မစပ်စုတို့ မြန်မာပြည်ကြီးကတော့ ထူးဆန်းလွန်းလို့ ဂင်းနစ်မှတ်တမ်း စံချိန်ပဲဝင်တော့မလားဘဲ။
ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်မှာ အလုပ်သမားတွေရဲ့ အခြေခံ လုပ်ခလစာ ကျပ် ၅ သောင်းလောက် ရဖို့အရေး အစာငတ်ခံ ဆန္ဒပြသူပြ၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် ပဋိပက္ခတွေကြောင့် ဒုက္ခသည်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေချိန် ရန်ကုန်မြို့မှာတော့ ကမ္ဘာကျော် အဆိုတော်ကြီး တဦးကို ရုံသွင်း ဖျော်ဖြေပွဲလုပ်တဲ့ လက်မှတ်က ကျပ် ၁ သိန်းခွဲပါတဲ့။
ကမ္ဘာကျော် ဂန္ထဝင် အဆိုတော် တဦးဖြစ်တဲ့ Engelbert Humperdinck ရဲ့ live show ပွဲကြီးကို လာမယ့် ဇူလိုင် ၁၁ ရက်နေ့မှာ ရန်ကုန်မြို့က ပွဲတိုင်းကျော် ဇာတ်ရုံကြီးဖြစ်တဲ့ အမျိုးသား ဇာတ်ရုံမှာ ပြုလုပ်တော့မှာပါ။
အဲဒီဖျော်ဖြေပွဲကြီးကို Forever Group Co.,Ltd နဲ့ BEC Tero တို့ ပူးပေါင်းစီစဉ်တယ်လို့ သိရပါတယ်။
ဒီဖျော်ဖြေပွဲကြီးရဲ့ လက်မှတ် သတ်မှတ်ဈေးနှုန်းတွေ ကတော့ ကျပ် ၁ သိန်းခွဲ၊ ကျပ် ၁ သိန်း နဲ့ ကျပ် ၇ သောင်းလို့ ဆိုထား လေတော့ မြန်မာပြည်သူ ပြည်သားတွေ ကမ္ဘာ့အဆင့်မီ တော်တော်ကြီးကို ချမ်းသာကြွယ်၀ နေကြပြီလို့ ယူဆရ မလိုပါ။
ဒီ ဖျော်ဖြေပွဲကို သွားကြည့်နိုင်တဲ့ သူဆိုရင်တော့ မြန်မာပြည်ရဲ့ ထိပ်တန်း သူဌေးစာရင်းဝင်လို့ ပြောရမယ် ထင်ပါတယ်။
လတ်တလောမှာ ကချင်စစ်ဘေး ဒုက္ခသည်တွေ၊ ရခိုင်ပြည်နယ် ပဋိပက္ခဒဏ် ခံရတဲ့ ဒုက္ခသည်တွေကို ရုပ်ရှင်ဂီတ အနုပညာရှင်တွေ မကျန် ပြည်သူပြည်သားတွေ အားလုံးက ဝိုင်းဝန်း ကူညီ ဆောင်ရွက် နေကြချိန်မှာ ဒီလို သိန်းချီ တန်တဲ့ ဖျော်ဖြေပွဲ လက်မှတ်နဲ့ ဒီဖျော်ဖြေပွဲကြီးကို ဘယ်သူကများ ဘယ်လို သွားကြည့်ကြမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
“ကျမတို့ အနေနဲ့ မှတ်တိုင်တခု ဖြစ်ချင်တယ်။ သူကလည်း ဂန္တဝင် အဆိုတော်ကြီး၊ အသက်အကြီးဆုံး ကမ္ဘာလှည့်
ဖျော်ဖြေသူ ဂင်းနစ် စံချိန်ဝင်လည်း ဖြစ်တယ်။ အခုဆိုရင် မြန်မာနိုင်ငံက ပွင့်လင်းလာပြီဆိုတော့ ဒီလိုမျိုး အဆိုတော်ကြီးကို ပရိသတ်တွေ တခါမှ မကြည့်ဖူးဘူး။ ဒီမှာရှိတဲ့ အသက်ကြီးပိုင်း ပရိသတ်တွေကလည်း ဒီလို တေးသံရှင်ကြီးကို သိကြတယ်။အသက်ကြီးပိုင်း အနုပညာရှင်တွေ ပရိသတ်တွေက ဒီလိုမျိုး ကြည့်ရမယ်လို့ တသက်မှာ တခါမှ မမျှော်လင့်ထားဘူးပေါ့။ အဲဒီအတွက် ကျေးဇူးတင်ပါတယ် ဆိုတာမျိုးတွေ ပြောကြပါတယ်” လို့ ဒီပွဲဖြစ်မြောက်ရေး အတွက် စီစဉ်သူ တဦးက ဧရာဝတီကို ပြောပါတယ်။
ဒီဖျော်ဖြေပွဲရဲ့ ကြော်ငြာက facebook စာမျက်နှာပေါ် ရောက်လာလေတော့ ပရိသတ်အများရဲ့ အမျိုးမျိုးသော ဝေဖန်သံတွေ ညံလာတာကတော့ ထုံးစံအတိုင်းပါပဲ။
ဒါရိုက်တာ ချိုတူးဇော်ကတော့ ဒီပွဲနဲ့ ပတ်သက်လို့ သူရဲ့ facebook စာမျက်နှာမှာ အပြင်းအထန် ကန့်ကွက်ထားတာပါ။
“ရောမမြို့ကြီး မီးလောင်တဲ့အချိန်မှာ စောင်းထတီးတဲ့ နီရိုဘုရင်းကြီးထက်တောင် ခင်ဗျားတို့ လုပ်ရပ်က စုတ်ပြတ် လွန်းလှတယ်။အဲဒီ လိုက်ဖ်ရှိုး ကြော်ငြာတွေနား စစ်ဘေးဒုက္ခသည်တွေ၊ အဓိကရုဏ်း ဒုက္ခသည်တွေရဲ့ ပုံတွေသာ ယှဉ်ပြ ချင်မိတော့တယ်” လို့ သူက ရေးထားတာပါ။
တချိန်တည်းမှာ ရခိုင် ဒုက္ခသည်တွေ၊ ကချင်ဒုက္ခသည်တွေ အတွက် မြန်မာပြည်က အနုပညာသမားတွေ၊ လမ်းဘေးမှာ တီးခတ် အလှူခံနေတာတွေကို ပွဲမိန့်မရှိလို့ ဆိုတဲ့ ပုဒ်မတွေနဲ့ တားကြဆီးကြပြီး ဒီလိုပွဲမျိုး သွင်းပြီး သန်းချီ အကုန်အကျခံ ငွေရှာတာ အံ့သြစရာ ကောင်းလှတယ် လို့လည်း သူက ဆိုထားပါတယ်။
ဒီလိုဝေဖန် ပြောဆိုနေကြတာနဲ့ ပတ်သက်လို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ ပွဲစီစဉ်သူက “ကျမတို့ အနေနဲ့ကတော့ ဘာမှ မပြောချင်ပါဘူး။ကျမတို့ ဒီလို လုပ်တယ် ဆိုတာကလည်း နိုင်ငံအတွက် တဖက်တလမ်းက လုပ်ပေးတဲ့ သဘောပါ။ ဒီမှာရှိတဲ့လူတွေ ဒီလိုမျိုး ကြည့်လို့ရပြီ၊ လုပ်လို့ရပြီပေါ့။ ကျမတို့ အဓိက ဖြစ်စေချင် တာကလည်း အခုလိုမျိုး ပွင်းလင်းလာတဲ့ အချိန်အခါမှာ မြန်မာ နိုင်ငံအနေနဲ့ ဒီလိုမျိုး လုပ်လို့ရတယ်ဆိုတာကိုပဲ ပြချင်တာပါ။ ကျန်တာတွေကတော့ ဘာမှမပြောလိုပါဘူး” လို့ ဆိုပါတယ်။
ဒီပွဲကြီး ကျီးနဲ့ ဖုတ်ဖုတ်ပဲ ဖြစ်မလား၊ ဝက်ဝက်ကွဲပဲ အောင်မြင်မလား ဆိုတာကတော့ စောင့်ကြည့်လို့သာ ပြောပါရစေတော့။
ဒီပွဲတော့မရဘူး
ဟိုပွဲကတော့ ပါမစ်မပေးဘူး ဒီပွဲကိုတော့ လုပ်ခွင့်မရဘူး ဆိုတာက မစပ်စုတို့ အရင် စစ်အစိုးရလက်ထက်မှာပဲ
ကြားဖူးတယ် ထင်တာပါ။
အခု ပွင့်လင်းလာပြီလို့ ဆိုကြတဲ့ ဒီမိုကရေစီ မြန်မာ နိုင်ငံတော်သစ်ကြီးမှာ မကြားဘူး လောက်တော့ဘူးလို့ ထင်ထားပေမယ့် အခုတော့ စတင်ပြီး ကြားရပါပြီ။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဆုံရှုံးပျက်ဆီးသွားခဲ့ရတဲ့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ဇွန်လ ၂၉ နဲ့ ၃၀ ရက်တွေမှာ ရန်ကုန်မှာရှိတဲ့ Junction မော်တင်၊ တော်ဝင် စင်တာ၊ Junction Square စတဲ့ ရှော့ပင်း စင်တာ ကြီးတွေမှာ လူစည်ကားမယ့် နေ့လည် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ သရုပ်ဆောင် အနုပညာရှင်တွေက အလှူငွေ လိုက်လံကောက်ခံဖို့ စီစဉ်ထားပေမယ့် လုံခြုံရေး အခြေအနေကြောင့် လို့ အကြောင်းပြပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က လုပ်ခွင့် ပိတ်လိုက်ပါတယ်။
“ကျနော့်အနေနဲ့ ခေါင်းထဲမှာ စဉ်းစားမိတာက လုံခြုံရေးဆိုတဲ့ဟာက ဘာကိုပြောတာလဲ။ ဘယ်အခြေအနေကို ပြောတာလဲ ဆိုတာ တွေးနေပါတယ်။ ဥပမာ ဒီစင်တာကြီးတွေက မလုံခြုံတာလား။ ဒါမှမဟုတ် တိုင်းပြည်က မလုံခြုံတာလား။ ကျနော်တို့ တကိုယ်ရေ တကာယက မလုံခြုံတာလားဆိုတာ ကျနော့် ခေါင်းထဲမှာ လောလောဆယ် မေးနေမိတဲ့ မေးခွန်းပါပဲ။ရခိုင်ဒေသမှာ ရှိတဲ့ တိုင်းရင်းသားတွေအတွက် ပိုပြီး စိတ်မကောင်းဖြစ်ရပါတယ်” လို့ ရန်ပုံငွေပွဲ ဖြစ်မြောက်ရေးစီစဉ်သူ ဒါရိုက်တာ ဝိုင်းက ဧရာဝတီကို ပြောပါတယ်။
ဒီရံပုံငွေပွဲကို အနုပညာရှင်ပေါင်း ၁၀၀ နီးပါးလောက် ပါဝင်အားဖြည့် ကူညီပေးဖို့ စီစဉ်ထားတာပါ။
ဒါပေမယ့် ကျပ်ငွေသိန်းချီတန်တဲ့ လက်မှတ်နဲ့ ရှိုးပွဲကြီးတွေကျတော့ လုံခြုံရေး အပြည့်ရှိတယ် ဆိုတဲ့သဘောပေါ့နော်။ တရားရတတ်မယ်ဆိုရင် မစပ်စုလည်း ဒီနိုင်ငံမှာ နေတာနဲ့တင် တရားပေါက်သင့်နေပါပြီ။ ခုတော့ ဒီလူတွေနဲ့ ဘယ်လိုမှ မုဒိတာ မပွားနိုင်သေးပါဘူး။
စစ်အစိုးရ လက်ထက်မှာ တုန်းကတော့ မစပ်စုကြားဖူးသလောက် ပွဲမိန့်မရဘူးဆိုရင် ရန်ပုံငွေပွဲလို့သာ အမည်တပ်လိုက် ပွဲမိန့်ရတယ်တဲ့။ ခုကျတော့ ပြောင်းပြန်ပါလားနော်။ ဒါလည်း မပွင့်လင်းရာကနေ ပွင့်လင်းလာလို့ အရာရာ ပြောင်းပြန် ဖြစ်ကုန်တယ်လို့ပဲ မှတ်လိုက်ပါတော့မယ်။ အနိစ္စ … အမြဲမှ မရှိပေပဲ။