အစိုးရတပ်က ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့များကို လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသည်မှာ ၂ ရက်ခန့် ရှိပြီး ဖြစ်ကြောင်း SSA မြောက်ပိုင်းဗိုလ်မှူး စိုင်းလှက ယနေ့ ပြောဆိုလိုက်သည်။
အစိုးရတပ်၏ ပစ်မှတ်ထားခံရသည့် တပ်ဖွဲ့ဝင်များမှာ ရှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်း လှုပ်ရှားနေသော SSA မြောက်ပိုင်း တပ်ဖွဲ့ ဝင်များ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အစိုးရတပ်များက ယမန်နေ့မှ စတင်၍ ယနေ့အထိ ၁၂၀ မမ လက်နက်ကြီးများ အသုံးပြု၍ SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များရှိသည် ဟု ယူဆရသော နေရာများကို ခန့်မှန်ပြီး ပစ်ခတ်နေကြောင်း သိရသည်။
“တချို့ လက်နက်ကြီးတွေ သူများ လယ်ထဲ၊ ယာထဲကို ကျတယ်၊ အဲဒီလို လျှောက်ပစ်နေတဲ့ အတွက် ကျနော်တို့ အနီးအနား ရွာက ဒေသခံတွေ ရာချီပြီး ပြေးလွှားနေရတယ်။ တိုက်ပွဲနဲ့ လွတ်တဲ့ နေရာတွေဘက်ကို ပြေးနေရတယ်” ဟု ဗိုလ်မှူး စိုင်းလှက ဧရာဝတီသို့ ပြောသည်။
အစိုးရက လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသော်လည်း ၎င်းတို့က ပြန်လည် ခုခံတိုက်ခိုက်မှုများ မပြုလုပ်ကြောင်း၊ အခြေ အနေကို စောင့်ကြည့် လေ့လာ၍ ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခု ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တွင် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိထားပြီး နောက်ပိုင်းမှ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူး စိုင်းလှက ဆက်ပြောသည်။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့မှ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် SSA တို့သည် နှစ်ဘက် တပ်များ ပြန်ဆုတ်၍ အပစ်အခတ် ရပ်စဲထားရေး၊ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
“နှစ်ဘက်တပ်တွေကိုလည်း ဆုတ်ပေးပြီပြီ၊ ပစ်ခတ်မှုတွေ မလုပ်ခဲ့ဘူး၊ သူတို့က မလိုက်နာဘူးလေ၊ တပ်အင်အားတွေလည်း ထပ် ဖြည့်တယ်” ဟု ဗိုလ်မှူး စိုင်းလှက ရှင်းပြသည်။
ယင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် လတ်တလောတွင် SSA မြောက်ပိုင်းမှ ဗိုလ်ချုပ်ကြီး ပန်ဖက အစိုးရထံ ယမန်နေ့က စာပေးပို့ခဲ့သော်လည်း တစုံတရာ အကြောင်း ပြန်ကြားချက် မရရှိသေးကြောင်း သိရသည်။
SSA မြောက်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားသည့် အဖွဲ့ဖြစ်သည်။ ရှမ်းပြည်နယ်တွင် SSA တောင်ပိုင်း ဟူသော လက်နက်ကိုင် အဖွဲ့တခုလည်း ရှိသည်။
ပြီးခဲ့သည့် တပတ်ခန့်ကလည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ထားသော ကရင်နီ အ မျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် အစိုးရတပ်များ အကြား၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် မော်ချီးမြို့နယ်အတွင်းရှိ ဘွာဒိုကျေးရွာအနီး မော်ချီးမြို့နှင့် တောင်ငူမြို့သို့ ဆက်သွယ်ထားသော ကားလမ်း ဟောင်း အနီးတွင် အစိုးရ တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KNPP နှင့် KNU ခေါင်းဆောင်များက ပြောသည်။