ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်တွင်း အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဝန်ထမ်းများကို ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ကုလသမဂ္ဂ ပြန်ကြားရေးရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များက အတည်ပြု ပြောဆိုသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် ဒုက္ခသည်များအား ကူညီကယ်ဆယ်ပေးရေး အတွက် မောင်တော၊ ဘူးသီးတောင် ဒေသ၌ တာဝန်ထမ်းဆောင်နေကြသည့် ကုလသမဂ္ဂဆိုင်ရာ ဒေသခံ မြန်မာမွတ်ဆလင် ဝန်ထမ်း တချို့သည် ပြီးခဲ့သည့် ရက်ပိုင်းက အဖမ်းအဆီး ခံထားရသည်ဟု ကြားသိရကြောင်း ရန်ကုန် အခြေစိုက် ကုလသမဂ္ဂရုံး၏ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ဆိုသည်။
သို့သော် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများ၏ အမည်နှင့် တာဝန်များကို ဦးအေးဝင်းက အတိအကျ အတည်ပြု ပြောဆိုခြင်း မရှိပေ။
“ဒေသခံ မြန်မာမွတ်ဆလင် ဝန်ထမ်းတွေ ထိန်းသိမ်းခံရတယ်လို့ သိရပါတယ်၊ ဒီလူတွေ လွတ်မြောက်ဖို့အတွက် အဲဒီဒေသရဲ့ ဌာနေကိုယ်စားလှယ်က အစိုးရနဲ့ ညှိနှှိုင်းနေဆဲပါ” ဟု ၎င်းက ပြောသည်။
ရခိုင်ဒေသ ဒုက္ခသည်များအား ကျန်းမာရေး ကိစ္စ ကူညီပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) မှ ဆရာဝန် ၆ ဦးနှင့်ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဝန်ထမ်း ၆ ဦး စုစုပေါင်း ၁၂ ဦး ဖမ်းဆီးခံထားရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ယမန်နေ့တွင် ပြောဆိုကြောင်း အမေရိကန် ထိပ်တန်းသတင်းစာ The New York Times သတင်းက ဖော်ပြထားသည်။
ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း The New York Times သတင်းက ဆိုသည်။
မောင်တောမြို့တွင် အခြေစိုက်ထားသည့် ကုလသမဂ္ဂဆိုင်ရာ ရုံးမှ ဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင်အား စစ်တွေလေ
ဆိပ်၌ ဇွန်လ ၁၁ ရက်နေ့တွင် ခေတ္တခေါ်ယူ ထိန်းသိမ်း စစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ် ခဲ့သော် လည်း အတည်နိုင်ခြင်း မရှိသေးပေ။
ဒေါ်မြနန္ဒာအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာထွန်းအောင် (ခေါ်) နုရ်ဟောက်ကိုမူ မောင်တောမြို့၌ ဇွန်လ ၁၁ ရက်နေ့တွင် အာဏာပိုင် များက ဖမ်းဆီးခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
“သူကတော့ အဖမ်းခံထားရတယ်လို့ အများက ပြောနေကြသလိုပါပဲ၊ ဒါပေမယ့် ဘာကြောင့် ဖမ်းထားတယ်၊ ဘယ်မှာ ဖမ်းဆီး ထားတယ် ဆိုတာ ကျနော်တို့က ပြောလို့မရသေးပါဘူး။ ကျန်တဲ့ ကုလ သမဂ္ဂ ဝန်ထမ်းတွေကို ဖမ်းထားတယ် ဆိုတာလည်း လုံး၀ မဟုတ်ပါဘူးဗျာ” ဟု ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး အဖွဲ့တာဝန်ခံ ဦးဝင်းမြိုင်က ရှင်းပြသည်။
ဒေါက်တာထွန်းအောင်သည် အစ္စလမ် ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်ပြီး တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှု အတွက် မောင်တောမြို့ရှိ ဗလီကျောင်း တခုတွင် ဆုတောင်းပွဲ ပြုလုပ်ရန် ဒေသဆိုင်ရာ အာဏာပိုင်များထံ တင်ပြခဲ့ရာ ခွင့်ပြုပေး ခဲ့ကြောင်း၊ ထို့နေ့၌ပင် မောင်တောမြို့၌ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
မောင်တော ဒေသ၌ တည်ငြိမ်မှု မရှိသည့် အတွက် လူစုလူဝေး မပြုလုပ်ရန် အာဏာပိုင်များ က ပြောဆိုထားသော်လည်း
မည်သည့် ပြဿနာမှ မဖြစ်ပွားရအောင် ၎င်းတာဝန်ယူသည်ဟု ဒေါက်တာထွန်းအောင်က ကတိပေး သည့်အတွက် ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဘာပြဿနာမှ မဖြစ်စေရဘူးလို့ ဆိုပေမယ့် ဘုရားဝတ်ပြုပြီးတာနဲ့ ဗလီထဲက တုတ်တွေ၊ ဓားတွေနဲ့ ထွက်လာတဲ့ လူအုပ်ကြီး
က နီးစပ်ရာ ဒေသခံတွေကို တိုက်ခိုက်တယ်၊ အိမ်တွေကို မီးရှှို့တယ်၊ မောင်တော အဓိကရုဏ်း စတင်တဲ့နေ့ပေါ့” ဟု ဗလီ ကျောင်း အနီးနေထိုင်သူ ဒေသခံ တဦးက ပြောသည်။
ဒေါက်တာထွန်းအောင်သည် ထိုအကြမ်းဖက် တိုက်ခိုက်မှုနှင့် အဓိက ပတ်သက်နေသူဟု အာဏာပိုင်များက ယူဆနေပြီး ၎င်းထံတွင် သင်္ကာမကင်းသည့် စာရွက်စာတမ်းများ သိမ်းဆည်းရမိသည့် အတွက် ဖမ်းဆီးခံရခြင်း ဖြစ်ကာ မောင်တော အခြေစိုက် နယ်စပ်ဒေသ ကွပ်ကဲရေး (နစက) စခန်း၌ ထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။
ဒေါက်တာထွန်းအောင်နှင့် သမီးဖြစ်သူတို့ ထံမှ သင်္ကာမကင်းသည့် စာရွက်စာတမ်း အထောက်အထား တချို့သိမ်းဆည်း ရမိသကဲ့သို့ မောင်တော မြို့၌ တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂ လက်အောက်ခံ ဝန်ထမ်း မြန်မာမွတ်ဆလင် တချို့ ကိုလည်း ၎င်းတို့ သားအဖနှင့် ဆက်နွှယ် ပတ်သက်နေသည့် အတွက် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း အင်တာနက် လူမှု ကွန်ယက် စာမျက်နှာများတွင် ပြောဆို ဆွေးနွေးနေကြသည်။
မြန်မာအစိုးရကမူ ဝန်ထမ်းမည်မျှကို ဖမ်းဆီးထားကြောင်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိပေ။