အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကွယ်လွန်ပြီဆိုတဲ့ ကောလာဟလသတင်းတခု လူမှုကွန်ရက် Facebook ပေါ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျံနှံ့ခဲ့ပါတယ်။
ဒီလိုမျိုး “သေပြီ” ဆိုတဲ့သတင်း ခဏခဏ ဖြစ်ဖူးပေမယ့် ခိုင်လုံတဲ့သတင်းရပ်ကွက်တွေရဲ့ အတည်ပြုချက်မပါဘဲ ကောလာဟလ ပြောဆိုကြတာမျိုးမို့ တကယ့်သတင်း မဖြစ်ခဲ့ပါဘူး။
တကယ် သူသေမသေ ဆိုတာကို နီးစပ်သူများနဲ့လည်း ဧရာဝတီက စုံစမ်းဖူးတာကြောင့် ရင်းနှီးသူတွေအဆိုအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အိမ်မှာအနားယူနေပြီး အားလပ်တဲ့အခါ စာဖတ်တယ်လို့ သိရပါတယ်။
အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြီးခဲ့တဲ့လ နေပြည်တော်မှာ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အများထင်မြင်သလို မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
“ဗိုလ်ချုပ်မှူးကြီးနဲ့ ကျနော်တို့ တွေ့နေတာပဲ။ ကျန်းမာရေးကောင်းပါတယ်။ အားရင်စာဖတ်တယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း မပါပါဘူး” လို့ ဦးဌေးဦးက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မိမိအပါအဝင် အစိုးရအဖွဲ့ဝင်တွေကို အမြဲတမ်း သွန်သင်ဆုံးမနေသူဖြစ်ပြီး မြို့တော်သစ် နေပြည်တော် ထူထောင်ရာမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအမြင်တွေကို အဘက်ဘက်မှ စဉ်းစားပြီး ထူထောင်ခဲ့တာလို့ ဦးဌေးဦးက ဆိုပါတယ်။
အခုတော့ သူတည်ထောင်ရာ နေပြည်တော်ရဲ့ ဗျူဟာကျပြီး သက်တောင့်သက်သာဖြစ်စေတဲ့ စံအိမ်ကြီးမှာ ဗိုလ်ချုပ်မှူးကြီးဟာ သူရဲ့ အငြိမ်းစား နောက်ဆုံးနေ့များကို ဖြတ်သန်းလို့နေပါပြီ။
ဒါပေမယ့်လည်း နောက်ကွယ်ကနေ အစိုးရအဖွဲ့ကို ကြိုးကိုင်နေသေးတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။
အနေအထိုင် ကျစ်လစ်ပြီး ဗျူဟာကျကျ တွေးခေါ်လုပ်ကိုင်တတ်တဲ့သူမို့ ဉာဏ်များသူလို့ သတင်းကြီးတဲ့ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေဟာ အခုလတ်တလော လူအများ ထောက်ခံနေကြတဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အပြောင်းအလဲတွေကို အချိန်မရွေး ပြန်ဖျက်သိမ်းသွားစေနိုင်တဲ့ သြဇာအာဏာရှိသူလို့ လူအများကမြင်တာ မဆန်းပါဘူး။
ဦးသန်းရွှေဟာ အရာရှိငယ်ဘဝက စစ်တုရင်ဝါသနာပါပြီး ကစားရာမှာ ခေါင်းအေးအေးနဲ့ ပြိုင်ဘက်အပေါ် အမြဲတမ်း အနိုင်ယူခဲ့သူတဦးဖြစ်တယ်လို့ စာရေးဆရာ ကိုကိုမောင်ကြီး (ခ) ဦးချစ်လှိုင်ကလည်း ဆိုပါတယ်။
၁၉၅၇ ခုနှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ်တဲ့ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးသင်တန်းကို နည်းပြဆရာ ဦးချစ်လှိုင် တာဝန်ယူ ပို့ချစဉ်က ဦးသန်းရွှေလည်း ဗိုလ်ကြီးဘဝနဲ့ တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ လက်ပွန်းတတီး နေထိုင်ခဲ့ကြပါတယ်။
ဗိုလ်ကြီးသန်းရွှေဟာ အနေအထိုင်ကျစ်လစ်ပြီး စကားနည်းသူ ဖြစ်ပေမယ့် နိုင်ငံရေးစိတ် ထက်သန်ကာ စာအလွန်ဖတ်သူတဦးဖြစ်ကြောင်းကို ထိုစဉ်ကတည်းက သတိထားမိတယ်လို့ ဦးချစ်လှိုင်က အခုလိုဆိုပါတယ်။
“သူ ဉာဏ်ကောင်းတယ်၊ တော်တယ်၊ အနေမှန်တယ်၊ ခိုင်းတာအကုန်လုပ်တော့ လူကြီးကြိုက်တယ်။ အားရင် ကျားပဲထိုးတယ်။ တခါတခါရွေ့ဖို့အရေး နာရီဝက်၊ တနာရီလောက် ကြာတယ်” လို့ ဦးချစ်လှိုင်က ပြောပါတယ်။
ဒီလို အရည်အချင်းတွေကြောင့် ဗိုလ်မှူးချုပ် စန်းယုက နှစ်သက်ပြီး ဗိုလ်ကြီး သန်းရွှေ ဘဝနဲ့ ပြင်ဦးလွင်အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး အရာရှိချုပ်အထိ တိုးမြှင့်ခြင်းခံရတယ်လို့ သိရပါတယ်။
အဲဒီကာလ ဦးသန်းရွှေရဲ့ နိုင်ငံရေးခံယူချက်က ကွန်မြူနစ်ဆန့်ကျင်ရေး သဘောထားဖြစ်ပြီး ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့ရဲ့တည်မြဲ ဖဆပလကို လိုလားသူတဦးပါ။ ဒါကြောင့်လည်း ၁၉၅၈ ခုနှစ် ရွေးကောက်ပွဲမှာ တခြားသော တပ်မတော်အရာရှိကြီးများ နည်းတူ တည်မြဲအနိုင်ရအောင် ဘက်လိုက် လုပ်ခဲ့တယ် ဦးချစ်လှိုင်က ပြောပါတယ်။
ထိုစဉ်ကတည်း အနေအထိုင် သိုသိပ်တဲ့ ဦးသန်းရွှေဟာ ၁၉၈၅ ခုနှစ်မှာ ဗိုလ်မှူးချုပ်အဆင့်နဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်၊ ၁၉၈၇ ခုနှစ်မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၁၉၈၈ ခုနှစ် ဇူလိုင်လမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်လာပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) မှာ ဒုတိယ စစ်ခေါင်းတဦးအနေနဲ့ ပါဝင်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီလမှာတော့ နဝတအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
နဝတအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီအတွင်းက ပြိုင်ဘက်တွေကိုလည်း တဖြည်းဖြည်းချင်း ဖယ်ရှားခဲ့ပါတယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး ထူးဆန်းစွာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရတာကြောင့် သူလက်ရာ မကင်းနိုင်ဘူးလို့ ယူဆကြပါတယ်။ ဒါ့အပြင် ၁၉၉၇ ခုနှစ်မှာ ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ်ချုပ်ကြီးများဖြစ်သော ကျော်ဘ၊ မောင်လှ၊ မျိုးညွန့်၊ စိန်အောင် စတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို အငြိမ်းစားပေးခဲ့ပါတယ်။
စစ်တပ်အပေါ် သြဇာညောင်းတဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းကိုလည်း သေသည့်တိုင် နေအိမ်အကျယ်ချုပ် ချထားခဲ့တဲ့အပြင် ၂၀၀၄ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လာဘ်စားမှုနဲ့ စွပ်စွဲပြီး နောက်ဆုံးပြိုင်ဘက်ကို ဖြိုခဲ့ပါတယ်။
အတွင်းက ပြိုင်ဘက်များကိုသာမက စည်းအပြင်က အတိုက်အခံ နိုင်ငံရေးသမားတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တတ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟာ ၂၀၀၃ မေလမှာတော့ ဒီပဲယင်းအရေးအခင်းကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံတိုက်ခိုက်မှုမှာ နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ အများက သင်္ကာမကင်းဖြစ်ခဲ့ကြတယ်။
ဒါအပြင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှုကိုလည်း ပြင်းပြင်းထန်ထန် ပစ်ခတ်နိမ်နင်းဖို့ ဦးဆောင်အမိန့်ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ နိုင်ငံတကာဖိအား ပိုမိုလာတာကြောင့် စစ်တပ် ၂၅ ရာခိုင်နှုန်းပါတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်နဲ့ ပြည်သူ တသိန်းကျော် သေကျေပျောက်ဆုံးနေစဉ်မှာပဲ အများပြည်သူရဲ့ ဝိုင်းဝန်းဝေဖန်မှုကို ခံနေရတဲ့ကြားက အတင်းအတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။
အဆိုပါ အခြေခံဥပဒေအရ ပြုလုပ်ခဲ့တဲ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာတော့ ဗိုလ်ချုပ်မှူးကြီး ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အဓိက အတိုက်အခံမရှိဘဲ အနိုင်ရခဲ့ပြီး သမ္မတ ဦးသိန်းစိန်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းများကို အုပ်ချုပ်ရေးအာဏာ အပ်နှင်းသွားခဲ့တယ်။
သူခင်းသွားပေးတဲ့ နိုင်ငံရေးလမ်းကြောင်းကို ကျေနပ်နေသလား၊ မကျေနပ်ဖူးလားဆိုတာကတော့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေကိုယ်တိုင်ပဲ သိမှာပါ၊ ဒါပေမယ့် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ မမြဲခြင်းတရားကို အာဏရှင်အိုကြီးတယောက် မျက်မှောက်ပြု နေရပြီဆိုတာကတော့ သေချာလွန်းလှပါတယ်။