မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်လာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူကာ စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အကျယ်အဝန်းအားဖြင့် ဧက ၉၀၀၀ ကျော် ရှိမည်ဖြစ်ပြီး ရန်ကုန်မြို့မှ မိုင် ၅၀ ကျော် ကွာဝေးသည့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပဲခူးမြို့နယ် ကျောက်တိုင်တန်း ကျေးရွာတွင် ဆောက်လုပ်မည် ဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လာမည်နှစ်ပိုင်းအတွင်း မြေပြင်ဒဏ် ခံနိုင်မှု အားနည်းကာ ဧည့်ဝင်ဆံ့မှု နည်းလာနိုင်သည့် အတွက် ယင်းကို အထောက်အကူ ပြုနိုင်စေမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အဖြစ် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လေဆိပ်ဆောက်လုပ်ရန် မြေဖို့လုပ်ငန်း ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊ ယင်း မြေနေရာတွင် ဆောင်ရွက် ရခြင်းမှာ လေကြောင်းလမ်း အဆင်ပြေမှု ရှိသည့်အပြင် မြေဧက ကျယ်ဝန်းခြင်း၊ လူနေအိမ်ခြေများနှင့် ဝေးခြင်း၊ လေယာဉ်ကွင်း အဖြစ် အသုံးပြုနိုင်သည့် မြေအနေအထားရှိခြင်း၊ မိုးလေဝသအရ အဆင်ပြေခြင်း၊ ရေ ထုတ်ယူနိုင်ရန် မဇင်းဆည် အနီး၌ တည်ရှိခြင်း လျှပ်စစ်ဓာတ်အား ရရှိရန် လွယ်ကူခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ရှင်းပြသည်။
“ဒီလေဆိပ်ပြီးသွားရင် ပြည်တွင်းပြည်ပ လေကြောင်းလိုင်း အားလုံး အဲဒီကို ပြောင်းမယ်။ ရန်ကုန်လေဆိပ်မှာ အစိုးရ လေကြောင်းလိုင်းနဲ့ ကုန်တင်လေယာဉ် တွေပဲကျန်မယ်” ဟု သူက ဆိုသည်။
လေဆိပ် တည်ဆောက်နိုင်ရန် အတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို စိစစ်မှုများနှင့် တကွ ခေါ်ယူမည် ဖြစ်ကြောင်း၊ လေဆိပ်စီမံကိန်းအတွက် ဗိသုကာလုပ်ငန်း၊ မြို့ပြလုပ်ငန်း၊ လျှပ်စစ်မီးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ လေကြောင်း ဆက်သွယ်ရေးလုပ်ငန်းနှင့် လေကြောင်း လျှပ်စစ်မီးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုသူ များအား ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း လုပ်ဆောင်လိုသူများသည် ငွေကြေး အင်အား ၁၀၀ ရာခိုင်နှုန်း တောင့်တင်းခြင်း၊ စက်ကိရိယာ ပြည့်စုံလုံလောက်မှု ရှိခြင်း၊ ကျွမ်းကျင် ပညာရှင်များစွာ ပါဝင်ခြင်း စသည့် အချက်များနှင့် ပြည့်စုံရမည် ဖြစ်၍ လုပ်ငန်း စိစစ် ရွေးချယ်ရန်အတွက် ဌာနနှင့် သက်ဆိုင်ခြင်း မရှိသော ကုမ္ပဏီ တခုကို ဖွဲ့စည်းကာ ပြည်ပမှ ပညာရှင်များ၊ ပြည်တွင်းမှ ဥပဒေ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များကို ငှားရမ်း ခေါ်ယူ၍ အရည်အသွေး စစ်ဆေး ထိန်းချုပ်ခြင်းများ ဆောင်ရွက် သွားမည် ဖြစ်သည်။
“ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းစုက ငွေကြေးအင်အား ၁၀၀ ရာခိုင်နှုန်း ရှိရမယ်၊ ကျန်တဲ့အချက်တွေ နဲ့လည်း ပြည့်စုံရမယ်၊ အစိုးရဘက်က ငွေကြေး လုံး၀ ထည့်ဝင်မှာမဟုတ်ဘူး။ လေဆိပ်မြေ ငှားရမ်းခကိုပါ ကောက်ခံသွားမှာပါ။ ကျမတို့က လုပ်ငန်းစု တခုကိုပဲ ရင်းနှီးမြုပ်နှံခွင့် ပြုမယ်” ဟု ပြည်တွင်းပြည်ပ ပြန်ကြားရေး တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။
ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ ခေါ်ယူရာတွင် မေးခွန်း ၁၁ ခုဖြင့် အကြိုစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ပြီး ယင်းအဆင့် အောင်မြင်သော လုပ်ငန်းစုများသာ ပထမ တင်ဒါခေါ်ယူခြင်း၊ ဒုတိယ တင်ဒါခေါ်ယူခြင်း ပြုလုပ်ပြီး နောက်မှသာ သင့်လျော်သည့် လုပ်ငန်းစုနှင့် သဘောတူ စာချုပ် ချုပ်ဆိုသွားမည်ဟု သိရသည်။
“လေဆိပ်လုပ်ငန်း အားလုံးအတွက် တပေါင်းတည်း ရင်းနှီးမြှုပ်နှံဖို့ လုပ်ငန်းတခုတည်းကို ခေါ်မယ်ဆိုတော့ အဆင်မပြေဘူး၊ ဖက်စပ် လုပ်မှပဲရမယ်” ဟု ဝါဝါ ဆောက်လုပ်ရေး ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် တဦးကပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် ရင်းနှီးမြှုပ်နှံမှု ခေါ်ယူရန် ပထမအဆင့် အနေဖြင့် အကြို အရည်အချင်း စစ်ဆေးခြင်းနှင့် ပတ်သက်သည့် ခေါ်ယူမှုကို လာမည့်ဇူလိုင် ၉ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများမှ တဆင့် ကြေညာမည် ဖြစ်ကြောင်း၊ ကြေညာပြီးသည့် နေ့ရက်မှစ၍ ၂ လအတွင်း MFTBဘဏ်တွင် အမေရိကန် ဒေါ်လာ ၁ ထောင် ပေးသွင်းကာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ဘဏ်ချလန်နှင့်အတူ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များ အပါအဝင် ပြည်တွင်းလေဆိပ်များ အဆင့်မြှင့်တင်မှု ဆောင်ရွက်ရာတွင် အစိုးရချည်း သက်သက် ဆောင်ရွက်ရန် အားနည်းချက်များ ရှိနေခြင်းကြောင့် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေရန် သက်ဆိုင်ရာ ဌာနများ ဆွေးနွေးကာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ယနေ့ ရှင်းလင်းပွဲတွင် ရှင်းပြသည်။
မြန်မာနိုင်ငံတွင် လေဆိပ်စုစုပေါင်း ၆၉ ခု ရှိပြီး လက်ရှိ အသုံးပြုနေသည့် လေဆိပ် ၃၃ ခုရှိကာ အရန်သင့် ထားသည့် လေဆိပ် ၃၆ ခုရှိကြောင်း၊ ပို့ဆောင်ရေးကဏ္ဍ မြှင့်တင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို အဆင့်မြှင့်သွားမည် ဖြစ်ပြီး အဆိုပါ လေဆိပ်များ အားလုံးအတွက်လည်း လာမည့် စက်တင်ဘာလမှ စတင်ကာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူ ဆောင်ရွက်ရန်အတွက် အစီအစဉ်များ ရေးဆွဲထားကြောင်း သိရသည်။