မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ နှစ်အနည်းငယ်အတွင်းမှာ ပြည်တော် ပြန်သွားနိုင်တာကြောင့် လိုအပ်လာမယ့် အလုပ်သမား အခက်အခဲတွေအတွက် အမြန်ဆုံး ကြိုတင်ပြင်ဆင်ကြဖို့ လိုတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ Trang ခရိုင်စက်မှုဇုန် ဥက္ကဋ္ဌ Withee Supitak က ဇွန်လ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်းမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့ဆုံခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာတွေ အမိမြေကို လာမယ့်နှစ် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပြန်လာနိုင်ပြီး အလုပ်လုပ်နိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လုပ်ပေးနိုင်လိမ့်မယ်လို့ Mr. Withee Supitak က ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆို ထားပါတယ်။
“အထူးသဖြင့် ထုတ်ကုန်လုပ်ငန်းတွေမှာ ဒီရွှေ့ပြောင်း အလုပ်သမားတွေကိုပဲ မှီခို အားထားနေရတာကြောင့် အလုပ်သမား ပြတ်လပ်မှု အခက်အခဲဖြစ်လာမှာကို Trang က စက်မှု လုပ်ငန်းရှင်တွေက စိုးရိမ်နေကြတယ်” လို့ Mr. Withee Supitak က ဆိုပါတယ်။
Trang စက်မှုဇုံမှာ ထိုင်းနိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ တနံတလျားက ထိုင်းနိုင်ငံသားတွေကို ထိုင်းရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် အလုပ်အကိုင်တွေ ခန့်ထားပေးနေတာကြာပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူတို့ ဒေသနယ်မြေတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အရင်ကထက် ပိုရှိလာပြီး ဝင်ငွေနဲ့ လုပ်အားခကလည်း ဒီကပေးတဲ့ ပမာဏလောက်ရှိတော့ ကျနော်တို့ဘက်ကို အလုပ်လာရှာတဲ့ လူတွေ နည်းလာတယ်လို့ သူက ဆက်ပြောတယ်။
“ရွှေ့ပြောင်း အလုပ်သမားတွေဟာလည်း သူတို့ရဲ့ မိခင်နိုင်ငံကို ပြန်သွားကြမယ်ဆိုရင် တောင်ပိုင်း စက်ရုံလုပ်ငန်းတွေမှာ အစားထိုးနိုင်ဖို့ အပြောင်းအလဲတွေ အမြန်လုပ်ရလိမ့်မယ်။ ပြီးတော့ အလုပ်သမား နည်းပါးလာမှုကို တခြား စက်ယန္တယားတွေနဲ့ ဘယ်လို အစားထိုးမလဲဆိုတဲ့ နည်းလမ်းတွေလည်း အမြန် ရှာရလိမ့်မယ်” လို့ Mr. Withee Supitak က ဆိုပါတယ်။
ပြည်ပပို့ကုန်လုပ်ငန်းတွေမှာ ၁၀ ရာခိုင်နှုန်းက နေ ၂၀ ရာခိုင်နှုန်းအထိ ဆက်တိုက် အရှုံးပေါ်နေပြီး Trang ခရိုင်ရဲ့ စီးပွားရေးဟာလည်း ပုံမှန်ထက် နှေးကွေးနေကြောင်း၊ နိုင်ငံခြား တိုင်းပြည်ကနေ မှာယူတင်သွင်းရတဲ့ ရော်ဘာတို့၊ ဆီအုန်း တို့မှာလည်း အရှုံးပေါ်သလို ထိုင်းဘတ်ငွေဈေး ကျလာတဲ့အပြင် ပြည်တွင်း လယ်ယာထွက်ကုန်ပစ္စည်း ဈေးနှုန်းတွေကလည်း ကျလာတယ်လို့ သူက ဆက်ပြောထားပါတယ်။
“လူတွေဆီက ဆန္ဒမဲရဖို့ အစိုးရကလည်း အစောပိုင်းမှာ မူဝါဒပိုင်းလောက်သာ ကောင်းတာကြောင့် အစိုးရအပေါ်မှာလည်း ဒီက စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ မှီခိုလို့ မရဘူး။ ဒါကြောင့် လုပ်ငန်း လုပ်ကိုင်ရတာလဲ အဆင်မပြေဘူး” လို့ သူက ထောက်ပြပါတယ်။
ထိုင်းနိုင်ငံမှာ အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား သန်းချီရှိတဲ့အထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားက ၂ သန်းကျော်ရှိပါတယ်။
အဲဒီအထဲက ၁ သန်းကျော်ကိုသာ ထိုင်း-မြန်မာ အစိုးရတို့ ပူးပေါင်းပြီး အထောက်အထား စာရွက်စာတမ်း ထုတ်ပေးနိုင်ပါသေးပြီး တခြား တရားမဝင် ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အနည်းဆုံး ၁ သန်းကျော် ရှိနေသေးတယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောကြပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်က လာရောက်ပြီး အလုပ်ကြမ်းအလုပ် လုပ်ကိုင်နေတဲ့ အသက် ၂၂ အရွယ် မောင်နေအောင်ကတော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးတာရယ်၊ သူတို့ရဲ့ တောင်ယာတွေကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဝင်ငွေနဲ့ လုပ်အားခ ထိုက်သင့်တဲ့ ထိုင်းနိုင်ငံကို လာတာလို့ ပြောပါတယ်။
“လောလောဆယ်တော့ မြန်မာနိုင်ငံမှာ ပြောင်းလဲနေပြီလို့ သတင်းတွေမှာ ပြောပေမယ့် အလုပ်အကိုင်ရဖို့တို့ နောက် ပိုက်ဆံရဖို့ ဆိုတာတွေက ချက်ချင်းကြီး ဒီ ထိုင်းနိုင်ငံလောက် မရနိုင်လောက်သေးဘူးလို့ပဲ ကျနော်ထင်တယ်။ ကိုယ့်နိုင်ငံက ပိုအဆင်ပြေရင်တော့ ဒီထိုင်းထက် ပိုရရင်တော့ မြန်မာပြည်ပြန်မှာပေါ့” လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးစနစ်ဟာ လုပ်အားခသက်သာပြီး အောက်ခြေသိမ်း လုပ်ငန်းများမှာ လုပ်ကိုင်နိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားများရဲ့ လုပ်အားကို အကြီးအကျယ် မှီခိုနေကြရပါတယ်။