ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေဟာ ပထမဆုံးအကြိမ် နှစ်ဘက် အပြန်အလှန် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပြီး နားလည်မှု တည်ဆောက် နိုင်ခဲ့တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
ဇူလိုင် ၁ ရက်နေ့က သူရဦးရွှေမန်းအပါအဝင် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌတွေနဲ့ ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေးနဲ့ ကိုအံ့ဘွယ်ကျော် တို့ဟာ ရန်ကုန်မြို့ ရွှေဂုံတိုင် တာဝါက ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ရန်ကုန် (ရုံးခွဲ) အစည်းအဝေးခန်းမမှာ ၂ နာရီပါးကြာအောင် အပြန်အလှန် ဆွေးနွေးခဲ့ ကြတာပါ။
ဆွေးနွေးပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ အသွင်ကူးပြောင်းရေး ဆိုင်ရာကိစ္စရပ်တွေ၊ အခြေခံ ဥပဒေပါ ဥပဒေနဲ့ နည်းဥပဒေ ကိစ္စတွေ၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကိစ္စတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ စတာတွေကို အလေးထား ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေက ဧရာဝတီကို ပြောပါတယ်။
“သူတို့ ဖြစ်နေတဲ့ အခက်အခဲတွေကို ကျနော်တို့ သိခွင့်ရတယ်။ နောက်တခါ လူထုကြားထဲမှာ ဖြစ်နေတဲ့ အခက်အခဲ ကိုလည်း သူတို့ သိခွင့်ရခဲ့တယ်။ အဲဒီတော့ အနာတွေကို အမှန်အတိုင်း ပြောကြတယ်။ သဘာဝကျတဲ့ နည်းလမ်းကို တကယ်ပဲ ရွေးကြရမှာကိုး။ အနာကို၊ အားနည်းချက်ကို ဒီအတိုင်း ၂ ဘက်စလုံး ပြောနိုင်ကြတာကတော့ အကျိုး ရှိပါတယ်” လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ စစ်ဘက်ရာထူး တာဝန်တွေကနေ အရပ်ဘက် တာဝန်တွေ ယူလာရတဲ့အခါ အခက်အခဲ ရှိတာကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရိုးရိုးသားသား အမှန် အတိုင်း ပြောဆိုဆွေးနွေးခဲ့ပါတယ်လို့ သူက ဆက်ပြောပါတယ်။
တချိန်က စစ်တပ်မှာ ဗိုလ်ချုပ်ကြီး အဆင့်ရာထူးနဲ့ စစ်ခေါင်းဆောင်တဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူရ ဦးရွှေမန်းဟာ လက်ရှိအခြေအနေမှာတော့ ပြုပြင်ပြောင်းလဲရေးအတွက် စိတ်ပါ လက်ပါ ဆောင်ရွက် နေတာကို တွေ့ရပြီး အဲဒီအပေါ်မှာလည်း ယုံကြည်မှုရှိတယ်လို့လည်း ကိုမြအေးက ဆိုပါတယ်။
ကိုမင်းကိုနိုင်ကလည်း “သူတို့ ကိုယ်တိုင် တသက်လုံး စစ်တပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ပြီး အမိန့်ပေးတဲ့ စနစ်နဲ့ပဲ ကျင်လည်လာတာ ဆိုတော့ အသွင်ကူးပြောင်းရေး လုပ်တဲ့အခါမှာ ကျင့်သားမရ သေးတာတွေ၊ နိုင်ငံတကာ လှည့်လာပြီးတော့မှ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အများကြီး သူတို့ လွှတ်တော်ထဲမှာ အလုပ်လုပ်ဖို့ လိုနေသေးတယ် ဆိုတာတွေကို ပြောပါတယ်။ အဲဒီလို ရိုးရိုးသားသား အမှန်အတိုင်းပြောတာကို ကျနော်တို့ သဘောကျတယ်” လို့ ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ ဘယ်အဖွဲ့အစည်း နဲ့မဆို လက်တွဲဖို့ အဆင်သင့်ရှိတာကြောင့် အခုလို တွေ့ဆုံဖြစ်ခဲ့ပြီး အဓိက ဆွေးနွေးဖြစ်တာကတော့ ကျန်ရှိ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စလို့ သူက ဆိုပါတယ်။
“နိုင်ငံရေး ယုံကြည်ချက်နဲ့ အလုပ်လုပ်ကြရင်း အမှုအမျိုးမျိုးတပ်ပြီး အဖမ်းဆီး ခံနေရတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီသမားတွေရဲ့ လွတ်မြောက်ရေးကို အလေးအနက် ထားပြီး ပြောခဲ့ပါတယ်။ သူတို့ဘက်ကလည်း ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတည်ဆောက်ရေးမှာ အင်အားတွေ ဖြစ်မယ်ဆိုရင် ဒီ အင်အားတွေကို အသုံးချဖို့ လိုလားပါတယ်။ သူတို့က ကျနော်တို့နဲ့ ပြောဆိုခဲ့တာတွေကို အလေးအနက်ထားပြီး ဆောင်ရွက်ပါလိမ့်မယ်” လို့ ကိုမင်းကိုနိုင်က ပြောတယ်။
ဒါကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် စာရင်းဇယားတွေ သေချာပြုစုနေပြီး တဦးမှ မကျန်ရအောင် ကြိုးစား လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ အများစုက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေပေမယ့် တချို့ လုပ်ထုံးလုပ်နည်း အားနည်းချက်တွေကို ပြုပြင် ပြောင်းလဲရေး မလုပ်လိုသူတွေက အသုံးချနေတယ် ဆိုတဲ့ အကြောင်းကိုလည်း ၂ ဘက် ဆွေးနွေး ခဲ့ကြတာပါ။
“အများအတွက် အကျိုးရှိတဲ့ ဥပဒေတခုကို ပြဌာန်းလိုက်ပြီ၊ ဒါပေမယ့် လက်တွေ့မှာ အကောင်အထည် ဖော်ဖို့ နည်းဥပဒေ မထွက်သေးဘူး။ အဲဒီအခါကျတော့ အလုပ်လုပ်လို့ မရဘူး။ အုပ်ချုပ်ရေး ယန္တရားဘက်က လူတွေက ဒါကို အကြောင်းပြပြီးတော့ အပြောင်းအလဲကို တကယ်မလုပ်ကြဘူး” လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
ဒါကြောင့်လည်း လာမယ့် လွှတ်တော်တွေမှာ ဥပဒေဆိုင်ရာ ပြင်ဆင် ပြဌာန်းနိုင်ရေးတွေကိုလည်း အကြံပြု ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
“ကျနော်တို့ ဖြစ်စေချင်တာ ဥပဒေ တခု ထုတ်ပြန် ပြီးရင် နောက်ထပ်ပြီး လိုက်လာပြီးတော့ နည်းဥပဒေကို ကာလ အကန့်အသတ် ဘယ်လောက်အတွင်းမှာ ဘယ်နှရက် အတွင်းမှာ အပြီးအပြတ် ရအောင်ထွက်ရမယ် ဆိုတာမျိုးကို အခုလာမယ့် လွှတ်တော်မှာ ဥပဒေ တရပ်အနေနဲ့ကို ပြဌာန်းပေးဖို့ ပြည်သူတွေ ကိုယ်စား ကျနော်တို့က အဓိက အလေးထားပြီး ပြောပြခဲ့တယ်” လို့ကိုမင်းကိုနိုင်က ဆိုပါတယ်။
ဦးရွှေမန်းနဲ့ လွှတ်တော် အကြီးအကဲတွေဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို လွှတ်တော်တွင်း ဝင်ရောက်နိုင်ဖို့၊ လာမယ့် ရွေးကောက်ပွဲတွေ ဝင်ဖို့ အထူးတလည် ဖိတ်ကြားခြင်း မရှိပေမယ့် လက်ရှိလုပ်ဆောင်နေတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ကိုတော့ တသဘောတည်း ရှိတယ်၊ သူရ ဦးရွှေမန်း ကိုယ်တိုင် ယုံယုံကြည်ကြည်နဲ့ လက်ခံတယ်လို့ သိရပါတယ်။
“အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ ကိစ္စကို သူကိုယ်တိုင် ယုံယုံ ကြည်ကြည်နဲ့ လက်ခံတာကတော့ ကောင်းမွန်တဲ့ အချက်တချက်ပါ” လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေ ရောက်နေကြတဲ့ မြန်မာ နိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး အတွက် ခိုင်မာတဲ့ ဥပဒေ အမိန့်ဒီဂရီ တရပ် ထုတ်ပြန်ဖို့ လိုအပ်ကြောင်းလည်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
“သမ္မတက စကားစပ်ရင် စပ်သလို ပြန်လာပါလို့ ပြောတယ်။ လက်တွေ့မှာကျတော့ တယောက်ချင်း သံရုံးသွားပြီး ခွင့်ပန်ရတယ်။ သံရုံးက ခွင့်ပြုတဲ့လူကတော့ ပြန်လာလို့ရပြီး ခွင့်မပြုတဲ့လူက ပြန်မလာနိုင်ဘူး။ ဘယ် စံနှုန်းတွေနဲ့ ခွင့်ပြုမယ်၊ ခွင့်မပြုဘူးဆိုတာ မသိရဘူး။ အဲဒါကြောင့် အားလုံး ပြန်လာနိုင်ဖို့ကို အမိန့် ဒီဂရီ တရပ် ထုတ်ပြန် နိုင်ဖို့ကောင်းတယ်” လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေရဲ့ တင်ပြဆွေးနွေးချက်တွေ အပေါ် သူရဦးရွှေမန်းက အပြုသဘော တုန့်ပြန်တယ်၊ တွေ့ဆုံဆွေးနွေးရေးက တိုးတက်မှု တစုံတရာ ရှိတယ်၊ ဒီအခြေအနေအတိုင်း တိုင်းပြည်ရဲ့ အနာဂတ် အလားအလာကို ဖန်တီးသွားချင်ပါတယ်လို့ ကိုမြအေးက ပြောပါတယ်။
ဆက်လက်ပြီး သူက “အခုအချိန်မှာ သူရဦးရွွှေမန်းနဲ့ ပတ်သက်ပြီးတော့ အကဲဖြတ်ပါ၊ ပြောပါဆိုရင် ယုံကြည်ပါတယ်၊ အခု ပြုပြင် ပြောင်းလဲရေး အတွက်ကို ဆန္ဒရှိရှိ၊ စိတ်ပါလက်ပါ ဆောင်ရွက်နေတဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ တယောက်လို့ ကျနော်မြင်ပါတယ်” ဆိုပါတယ်။
လက်ရှိအချိန်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည် ပြန်လည် တည်ဆောက်ရေး အတွက် အစိုးရနဲ့တကွ လွှတ်တော် အပါအဝင် ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုအားလုံးနဲ့
ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်လှစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အောင်သက်ဝိုင်း ပူးပေါင်းရေးသားသည်။