ဥရောပခရီးစဉ်အဖြစ် ၁၆ ရက်ကြာပြီးနောက် ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ်အထိ လမ်းတလျှောက် ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
“မနက်ပိုင်း ပထမပိုင်းလောက်က လေဆိပ်ဝင်းထဲနဲ့ မုခ်ဦးအဝင် ဂိတ်နားလောက်အထိပဲ လူတွေက ရှိသေးတယ်။ တဖြည်းဖြည်းနဲ့ များလာတာ အန်တီ ရောက်လာတဲ့အချိန် ၁၁ နာရီ ထိုးတော့မယ်ဗျ။ အန်တီ ထွက်လာတဲ့ အချိန်ပေါ့။ အဲဒီအချိန် ကျတော့ စောင့်နေတဲ့ လူတွေက တော်တော့်ကို များနေပြီ။ တလမ်းလုံးလည်း လာကြိုတဲ့ ကားတွေနဲ့ ပိတ်ကုန်တယ်။ နောက် လမ်းတလျှောက်လုံး တက္ကသိုလ် ရိပ်သာလမ်း အိမ်အနားအထိ လူက ထောင်သောင်းချီ ကြိုဆိုကြတာ” လို့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ဧရာဝတီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် အပြန်လမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးတင်ဦး၊ ဦးဝင်တင် အစရှိတဲ့ ခေါင်းဆောင်တွေသာမက တချို့ မြို့နယ်အလိုက် NLD တွေ၊ စွယ်စုံ အနုပညာရှင် ထွန်းအိန္ဒြာဗို၊ အဆိုတော် သျှီ၊ သရုပ်ဆောင် လူမင်းတို့လို့ ထင်ရှားသူတွေ၊ လူငယ်မျိုးဆက်သစ်တွေ၊ ရပ်ဝေးကလာသူ အရွယ်မျိုးစုံက NLD အလံတွေ ဝှေ့ရမ်းကာ ကြိုဆိုခဲ့ကြတာပါ။
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ TG 303 လေယာဉ် ခရီးစဉ်ဟာ ဒီမနက် ရန်ကုန် စံတော်ချိန် ၈ နာရီခွဲကျော် ဆိုက်ရောက်ရမှာ ဖြစ်ပေမယ့် ခရီးစဉ် အချိန်ရွှေ့လိုက်တာကြောင့် ၁၀ နာရီ ၅၀ မိနစ် ကျမှပဲ ရန်ကုန် လေဆိပ်ကို ဆိုက်ရောက်လာခဲ့တာပါ။
“အန်တီ့ကို ရိပ်ကနဲ မြင်တာနဲ့ လူအုပ်ကြီးက အမေစု ကျန်းမာပါစေ ဆုတောင်းလိုက်သံက ဘဝဂ်ညံသွားသလား ထင်ရတယ်၊ ကြက်သီးတောင် ထတယ်။ ဂုဏ်ပြုသင့်တာကို ဂုဏ်ပြုကြတာပါ။ ဘယ်သူ ဆော်သြလို့မှ မဟုတ်ပါဘူး။ အသိစိတ်နဲ့ လူတွေက လာကြိုဆိုကြတာ” လို့ ကိုနေမျိုးဇင်က ဆိုပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ်လမ်းတလျှောက် လမ်းဘေး ဝဲယာမှာ ကြိုဆိုသူတွေ အပြည့်မြင်ခဲ့ရပြီး NLD ပါတီဝင်တွေသာမက ဝန်ထမ်းတချို့ပါ နိုင်ငံတော်အလံများ ကိုင်ဆောင်ပြီး ကြိုဆိုကြောင်း၊ လူ ၁ သန်း ကြိုဆိုရေး လှုံ့ဆာ်မှုဟာ နာမည်ကြီးချင်လို့ မဟုတ်ဘဲ အကြောက်တရားများနဲ့ ပိတ်လှောင်ခံနေရတဲ့ ဝန်ထမ်းနဲ့ အခြားနိုင်ငံရေး နယ်ပယ်ပြင်ပက လူတွေ ပါဝင်လာစေဖို့သာ ဖြစ်ကြောင်း၊ ယနေ့ ကြိုဆိုမှု မြင်ကွင်းကြောင့် စိတ်ကြည်နူး ဂုဏ်ယူကြောင်းလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုနေမျိုးဇင်က ဆက်ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမာကီးက “ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကျနော်တို့ ဒီမိုကရေစီ အရေးတော်ပုံကြီးအတွက် ခေတ်သမိုင်းက ထိုက်ထိုက်တန်တန် ပေးအပ်လာတဲ့ လက်ဆောင်မွန်ပါ။ အစားထိုးလို့ မရနိုင်တဲ့ ခေါင်းဆောင်ပါ။ လူထုရဲ့ ချစ်ကြည်ညိုမှုကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့ လူထုခေါင်းဆောင်ပါ။ အခုလို လူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြတာဟာ သူ့အပေါ်မှာ ထားရှိတဲ့ လူထုရဲ့ ယုံကြည်ကိုးစားမှုကို လှစ်ပြလိုက်တာပါပဲ” လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာကို ကမ္ဘာကသိအောင် လုပ်ပြနိုင်ခဲ့ပါတာနဲ့ နိုင်ငံသားတွေအတွက် တကယ့် သံတမန်ကောင်းတဦး ပီပီ ကမ္ဘာတလွှားက မြန်မာတွေအတွက်ရော၊ မြန်မာပြည်တွင်းက လူတွေအားလုံး အတွက်ရော ကြိုးပမ်းပေးခဲ့တာဖြစ်ကြောင်း၊ ဒီ့အပြင် နိုင်ငံရေး သဘောတရားနဲ့ ဒဿနအမြင်များကိုလည်း နိုင်ငံတကာကို မိတ်ဆက်ပေးနိုင်ခဲ့တာတွေကြောင့်၊ နိုင်ငံတကာက အားကျလေးစားမှုတွေ ရခဲ့တာကြောင့် အခုလို သွားရောက် ကြိုဆိုဂုဏ်ပြုတာလို့ လုပ်ငန်းရှင်တဦးဖြစ်တဲ့ မကလျာက ပြောပါတယ်။
“ဒါက ဂုဏ်ပြုကြိုဆိုထိုက်တဲ့ သူကို ဂုဏ်ပြုတာ မင်္ဂလာတပါးပါ။ နောက် ဒါဟာ သမိုင်းပါ။ ကျမတော့ အရမ်း ဂုဏ်ယူတယ်။ ဒီနေ့ အံ့မခန်းကြိုဆိုတဲ့ လူတွေကိုလည်း အရမ်း လေးစားတယ်။ ကျေးဇူးလည်း တင်တယ်” လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုသူများ များပြားသလိုပဲ ဝတ်စုံပြည့်နဲ့ လက်နက်၊ ဒိုင်းများ တပ်ဆင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့အင်အားတွေလည်း ရာနှင့်ချီ ချထားပြီး လုံခြုံရေးတင်းကျပ်ထားကြောင်းလည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်ကို နေ့လယ် ၁၂ နာရီ ၄၀ မိနစ်လောက်မှာ ကောင်းမွန်ချောမောစွာ ပြန်လည် ရောက်ရှိလာပြီး ခရီးပန်းနေလို့ အနားယူနေတယ်လို့ နေအိမ်ခြံဝင်းအတွင်း အနီးကပ် လုံခြုံရေး တာဝန်ယူထားသူ တဦးဖြစ်တဲ့ ကိုကျော်စိုးလှိုင်က ပြောပါတယ်။
လွန်ခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ရန်ကုန် စတင်ထွက်ခွာသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ညီလာခံကို တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီနောက် နော်ဝေနိုင်ငံကို ခရီးဆက်ပြီး ၁၉၉၁ ခုနှစ်က ပေးအပ်ထားတဲ့ နိုဗဲလ် ငြိမ်းချမ်းရေး ဆုလက်ခံမိန့်ခွန်းပြောတာ၊ နောက် အိုင်ယာလန် နိုင်ငံ၊ ထိုမှတဆင့် ဗြိတိန်ကို ခရီးဆက်ပြီး ပါလီမန်မှာလည်း သမိုင်းဝင် မိန့်ခွန်းပြောခဲ့ပါတယ်။ နောက်ဆုံး ပြင်သစ်နိုင်ငံကို ရောက်ရှိခဲ့ပြီး အဲဒီကနေ မြန်မာပြည်ကို ပြန်ခဲ့တာပါ။
ခရီးစဉ်တလျှောက် သက်ဆိုင်ရာ နိုင်ငံအကြီးအကဲတွေ၊ ထင်ရှားသူတွေ၊ မြန်မာမိသားစုတွေနဲ့ သမိုင်းတွင်စေတဲ့ မိန့်ခွန်း စကားတွေလည်း ပြောကြားခဲ့ပါတယ်။
ယနေ့ ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇူလှိုင်လ ၄ ရက်နေ့မှာ နေပြည်တော်မှာ ပြန်လည် ကျင်းပမယ့် လွှတ်တော်အစည်းအဝေးများကို ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ စတင် တက်ရောက်တော့မှာ ဖြစ်ပါတယ်။