နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ အကျဉ်းထောင် အသီးသီးမှာရှိနေတဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း ၈၀ကို ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့မှာပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးလိုက်ရာမှာ နိုင်ငံရေးအကျဉ်းသား ၂၄ ဦး ပါတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသား အကျဉ်းသား ၄၆ ဦးကို သမ္မတအနေနဲ့ နိုင်ငံတော် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်စည်းလုံးရေး၊ နိုင်ငံရေးဖြစ်စဉ်တွေမှာ အားလုံးပါဝင်နိုင်ရေးနဲ့ လူသားချင်း စာနာ ထောက်ထားတဲ့အနေနဲ့ ပုဒ်မ ၄၀၁ (၁) အရ အခုလို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ကို ပေးလိုက်တယ်လို့ ဒီနေ့ထုတ် အစိုးရ သတင်းစာတွေက ဆိုပါတယ်။
နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦးကိုတော့ တွေကိုတော့ နိုင်ငံချင်း မိတ်ဖက် ဆက်ဆံနိုင်ရေး အတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးတာ ဖြစ်ပြီး ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရပါတယ်။
သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ် ပေးခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျဉ်းသားတွေ လွှတ်ပေးလိုက်တိုင်းမှာလည်း နိုင်ငံရေး အကျဉ်းသား ပါဝင်မှုဟာ ပျမ်းမျှ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။
အခု ပြန်လည် လွတ်မြောက်လာသူတွေ ထဲမှာ အခုအချိန်အထိ ရထားတဲ့ စာရင်းတွေအရ နိုင်ငံရေး အကျဉ်းသား ၂၄ ဦးထဲမှာ ရဟန်းတပါး အပါအဝင် အမျိုးသား နိုင်ငံရေး အကျဉ်းသား ၁၉ ဦးနဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၅ ဦး ပါဝင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ အားလုံး မြန်မာနိုင်ငံသားတွေ ချည်းပဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား အကျဉ်းသား အရေအတွက်နဲ့ တွက်ချက်မယ် ဆိုရင် အခုလွတ်မြောက်မှုမှာ နိုင်ငံရေး အကျဉ်းသား ၅၀ ရာခိုင်နှုန်းလောက် ပါဝင်တယ်လို့ ပြောနိုင်ပါတယ်။
အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာကို ကြိုဆိုပေမယ့် အရင် စစ်အစိုးရ အဆက်ဆက် ကလည်း နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှုတွေ ရှိခဲ့တယ် ဆိုတဲ့အကြောင်း၊ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်းမှာ ဆိုရင် အခု လွတ်ငြိမ်းခွင့်ဟာ ပဉ္စမမြောက် လွတ်ငြိမ်းခွင့် ပေးတာဖြစ်ပြီး နည်းလမ်း မှန်ကန်တဲ့ လွှတ်ပေးခြင်း မဟုတ်ဘူးတဲ့ အကြောင်း AAPP ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
“ပထမ အဆင့်က နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက် ရှိသလဲ၊ နိုင်ငံရေး အကျဉ်းသား ဆိုတာ ဘာလဲ၊ အစိုးရ အနေနဲ့ ထုတ်ပြန်ဖို့လိုတယ်။ နောက်ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ်ပြုပြီး ဂုဏ်သိက္ခာရှိရှိ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုတယ်” လို့ သူက ဆိုတယ်။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ဟာ ဆက်စပ်နေတဲ့ ကိစ္စဖြစ်တဲ့ အကြောင်း၊ AAPP စာရင်းအရ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော် ကျန်နေသေးကြောင်း သူက ဆက်ပြောပါတယ်။
“အခုလည်း ပုဒ်မ ၄၀၁ (၁) နဲ့လွှတ်ပေးတော့ ပေးကားပေး၏ မရ ဖြစ်နေတယ်။ အစိုးရအနေနဲ့ လွတ်မြောက် လာပြီးတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက မတရား အဖမ်းခံထားရတာနဲ့ ပတ်သက်လို့ လျော်ကြေး တခုခုပေးဖို့၊ နိုင်ငံသားအခွင့် အရေး ပေးဖို့လိုတယ်။ ပြန်လည် ပြုစု ပျိုးထောင်ရေးနဲ့ ပတ်သက်လို့ လုပ်သင့်တယ်” ကိုဘိုကြည်က ဆိုပါတယ်။
ဒီနေ့ နံနက်ပိုင်းက ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၃၃၀ ကျန်ရှိနေသေးတဲ့အတွက် အားလုံးကို လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို လိုက်ပါတယ်။
နိုင်ငံရေး အကျဉ်းသား စာရင်း ကောက်ယူမှုတွေမှာ သတ်မှတ်ချက်၊ အဓိပ္ပာယ် ဖွင့်ဆိုချက်အပေါ် မူတည်ပြီး စာရင်း ကွာဟမှု ရှိပေမယ့် အခုတော့ ကွာဟချက် ကျဉ်းမြောင်းလာတယ်လို့ ကိုဘိုကြည်က ဆိုပါတယ်။
ဒီနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထဲမှာ ကိုအေးအောင် (ကလေးထောင်)၊ ကိုအောင်အောင်ဦး(ကသာထောင်)၊ ကိုအောင်ကျော်မိုး (မြစ်ကြီးနားထောင်)၊ ကိုပြည့်ဖြိုးအောင်(ပြည်ထောင်)၊ ကိုသန်းဇော် (သရက်ထောင်)၊ NLD ရေတာရှည် လွှတ်တော်အမတ် ဒေါက်တာ ကျော်ကျော် (မြင်းခြံထောင်) နဲ့ ရန်ကုန် အင်းစိန်ထောင်က ဇော်ဝင်းအောင်၊ စောဝီလျံ (ခ) မြင့်ကြိုင်၊ အေးသိန်း (ခ) ရန်နိုင်၊ ထွန်းမြတ်သူ၊ အောင်မိုးဇော် (ခ) မိုးသီးနဲ့ စောဖရန်စစ်တို့ ပါဝင်ပါတယ်။
ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်လွတ်မြောက်ရေးအတွက် ပြည်တွင်း ပြည်ပမှာ ရှိကြတဲ့ အဖွဲ့အစည်း အသီးသီးက နည်းလမ်းအသွယ်သွယ်နဲ့ ဆက်လက်လုပ်ဆောင် သွားကြမယ်လို့ သိရပါတယ်။