အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ပြုလုပ်ထားသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်ဖွဲ့များ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကယားပြည်နယ် မော်ချီးမြို့နယ်အတွင်းရှိ ဘွာဒိုကျေးရွာအနီး မော်ချီးမြို့နှင့် တောင်ငူမြို့သို့ ဆက်သွယ်ထားသော ကားလမ်း ဟောင်း အနီးတွင် KNPP အမှတ် ၁ တပ်ရင်းနှင့် အင်အား ၈၀ ကျော်ပါဝင်သော မော်ချီးမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ) ၅၃၀ တို့ တနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNPP အတွင်းရေးမှူး ၁ ခူးဦးရယ် က ပြောပြသည်။
“သူတို့အကြောင်းပြတာကတော့ တောင်ငူ-မော်ချီး ကားလမ်းကို တိုင်းတာဖို့အတွက် သွားတာလို့ပြောတာပဲ၊ ဒါပေမယ့် စစ်တပ် ကတော့ ဒါမျိုးအလုပ်တွေ လုပ်နေကြမဟုတ်ဘူးလေ၊ သူတို့က ကျွံပြီးဝင်လာတော့ ကျနော်တို့ တပ်တွေနဲ့ ပစ်ခတ်ကြတာပါ”ဟု ခူးဦးရယ် ကပြောသည်။
တိုက်ပွဲကြောင့် အစိုးရတပ်ဘက်မှ ၅ ဦး ကျဆုံးကြောင်း KNPP ဘက်မှပြောဆိုသော်လည်း ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် နယ်မြေစိုးမိုးမှုအရ ယင်းတိုက်ပွဲတွင် အသာစီးရခဲ့သည်ဟုလည်း KNPP က ဆိုသည်။
ခမရ ၅၃၀ နယ်ကျွံ လှုပ်ရှားလာမှုနှင့် ပတ်သက်၍ တိုက်ပွဲမဖြစ်ပွားမီ KNPP ခေါင်းဆောင်များက ပြည်နယ်အဆင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်စိုး ထံ အကြောင်းကြားခဲ့သော်လည်း ၎င်းတို့တပ်ရင်းများ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။
နှစ်ဘက်တိုက်ပွဲများဖြစ်ပွားမှုနှင့် ပတ်သက်၍ “ဒါမျိုးနောက်ထပ် ထပ်မံမဖြစ်ပွားဖို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကိုတော့ ဖုန်းနဲ့ တိုက်ရိုက် အကြောင်းကြားပြီးပါပြီ”ဟု ခူးဦးရယ်က ပြောသည်။
အစိုးရတပ်များက KNPP ထိန်းချုပ်ဒေသများသို့ ဝင်ရောက်မှုနှင့်ပတ်သက်၍ တပ်ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်(IDP) များ ပြန်လည် နေရာချထားရေး စသည့် အချက်များအပါအဝင် ၁၄ ချက်ကို ဇွန်လ ၉ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။
ထိုသဘောတူ လက်မှတ်ရေးထိုးမှုတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဌ ဦးအောင်မင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် ၊ KNPP ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးနှင့် ခူးဦးရယ် အပါအဝင် ကိုယ်စားလှယ် ၉ ဦးတို့ ပါဝင်ခဲ့ကြသည်။
အစိုးရနှင့် KNPP တို့အကြား နယ်မြေသတ်မှတ်ရေးနှင့်ပတ်သက်၍ တရားဝင် သဘောတူညီချက် ရရှိထားခြင်း မရှိသေး သော် လည်း လာမည့် နောက်တကြိမ် အစည်းအဝေးတွင် ယင်းကိစ္စကို ဆွေးနွေးကြမည်ဟု ဇွန်လ ၉ ရက်နေ့က နှစ်ဘက် သဘောတူခဲ့ကြ သည်။
“လှုပ်ရှားမှုနဲ့ ပတ်သက်လို့ တပ်တွေက မလိုအပ်ဘဲနဲ့ လမ်းကြောင်းကလွဲရင် မသွားလာဖို့ အဲသလိုတော့ အကြမ်းသဘောတူ ထား တာတော့ ရှိတယ်။ ဒီတိုင်း ထိန်းသိမ်းလာတာ ၃ လကျော် ၄ လလောက်ရှိပြီ ပေါ့ဗျာ၊ အခုကျနော်တို့က အကြောင်းကြားတာကို သူတို့တပ်တွေ မဟုတ်ဘူးဆိုတဲ့နောက်ပိုင်းမှာ တိုက်ပွဲက ဖြစ်သွားတာပဲ”ဟု ခူးဦးရယ်က ပြောဆိုသည်။