက်ရှိအမှုဆောင်အဖွဲ့ကို လွှဲပြောင်းပေးအပ်လိုက် တာနဲ့ ပတ်သက်ပြီး ကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး ဦးကြည်မင်းသိမ်းက “ကျနော်တို့ ကြီးကြပ်ရေး ကော်မရှင် အနေနဲ့က ဂီတအစည်းအရုံး အလုပ်အမှုဆောင် အသစ်အဖွဲ့ အမြန်ပေါ်ပေါက်ဖို့နဲ့ အဲဒီ ပေါ်ပေါက်လာတဲ့ အလုပ်အမှုဆောင်အဖွဲ့ထဲမှာ ဝန်ကြီးဌာနဆိုင်ရာ ဝန်ထမ်းတွေမပါဘဲနဲ့ ကိုယ့်ဂီတသမားတွေ စစ်မစစ် ကြီးကြပ်ပြီး ဖွဲ့ပေးဖို့ပဲ တာဝန်ရှိပါတယ်။ ဒီအလွှာကိုဖြုတ်လိုက်၊ ဒီအလွှာကို ထပ်တိုးလိုက်ဆိုတာမျိုး လုပ်ပိုင်ခွင့်မရှိပါဘူး။ အဲဒါကြောင့် သူတို့ ထွက်အဆိုပြုလာတာကို ကျနော်တို့ဘက်က အကောင်းဆုံး
ဖြစ်အောင်ဆိုပြီး လက်ရှိ ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ကို ထပ်တင်ပြထားပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ မဟာဂီတ (သီချင်းကြီး)၊ ကာလပေါ် (ရေဒီယို)၊ စတီရီယို၊ ထုတ်လုပ်သူ၊ စက်မှုစတဲ့ အလွှာ ၅ လွှာ ရှိခဲ့တာပါ။ အခုတော့ ခေတ်ပေါ်ဂီတ အမျိုးအစားတွေကို ကိုယ်စားပြုတဲ့ ခေတ်သစ်ဂီတ အလွှာနဲ့အတူ လက်တလော မြန်မာသံ တေးသီချင်းတွေကို ကိုယ်စားပြုတဲ့ ခေတ်ဆန်း ဂီတအလွှာဆိုပြီး အလွှာနှစ်ခု ထပ်မံပေါ်ပေါက်ဖို့အတွက် အလုပ်အမှု ဆောင်အဖွဲ့မှာ တင်ပြထားကြတယ်လို့ သိရပါတယ်။
အခုလို ခေတ်သစ်ဂီတ အလွှာတခု ထားရှိဖို့ တောင်းဆိုရတာဟာ အရင်ရှိပြီးသား မဟာဂီတ၊ ကာလပေါ်နဲ့ စတီရီယို ဂီတ အမျိုးစားတွေရဲ့ သဘောသဘာဝနဲ့ မတူညီတဲ့အတွက် သူတို့ရဲ့ အခက်အခဲ၊ ပြဿနာတွေကို သိရှိ နားလည်ပြီး ဝင်ရောက်ဖြေရှင်း ပေးနိုင်စွမ်း မရှိတာကြောင့်လို့ အဆိုတော် ချမ်းအေးဝင်းက သူရဲ့ facebook စာမျက်နှာထက်မှာ ရေးသား ထားပါတယ်။
“လူငယ်မျိုးဆက်သစ် ဂီတသမားတွေရဲ့ လက်ရှိ ဂီတအစည်းအရုံးအပေါ်မှာ ယုံကြည်မှု နည်းပါးနေခြင်းဟာ လူငယ်တွေအပေါ် ပြည့်ပြည့်၀၀ နားလည်မှု မပေးနိုင်ခြင်း၊ ဂီတအမျိုးအစား သစ်တွေကို သဘောထားကြီးစွာဖြင့် လက်ခံ စဉ်းစားပေးနိုင်စွမ်း မရှိခြင်း၊ အသစ်ဖြစ်ထွန်းလာတဲ့ ဂီတဈေးကွက် ပုံစံတွေကို နားလည်ကျွမ်းကျင်မှုမရှိခြင်း စသည်တို့ကြောင့်လို့ ရိုးသားစွာမြင်မိပါတယ်” ဆိုပြီး သူက ဝေဖန်ရေးသား ထားတာပါ။
မြန်မာနိုင်ငံ ဂီတအစည်းအရုံးကို လာမယ့် ဇူလိုင်လကုန် ပိုင်းလောက်မှာ ဂီတအနုပညာ သမားတွေသာ ပါဝင်မယ့် အစည်းအရုံး အသစ် အဖြစ် ပြန်လည် ရွေးကောက် တင်မြှောက်မှာ ဖြစ်ပါတယ်။
ခေတ်တိုင်းမှာ လူငယ်တွေရဲ့ ဆန်းသစ်တဲ့ စိတ်ကူးနဲ့ ဂီတသစ်တွေ၊ အနုပညာ ပုံစံသစ်တွေ ပေါ်ပေါက်စမြဲပါ။ လမ်းသစ်ကို စထွင်တဲ့ သူတွေအနေနဲ့ အခက်အခဲဆိုတာ ရင်ဆိုင်ရစမြဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၇၀ ကျော်ကာလတွေက စတီရီယို တေးဂီတကို သရုပ်ပျက်ဂီတလို့ ပုတ်ခတ်ခဲ့ကြပေမယ့် အခုအချိန်မှာ အဲဒီဂီတက ခေတ်ဟောင်းတေးတွေ ဖြစ်လို့နေပါပြီ။ နောင်လာမယ့် အနှစ် ၂၀ ကျော်လောက် ကျရင်လည်း အခု ဂီတသစ်လို့ ပြောနေတဲ့ ဟစ်ပ်ဟော့ပ်တို့၊ R&B တို့ မော်ဒန်ရော့ခ်နဲ့ ပန့်ခ် ဆိုတဲ့ ဂီတအမျိုးအစားတွေက နှစ် ၂၀ တေးတွေ ဖြစ်ကုန်ဦးမှာပါ။
အဆိုတော်ချမ်းအေးဝင်းပြောတဲ့ အခု လူငယ်ဆိုတဲ့သူတွေကလည်း အဲဒီအချိန်ကျရင် အဘိုးကြီးတွေ၊ ဘူတားကြီးတွေ ဖြစ်နေမှာ မြင်ယောင်သေးတော့။ နောက်ပေါ်လာမယ့် လူငယ်မျိုးဆက်သစ် ဆိုသူတွေကို အဲဒီဘူတားကြီးတွေကကော နားလည်ပေး နိုင်ပါ့မလားလို့ မစပ်စုတော့ စဉ်းစားနေမိတယ် …။