ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံများ နီးစပ်သည့်အပေါ် တရုတ်နိုင်ငံက စိုးရိမ်နေမှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ် အလေးထားကြောင်းနှင့် စနစ်ချင်း မတူသော်လည်း အိမ်နီးချင်းကောင်းများ အဖြစ် လက်ခံထားကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ အစဉ်တစိုက်ပဲ ကြိုးစားခဲ့ပါတယ်။ ဆက်ပြီးတော့ ကြိုးစားသွားမယ်။ ကြိုးစားသလောက် အသီးအပွင့် ရမယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ရန်ကုန် NLD ရုံးချုပ်တွင် ယနေ့ကျင်းပသော ဥရောပခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ခြင်း ဖြစ်သည်။
အရှေ့တိုင်း နိုင်ငံများက လာရောက် လည်ပတ်ရန် ဖိတ်ကြားပါကလည်း သွားရောက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပတ်သက်၍ ယခင်ကတည်းက ဆက်ဆံရေး ကောင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ သည် လွတ်လပ်ရေး ရပြီးကတည်းက ပါလီမန် ဒီမိုကရေစီကို ကျင့်သုံးခဲ့သည့် တိုင်အောင် တရုတ်နိုင်ငံ၏ ကွန်မြူနစ် အစိုးရကို ပထမဆုံး အသိအမှတ်ပြုသည့် အထဲ၌ မြန်မာနိုင်ငံ ပါခဲ့ကြောင်း ရှင်းပြသည်။
“အဲဒီတော့ စနစ်ချင်း မတူလို့ ဆက်ဆံရေး မကောင်းနိုင်ဘူး ဆိုတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အကြားမှာ အဲဒီအချိန်တုန်းက အင်မတန်မှ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ပြဿနာတွေ ဖြစ်ခဲ့ပေမယ့်လည်း အေးအေး ချမ်းချမ်း ဖြေရှင်းခဲ့ပါတယ်” ဟု သူက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က Burma ဟု မသုံးနှုန်းရန် ပြောဆို အသိပေးခြင်းနှင့် ရွေးကောက်ပွဲတွင် မမှန်မကန် သတင်းမေး တိုင်ကြားသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးဉာဏ်ဝင်းကို တရားစွဲဆိုလိုက်ခြင်းနှင့် ပတ်သက်၍ သတင်းထောက် တဦးက မေးမြန်းရာတွင် ၎င်းက နိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေး လုပ်ဆောင်သည်ဟု ပြောဆိုနေမှုအပေါ် မေးခွန်းထုတ်စရာများ ဖြစ်နေကြောင်း ပြောသည်။
“တကယ်ပဲ ဒီမိုကရေစီ ထွန်းကားရေးအတွက် လုပ်နေတယ်ဆိုတာ ဟုတ်ပါ့မလား” ဟု ဒေါ်အောင်ဆန်းစုကြည်က
မေးခွန်းထုတ်သည်။
တရားစွဲဆို ခံထားရသူ ဦးဉာဏ်ဝင်းကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်သည် ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့် သွားစေချင်သော လက္ခဏာဟု ထင်မြင်စရာဖြစ်ကြောင်း ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က Burma ဟု မသုံးနှုန်းရန် သတိပေးမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိချိန်တွင် ကမ္ဘာ့နိုင်ငံများက Burma ဟု သာသုံးနှုန်း ခဲ့ကြောင်း၊ Myanmar ဟူသော
အသုံးအနှုန်းကို ယခင် စစ်အစိုးရလက်ထက်တွင် ပြည်သူလူထု ဆန္ဒမပါဘဲ ပြောင်းလဲခဲ့ကြောင်း၊ ၎င်းအနေဖြင့် Burma ဟု ခေါ်ဝေါ် သုံးစွဲခြင်းမှာ ဥပဒေ ချိုးဖောက်ခြင်း မဟုတ်ဘဲ ဒီမိုကရေစီ သဘောသဘာ၀ အရ ကမ္ဘာတွင် တွင်ကျယ်သော အသုံးအနှုန်းကို သုံးနှုန်းခြင်းသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့် ဆိုတာက ဘယ်သူ့ကိုမှလည်း စော်ကားတာ မဟုတ်ဘူး။ အဲဒီတော့ အဲဒါကလည်း ဒီမိုကရေစီရဲ့ သဘောတရား၊ ဒီမိုကရေစီရဲ့ မူဝါဒနဲ့ ဆိုင်တယ်။ ကျမအနေနဲ့ ဒီမိုကရေစီကို ယုံကြည်လို့ ကျမ သုံးချင်သလို သုံးလို့ရတယ်လို့ မြင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောဆိုသည်။
ဦးဉာဏ်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် Burma ဟု သုံးနှုန်းခြင်းသည် ဥပဒေ ချိုးဖောက်မှု လုံး၀ မဟုတ်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
“ဒီကိစ္စ စာပို့တဲ့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုးကားပြီး ပြောတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပထမဆုံး ပြောချင်တာက ကျနော်တို့ လိုက်နာရမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေက မြန်မာပြည်မှာ တခုပဲ ရှိတယ်။ ဗမာလိုပဲ ရှိတယ်၊ ဗမာစာနဲ့ပဲ ရှိတယ်။ အင်္ဂလိပ်လို မရှိပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောနေတာက အင်္ဂလိပ်လို ပြောနေတာ။ အင်္ဂလိပ်လို ဖွဲ့စည်းပုံ အခြေခံဥပဒေ တိုင်းပြည်မှာ မရှိဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခြင်း ခံထားရသော နိုင်ငံရေးအကျဉ်းသား ၃၃၀
ကို အမြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ အားလုံးလွှတ်ပေးပါ။ ကျမတို့စာရင်းက ၃၃၀ ရှိတယ်။ ၃၃၀ စလုံး လွှွတ်ဖို့ တောင်းဆိုပါတယ်” ဟု သူက ဆိုသည်။
ဥရောပ ၅ နိုင်ငံသို့ လှည့်လည် သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်အတွင်း ဥရောပနိုင်ငံများ၏
မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအပေါ် ထောက်ခံကြိုဆိုမှုနှင့် ကူညီလိုသော စေတနာများ တွေ့မြင်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများ၏ စေတနာကို အသိအမှတ်ပြုကာ ပြောင်းလဲ လုပ်ဆောင်ခြင်းဖြင့်
ရလဒ်ကောင်းများ ရရှိမည်ဖြစ်ကြောင်း ပြောသည်။
“ဥရောပ ခရီးစဉ်ရဲ့ အကြီးမားဆုံး ရလဒ်ကတော့ နိုင်ငံတကာအနေနဲ့ ဒီနိုင်ငံပေါ်မှာ အများကြီး စေတနာရှိတယ်။ ဒီစေတနာက အကျိုးတွေ ဖြစ်ဖို့ဆိုတာက ဒီနိုင်ငံကလုပ်ယူရမှာ။ အဲဒီတော့ ရလဒ်ကိုတော့ ကိုယ့်ဟာကိုယ် ရအောင် လုပ်ယူရမယ်။ စေတနာ က အကျိုးဖြစ်အောင် ကိုယ့်ဟာကိုယ် ရအောင် လုပ်ယူရမယ်။ ဥရောပ နိုင်ငံ့ခေါင်းဆောင် တွေနဲ့ တွေ့တဲ့အခါမှာ အားလုံးက
ပြောတဲ့ စကားပေါ့နော်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်ကို လုံး၀ ထောက်ခံတယ်။ ဒီမိုကရေစီ ဖြစ်စဉ် စစ်မှန်ဖို့အတွက် တတ်နိုင်တဲ့ ဘက်ကနေ ဝိုင်းပြီး ကူညီကြမယ်လို့ ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားရေးကို နိုင်ငံအများစုက ဆိုင်းငံ့ လိုက်ကြပြီး
စီးပွားရေး ပိတ်ဆို့မှုများ အားလုံး ဖယ်ရှားရေးမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများပေါ်တွင်သာ မူတည်နေကြောင်း
၎င်းက ဆိုသည်။
ပညာရေး ကဏ္ဍနှင့်ပတ်သက်၍လည်း ၎င်းက ဥရောပနိုင်ငံများက ပညာရေးဆိုင်ရာ အကူအညီပေးရန် ကမ်းလှမ်းမှုများ ရှိနေရာ မြန်မာနိုင်ငံ အစိုးရက ပညာရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အရေးကြီးကြောင်း၊ အထူးသဖြင့် ပညာရေး အသုံးစရိတ် မြှင့်တင်ရန် လိုအပ်နေကြောင်း ပြောသည်။
ကျောင်းပညာရေး စနစ်ကို အခြေခံမှ စတင် ပြုပြင်ရာတွင် ဆရာ၊ ဆရာမများ ထံမှ စတင်ရမည် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမ များက ကောင်းမွန်စွာ သင်ကြားပေးနိုင်မှသာ ကျောင်းသူကျောင်းသား ကလေးငယ်များ ပညာ ကောင်းကောင်း တတ်မည် ဖြစ်ကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ မကြာခဏ စမ်းသပ်နေခြင်းသည် ကျောင်းသားများ အတွက် နစ်နာကြောင်း၊ ပညာရေးစနစ် တခုကို ယခုခေတ် ကမ္ဘာနှင့်လည်း ကိုက်ညီ၊ နိုင်ငံ၏ အခြေအနေနှင့်လည်း ကိုက်ညီစေရန် ပညာရှင်များနှင့် ဆွေးနွေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း သူက ဆိုသည်။
“ပညာရေးအတွက် အများကြီး ပိုသုံးဖို့ လိုတယ်။ ပညာရေးအတွက် ကိုယ့်နိုင်ငံက ပိုပြီးတော့ သုံးမှလည်း တခြားနိုင်ငံက တောင်းရတာ ကျမတို့ အနေနဲ့ လိပ်ပြာ သန့်တယ်လို့ ထင်ပါတယ်။ ကိုယ့်နိုင်ငံက ကိုယ့်ပညာရေးအတွက် နည်းနည်းလေး သုံးပြီးတော့ တခြားနိုင်ငံက ကူပါ၊ ကူပါဆိုရင် သိပ်ပြီးတော့ မသင့်လျော်ပါဘူး။ တခြားနိုင်ငံတွေ ဆီကလည်း အကူအညီတွေ ရသလောက် တောင်းမှာပဲ၊ လိုနေတာကိုး။ ကိုယ့်နိုင်ငံကလည်း ပညာရေးအတွက် မြှင့်တင်ပြီးတော့ သုံးစွဲဖို့လိုတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လွှတ်တော်တွင် တင်သွင်းမည့် အဆိုနှင့် ဥပဒေကြမ်းများကို ယခုအချိန်တွင် ထုတ်ဖော်ပြောဆို နိုင်ခြင်း မရှိသေးသော်လည်း
ပွင့်လင်း မြင်သာမှုနှင့် အားလုံးပါဝင်မှုဖြင့် အများပြည်သူ အပါအဝင် နိုင်ငံအကျိုး ဖြစ်ထွန်း နိုင်သော ဥပဒေများ ပေါ်ထွက်ရေး
အတွက် ဆောင်ရွက်မည်ဟု ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာနက လာမည့် လွှတ်တော် အစည်းအဝေးများတွင် တင်သွင်းရန်ရှိသည့် မီဒီယာဥပဒေကြမ်းနှင့် ပတ်သက်ပြီး သတင်းထောက် တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “ဥပဒေတွေ ဆွဲတဲ့အခါမှာ ပိုပြီးတော့ ပွင့်လင်း မြင်သာဖို့လိုတယ်။ ပါဝင်ပတ်သက်တဲ့ သူတွေက ဘာတွေပါလဲ သိရမယ်။ ပြည်သူတွေက သိရမယ်။ ဒီဥပဒေတွေက
တကယ်ပဲ ကျမတို့နိုင်ငံမှာ လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်ကို အားပေးရဲ့လား၊ ဘယ်လိုနည်းတွေနဲ့ ချုပ်ခြယ်ထားတာ ရှိလဲ။ မီဒီယာလောကက အသိဆုံးပဲ။ ကျမတို့လည်း သိဖို့လိုတယ်။ ကျမတို့ သိရုံနဲ့လည်း မပြီးသေးဘူး။ သတင်းစာနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို သတင်းသမားတွေသာ မက သတင်းစာဖတ်တဲ့ သူတွေလည်း သိပိုင်ခွင့်ရှိရမယ်” သူက ဖြေကြားသည်။
ဆက်လက်၍ ၎င်းက ထိုသို့ စာဖတ်သူများက သိရှိမှသာလျှင် သတင်းများကို မည်မျှ ဖြတ်တောက်ထားသည်၊ မည်သို့ ဖြတ်တောက်ထားသည်၊ မည်မျှ ပိတ်ဆို့ထားသည်၊ မည်မျှ လွတ်လပ်စွာ ရေးထားသည် ဆိုခြင်းကို လေ့လာသုံးသပ် နိုင်မည် ဖြစ်ကြောင်း ပြောသည်။
“ကျမတို့ လွှတ်တော်ထဲမှာ ရှိရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိမယ်၊ တတ်နိုင်သလောက် ကြိုးစားပြီး လုပ်သွားမယ်။
တတ်နိုင်သမျှ အားလုံးပါဝင်မှု၊ ပွင့်လင်းမြင်သာမှု နှစ်ခုကို ဆွဲကိုင်ပြီးတော့ အများပြည်သူ အကျိုးဖြစ်နိုင်မယ့်၊ နိုင်ငံကို
အကျိုးပြုနိုင်မယ့် ဥပဒေတွေ ပေါ်ထွက်လာအောင် ကြိုးစားမယ်” ဟု ၎င်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်လည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ရှားလို့ မဖြစ်ပါဘူး။ သူတို့နဲ့အတူ လက်တွဲပြီးတော့ လုပ်ရမှာလေ။ ကျမ ပြောပြီးပြီလေ၊ အစ ကတည်းက ဖယ်ရှားချင်စိတ်နဲ့ ဝင်သွားတာ မဟုတ်ဘူး၊ ပူးတွဲဆောင်ရွက်ဖို့၊ ပူးတွဲ ဆောင်ရွက်မှသာလျှင် ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်နိုင်မှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်နိုင်ဖို့ တပ်မတော်သားတွေနဲ့ ပူးတွဲ ဆောင်ရွက်မှ ရမှာပေါ့။ အဲဒါ စောင့်နေတယ်” ဟု သူက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍လည်း ဥပဒေ စိုးမိုးမှုရှိမှသာ အခြေအနေများ တည်ငြိမ် ဖြစ်ကြောင်း ဘာသာမတူ၊ ယဉ်ကျေးမှု မတူသည့် အစုအဖွဲ့များ ကြားထဲတွင် အဆင်ပြေစေရေးအတွက် လုပ်ဆောင် ရာတွင် အချိန်ယူရမည် ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်များအတွက် ဥပဒေစိုးမိုးရေးကို ရှေ့တန်း တင်ရမည်ဖြစ်ကြောင်း၊ မကြာခဏ ၎င်းကို မေးမြန်းခဲ့သည့်အတွက် ထိုကိစ္စနှင့် ပတ်သက်၍ ဥရောပတွင်လည်း တခေါက်မက ရှင်းပြပြီး ဖြစ်ကြောင်း၊ ဥပဒေကို ထိရောက်စေရန် လုပ်သည့် လုပ်ထုံးလုပ်နည်းများ အပေါ်၌လည်း မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“အဲဒီတော့ နိုင်ငံသား ဥပဒေကိုလည်း ကြည့်ရမယ်။ ဒီဥပဒေတွေက နိုင်ငံတကာ စံနှုန်းနဲ့ ညီလား၊ ဒါတွေလည်း ကြည့်ရမယ်။ ဒီဥပဒေတွေကို ထိထိရောက်ရောက် ဖြစ်အောင် လုပ်ရဲ့လား၊ တရားဥပဒေဘက်က ထိထိရောက်ရောက် လုပ်နိုင်လို့ရှိရင် ပြဿနာကြီးရာက နေပြီး ကျုံ့သွားနိုင်တယ်လို့ ယုံတယ်။ ပြဿနာ ပျောက်သွားမယ်လို့ ပြောတာ မဟုတ်ဘူး၊ ပြဿနာက ရှိနေဦးမှာ။ ဒါပေမယ့် မီးတောက်ကြီးကနေ ချက်ချင်းလက်ငင်း မီးပွားလေးအထိ ဖြစ်သွားအောင်တော့
လုပ်နိုင်တဲ့ အခြေအနေရှိတယ်လို့မြင်တယ်။ သေးတဲ့အမှု ကြီးသွားအောင်၊ ကြီးတဲ့အမှု ကိုင်တွယ်လို့ မရအောင် လုပ်တဲ့ ဟာမျိုးကိုတော့ မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံ ချင်ပါတယ်။ ကြီးတဲ့အမှု သေးအောင်၊ သေးတဲ့အမှု ပပျောက်အောင် ကျမတို့နိုင်ငံ အေးချမ်းသာယာရေးနဲ့ လူသားအားလုံး စိတ်လုံခြုံမှုကို ဦးတည်ပြီးတော့ လုပ်စေချင်ပါတယ်” ဟု
သူက ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၉ ရက်နေ့ လွှတ်တော်အစည်းအဝေး မတက်ရောက်ခင် ၎င်း မဲအနိုင်ရရှိခဲ့သည့် ကော့မှူးမြို့နယ်သို့ သွားရောက်ပြီး မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆို သွားသည်။